Saturday, June 14, 2014

ရန်ခုန်ဖွယ် ကမ္ဘာကျော်တံတားသို့ တဒင်္ဂ


နံနက် ၄ နာရီဝန်းကျင် ဝေလီဝေ လင်းအချိန်။ မန္တလေးမြို့ကြီး၏ အစိတ်အပိုင်းတော်တော်များများ က အိပ်မောကျနေသော်လည်း မန္တလေးဘူတာကြီးကတော့ တက် ကြွစွာနိုးထလှုပ်ရှားနေပြီဖြစ် သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းကုန်စည်စီးဆင်းရာ ဗဟိုချက်မတစ်ခုဖြစ်သည့် မန္တလေး ဘူတာကြီးသည် မည်သည့်အခါမှ အိပ်စက်ခြင်းမရှိခဲ့။
ရက်တွေက မန္တလေးဘူတာ ကြီး၏ သက်ဝင်လှုပ်ရှားမှုကို ခပ်လှမ်းလှမ်းမှသာ  ငေးကြည့်ခဲ့ဖူး သော်လည်း   ယနေ့နံနက်တွင် တော့   ကျွန်တော်တို့   လူသိုက် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီဖြစ်သည်။
စင်္ကြံအလိုက်သွားလိုရာခရီး အတွက် ခရီးသည်များ လှုပ်လှုပ် ရွရွပျော်ဝင်နေသလို ကျွန်တော် တို့ လူသိုက်သည်လည်း အမှတ် (၄) စင်္ကြံရှိ မန္တလေး-လားရှိုး ရထားဘေးတွင်   လှုပ်လှုပ်ရွရွ။ ရောက်ရှိပြီးသူများကို   လူစစ်ရ၊ မရောက်သေးသူများအတွက် စိတ်ပူရ၊ ဖုန်းလှမ်းဆက်ရနှင့် ကျွန် တော်တစ်ယောက်တည်း ဗျာများ နေသည်။
ထိုစဉ် မီးရထားဝန်ထမ်း အချို့က ခရီးထွက်ခွာရန် အဆင် သင့်ဖြစ်ပြီဆိုသည့်သဘောဖြင့် ရထားဘေးတွင် နေရာယူလာကြ ပြီဖြစ်သည်။ ထို့နောက် ရထားကြီး က တရွေ့ရွေ့စတင်ထွက်ခွာပါ တော့သည်။ ရထားစထွက်ချိန်မှ လူစုံအောင်ရောက်လာသဖြင့် ကျွန်တော်လည်း သက်မချနိုင် တော့သည်။
နောက်ကျသူတွေကပြော သည်။ ‘‘ရထားက ဘယ်တုန်းက အချိန်မှန်လို့တုံး။ ဒီနေ့ကျမှ ထူး ထူးဆန်းဆန်း’’တဲ့ ဟုတ်လည်း ဟုတ်သည်။ မြန်မာ့မီးရထားက ဘယ်တော့မှ စောထွက်တယ်ဆို တာထုံးစံမရှိ။ မိနစ်ပိုင်း၊ နာရီပိုင်း ကြာနောက်ကျမှ ထွက်လေ့ရှိတာ ဆိုတော့ အားလုံးကလည်း အချိန် ကိုက်ထွက်လိမ့်မည်ဟု ထင် မထားဘဲ ပေါ့ပေါ့လေးသဘော ထားခဲ့ကြသည်။ မန္တလေး-လားရှိုး ရထားကြီးကတော့ ၄ နာရီတိတိ တွင် စံတော်ချိန်တိကျစွာထွက်နိုင် ခဲ့ပါသည်။ ရထားပြတင်းပေါက် ကနေ မန္တလေးမြို့ကို ကြည့်လိုက် မိသည်။ ညကရွာထားသည့် မိုးကြောင့် နှစ်ခြိုက်စွာအိပ်မောကျ နေတုန်း။
