Thursday, March 28, 2013

တို့မန္တလေးကလေ

တို့.............. မန္တလေးကလေ....
မန္တလေးကို တနှစ်လောက် လာနေကြည့်ပါ။ တန်ခူးလမှာဆိုရင်တော့ ဂန္တ၀င်တွင်အောင် ချစ်စရာကောင်းတဲ့ မန္တလေးသင်္ကြန် သင်ခံစားရလိမ့်မယ်။ ကဆုန်နွေပူပူ ဆိုရင်တော့ ပျင်းစရာကြီးလို့ မထင်နဲ့ဗျ။ ဗောဓိကုန်းမှာ ဒုတိယသင်္ကြန်ကိုခံစား၊ လမ်းတလျှောက် တိုက်တဲ့ အအေးတွေ အ၀သောက်ပြီး ရွှေကြက်ယက် ညောင်ရေသွန်းပွဲ သွားနွှဲလို့ရတယ်။ သင်္ကြန်ကစ ဆက်တိုက်ကဲခဲလို့ နယုန်မှာ ခဏနား အဲမကြာပါဘူး ၀ါဆိုလပြည့်လည်းကျော်ရော "အိုတောင်ပြုံးခေါ် ပွဲတော်ကြီးနီးလာပြီ"ပေါ့။ ၀ါခေါင်လဆန်းလည်းရောက်ရော အသိနတ်ကတော်တွေဆီဝင် ရိုးရာတင်ပြီး ဧည့်ခံကျွေးမွေးတာတွေစား ကောင်းလိုက်တဲ့ ငါးငရုပ်သီးကြော်ဗျာ။ တောင်ပြုံးမှာ မကဲခဲ့ရလို့လည်း စိတ်မပူနဲ့။ ၀ါခေါင်မှာတောင်မြို့(အမရပူရ) ရတနာ့ဂူပွဲမှာ ငှက်လှေစီးရင်း ဘီယာသောက်လို့ရတယ်။ဦးပိန်တံတားကို အရောက်သွား တောင်မြို့သူလေးတွေ ငေးလို့ရတယ်။ တော်သလင်းနွေ ပုဇွန်သေဆိုလို့ မန္တလေးနွေကို ကြောက်မနေနဲ့ဦး။ အလှမ်းမဝေးတဲ့ ပြင်ဦးလွင်မှာ သက်တောင့်သက်သာ အသာနား။ အပြန်ပဲစိမ်းကြော် တကျွတ်ကျွတ်ဝါးပြီး ဆင်းလာလို့ရတယ်။ သီတင်းကျွတ်တော့ တဒိုင်းဒိုင်းဖောက်နေတဲ့ ဗျောက်ဖောက်သံတွေကြား မဟာမုနိသွားမလား၊ ကုသိုလ်တော်ဘုရားပွဲကြီးသွားပြီး ဖိုးချစ်တို့ စွမ်းဇာနည်တို့ကြည့်မလားရတယ်။ တန်ဆောင်မုန်းကျရင်တော့ အနွေးထည်လှလှလေးတွေနဲ့ ရှိုးထုတ် လှပလွန်းတဲ့ဧရာဝတီမြစ်ကြီးကို ဖြတ်ကျော်ကာ စစ်ကိုင်းတောင်ကို အရောက်သွား ကထိန်ပွဲတော် နွှဲပျော်ကြမယ်။ နတ်တော်ပြာသို ချမ်းချမ်းစီး မြို့ပေါ်ဘုရားပွဲလုပ်တဲ့ရပ်ကွက်တွေဆီက ဧည့်ခံမုန့်တွေစားကာ ဇာတ်ပွဲကြည့်လို့ရတယ်။ တပို့တွဲလပြည့်မတိုင်ခင်ညမှာ သင်နေတဲ့အိမ်ကို ထမင်းနဲတထုပ်ရောက်လာလိမ့်မယ်။ မနက်စောစော ဘုရားဆွမ်းတော်တင်ဖို့ မိတ်ဆွေတွေက လာပေးတာပါ။ ဆွမ်းတော်ချပြီးရင်တော့ ရေနွေးနဲ့ ဗယာကြော်ယူ တွဲစပ်ကာ အသားကုန်သာဆွဲပေတော့။ တပေါင်းလ ပူစစမှာ ဂျင်းစိမ်းတို့ဌာနေ ရွှေစာရံဘုရားပွဲတော်ကြီးကို သွားလိုက်ပါဦင်္း။ ငါးကြီးဆိပ်မှာပဲ ခပ်မြုးမြူးသီချင်းတွေနဲ့အတူ ယမကလေးသောက်ပြီး အေးစက်လွန်းတဲ့ ဒုဌ၀တီမြစ်ရေ အတုချိုးလို့ရတယ်။ အပြန် မုန့်ခေါင်းအုန်း၊ ထန်းရွတ်ပုတီး၊ ထန်းရွက်ငါးလေးတွေနဲ့ မချစ်ရင်ပစ်မယ်လို့ ရေးထားတဲ့ ၀ါးသေနတ်ကြီးတွေ ပြီးတော့ ရှမ်းရွာလေးတွေကနေ ဆင်းလာရောင်းတဲ့ ရိုးရာလက်မှူပစ္စည်းတွေ ၀ယ်လာလို့ရတယ်။ .........
တခုပဲ.....တခုပဲ....... ဆိုင်ကယ်တွေ စည်းကမ်းမရှိ မောင်းချင်သလိုမောင်းနေလို့ သေဂျင်းဇိုးနဲ့ သေနေကြတာပဲ ရှိတယ် ....သိတယ်မလား .....တို့မန္တလေးကလေ..

No comments:

Post a Comment

စိုမှာစိုးသည် မိုးရာသီ

သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့   မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...