မန္တလေး-လားရှိုးရထားက ပုံမှန်လေးတလှုပ်လှုပ်ဖြင့် ခုတ် မောင်းနေသည်။ ကျွန်တော်တို့ အဖွဲ့က လားရှိုးအထိ လိုက်မှာ တော့မဟုတ်။ ပြင်ဦးလွင်နှင့် လားရှိုးကြား  ကမ္ဘာကျော်ဂုတ်ထိပ်တံတားဆီ   လိုက်ပါနေကြခြင်း ဖြစ်သည်။ ဂုတ်ထိပ်တံတား၏ အလှအပတွေကိုတော့ ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးသည်။ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှမသွားဖူး သေး။ စရိတ်စကလည်း သိပ်မကုန်ဘူးဆိုတာကြားရတော့ စိတ်ဝင်စားသူတွေ စုသွားဖို့တိုင်ပင်ကြသည်။
အားလုံးပေါင်း ၁၇ ယောက်။ မန္တလေးဘူတာကြီးကနေ အထက် တန်းတွဲဖြင့် လိုက်ပါခဲ့ကြသည်။ အထက်တန်းလက်မှတ်တစ်စောင် ကို ကျပ် ၅,၅၅၀ ကျသည်။ တကယ်တမ်းဂုတ်ထိပ်ကိုသွားချင် သည်ဆိုလျှင် ပြင်ဦးလွင်အထိ အဆင်ပြေရာဖြင့်တက်။ ပြင်ဦး လွင်ဘူတာကမှတစ်ဆင့် ဂုတ်ထိပ် ဘူတာအထိရထားဖြင့် ခရီးဆက် လျှင်လည်းရပါသည်။ သို့သော် မိမိတို့တစ်တွေက ပြင်ဦးလွင်ကို ဆိုင်ကယ်တွေ၊ ကားတွေဖြင့် ပလူ ပျံအောင်သွားခဲ့ကြသော်လည်း ရထားဖြင့် တစ်ကြိမ်မှ မသွားဖူး ၍ စီစဉ်လိုက်ရခြင်းဖြစ်သည်။
မန္တလေးမြို့တွင်းကနေ မြို့ ပြင်ရောက်လာချိန်အထိ အလင်း ရောင်ကသဲကွဲစွာမရှိသေး။ ရထားပေါ်မှာအဖွဲ့လိုက်မို့ စကြနောက်ကြဖြင့် ဆူညံနေသည်။ ခဏကြာလာတော့ မောကြပြီထင်သည်။ အားလုံးငိုက်မျဉ်းလာကြသည်။ ရထားကတော့ တဂျုန်းဂျုန်းဖြင့် ခုတ်မောင်းနေဆဲ။
‘‘သရက်သီးမှည့်ရမယ် သရက်သီးမှည့်’’ ‘‘ရေအေးအေးလေးရမယ်’’
ဆူဆူညံညံအသံတွေနဲ့အတူ ရထားက အရှိန်တဖြည်းဖြည်း လျော့ကာ ရပ်သွားသည်။ ပြတင်းပေါက်ကနေကြည့်မိတော့ ဘူတာတစ်ခုသို့ ရောက်နေခြင်းဖြစ်သည်။ နာရီကိုကြည့်လိုက်မိတော့ ၅ နာရီကျော်ကျော်။အလင်းရောင်က ခပ်ပျို့ပျို့လေးထွက်ပေါ်စပြုလာသည်။ ခပ်သေးသေးဘူတာရုံလေး နဲ့အတူ ဈေးသည်အချို့ကိုတွေ့ရ သည်။ ဆည်တော်ဆိုတဲ့ ဘူတာလေးဖြစ်သည်။ အများစုကတော့ သရက်သီးသည်တွေ၊ အငွေ့ တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းနှင့် ကောက်ညှင်းပေါင်းဇလုံကြီးဘေးတွင် အကြော်စုံဗန်းကြီးကလည်း စားချင်လာအောင် ဆွဲဆောင်နေသည်။ ကျွန်တော်တို့အဖွဲ့ထဲက ညီမတွေက ကောက်ညှင်းပေါင်းနဲ့ အကြော်စုံတော်တော်များများ ဆင်းဝယ်သည်။ ကောက်ညှင်းပေါင်းကတစ်ထုပ်တစ်ရာ။ အကြော်က တစ်ရာဖိုးသုံးခု။ တစ်ယောက်နှစ်ရာဖိုးနဲ့ ဗိုက်တွေဝသွားသည်။ ရထားဘေးမှာ ရေပုံးတွေ ကိုယ်စီနဲ့ ရေလာရောင်းနေသည့် ကလေးတွေဆီတော့ ဝယ်သူမရှိ။ ဟိုယခင်ရေသန့်ဘူးမပေါ်ခင် အချိန်ကတော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ခုအချိန်မှာတော့ ရေသန့်ဘူးယဉ်ကျေးမှုကြား ရေသည်လေးတွေ ခေါင်းမထောင်နိုင်ကြတော့။ ရထားလည်းစထွက်ရော ထိုရေသည်လေးတွေ ကိုယ့်ရေပုံးကိုယ်သွန်ပြီးအိမ်ပြန်ကြပါလေတော့သည်။
ဆည်တော်ဘူတာကနေ စထွက်ချိန်မှစတင်ကာ ရထားက အတက်ခရီးဖြစ်လာခဲ့သည်။ အချို့နေရာတွေမှာ လွန်းထိုးကာတက်ရသည်။ ရထားကိုနောက် ပြန်ဆုတ်ကာတက်ရခြင်းဖြစ်သည်။ စိမ်းညို့ညို့တောင်တန်းကြီးတွေကြား ရထားတစ်စင်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြင့် လွန်းထိုးတက်နေသည်မှာ ရင်ဖိုစရာကောင်းလှသည်။ ရထားက ဂူကြီးတွေထဲရောက်သွားလိုက်၊ တောင်ကြားတွေထဲရောက်သွား လိုက်ဖြင့်တာဝန်ကျေစွာခုတ်မောင်းနေသည်။ အနီးစခန်းကျော်လာတော့ မြေသားနီနီလေးတွေ စမြင်လာရသည်။ မေမြို့ပန်းစိုက်ခင်းလေးတွေလည်း တွေ့လာရသည်။  ပြင်ဦးလွင်ဘူတာရောက်တော့ နံနက် ၈ နာရီဝန်းကျင်ရှိပြီ။  ပြင်ဦးလွင်ဘူတာမှာတော့ ဂုတ်ထိပ်တံတားလိုက်မယ့်သူတွေ တော်တော်များများတက်လာကြ သည်။ အများစုကတော့ နိုင်ငံခြား သားတွေ။ ပြင်ဦးလွင်မှာ ခေတ္တ ရပ်နားပြီး ရထားကပြန်ထွက် သည်။ ရထားလမ်းဘေးမှာ အပင် တွေက  တော်တော်များများကို ပေါက်နေသည်။ ရထားကြီးက သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေ ကြား    အတင်းဖြတ်သန်းနေရ သည့် ပုံစံဖြစ်နေသည်။  ရထား ပြတင်းပေါက်မှတစ်ဆင့် သစ်ကိုင်းများ  တဖျပ်ဖျပ်  လာရိုက်ခတ် သည်။ ပြင်ပရှုခင်းကို ကြည့်ချင်တာတောင် မျက်နှာကို သစ်ကိုင်းလာရိုက်မည်စိုး၍   သတိထားရသည်။  သစ်ပင်တွေလွတ်သွားတဲ့ အချိန်မှာတော့  ပြတင်းပေါက်မှ တစ်ဆင့် မြင်တွေ့ရတဲ့ မြင်ကွင်းတွေက  လွမ်းမောစရာကောင်းလှ သည်။
       မြင့်မားစိမ်းစိုနေသည့် တောင် တန်းတွေ၊ အရိပ်အာဝါသကောင်း လွန်းလှတဲ့ သစ်ပင်အုပ်အုပ်ဆိုင်း ဆိုင်းကြီးတွေ၊ အစိမ်းရောင်ကော် ဇော်ကြီးခင်းထားသလို ပြန့်ပြူးစိမ်း စိုနေတဲ့ စိုက်ခင်းတွေက စိတ်နှလုံး ငြိမ်းချမ်းစေသည်။
ထိုမြင်ကွင်းများကို ဖြတ်သန်းလာသည့် လေနုအေးလေးတွေက စိတ်ကို လန်းဆန်းစေပါသည်။ ရှုခင်းတွေကြည့်လိုက်၊ အစားအသောက်တွေစားလိုက်၊ အပေါင်းအသင်းများဖြင့် စကားပြော စနောက်လိုက်ဖြင့် ပျော်စရာကောင်းနေခဲ့ပါသည်။
နံနက် ၁၁ နာရီဝန်းကျင်မှာ တော့ နောင်ချိုဘူတာသို့ ရောက်လာခဲ့သည်။ ‘‘ထမင်းရမယ်၊ ထမင်းရမယ်’’ ဆိုသည့် အသံတွေ ကြားရသည်။ ရထားပေါ်ကဆင်းပြီးစနည်းနာကြည့်မိသည်။ တစ်နေရာတွင် လူတွေဝိုင်းအုံနေသည်။ သွားကြည့်မိတော့ ထမင်းရောင်းနေတာတွေ့ ရသည်။ အင်ဖက်ကြီးကြီးဖြင့် ထည့်ထားသော ထမင်းဖြူပေါ် တွင် ကြိုက်နှစ်သက်ရာဟင်းကို ထည့်ပေးခြင်းဖြစ်သည်။ ဆန်လေး တွေကကော့ပျံနေသည်။ ကြက် သားဟင်းနှင့် သုံးပွဲမှာလိုက်သည်။ အင်ဖက်ထဲမှ ထမင်းဖြူဖြူပေါ် တွင် ကြက်သားချက်တွေ ပုံပေး သည်။ ဆီလည် ရေလည် ချက် ထားသော ကြက်သားဟင်းရည် ရွှဲရွှဲလေးဆမ်းပေးသည်။ သရက် ချဉ်သုပ်နှင့် ခရမ်းချဉ်သီး ချက်လေး တွေ  ထည့်ပေးသည်။ ပလတ် စတစ်ဇွန်းအဖြူတစ်ချောင်းစီပေး သည်။ တစ်ပွဲမှရှစ်ရာတဲ့။ ထိုင်ခုံ လက်တန်းထဲက စားပွဲခုံလေးတွေ ထုတ်ကာစားကြသည်။ ဇွန်းမရတဲ့ သူတွေကတော့ လက်ဖြင့် တွယ် ကုန်ကြသည်။ အင်ဖက်စိမ်းစိမ်း အနံ့ပေါ်က ကြက်သားရည်ဆမ်း ထားတဲ့ ထမင်းဖြူဖြူလေးတွေက အရသာရှိလွန်းလှသည်။ ခရမ်း ချဉ်သီးချက်ကလည်း ငရုတ်သီးစပ်စပ်လေး ချက်ထားသည်ဆိုတော့ နှာခေါင်းမှာ ချွေးကလေးတောင်စို့ချင်သည်။ သရက်ချဉ်သုပ်ကလေးက အအီအတောက်ပြေကာ ကြက်သားဟင်းနှင့်လိုက်ဖက်လွန်းလှသည်။ လှုပ်ခါယမ်းနေသည့် ရထားပေါ် အင်ဖက်ထမင်းထုပ်လေးကတော့ ဟိုဘက်ရွေ့သွားလိုက်၊ သည်ဘက်ရွေ့သွားလိုက်။
ထမင်းစားပြီး တစ်ရေးတစ် မောမှိန်းလိုက်ကြသည်။ မကြာပါ။ တစ်နာရီဝန်းကျင်လောက်မောင်း နှင်ပြီးချိန်မှာတော့ ရထားပေါ်မှာ အသံတွေ ဆူညံလာပြန်ပါသည်။ ပြတင်းပေါက်ကနေလှမ်းကြည့်မိ တော့ မြင့်မားလှတဲ့ တောင်ကြီး ထဲကို ၀င်ရောက်သွားတဲ့ ဂုတ်ထိပ် တံတားကြီးကိုလှမ်းမြင်နေရလေ ပြီ။ အားလုံးဝမ်းသာအားရ အော်မိ ကြသည်။ ကိုယ်ရောက်ချင်သည့်နေရာတစ်ခု ရောက်တော့မည်မို့ ထင်ပါသည်။ ရထားက ဂုတ်ထိပ်တံတားဆီ ကွေ့ပတ်သွားနေ သည်။ ဂုတ်ထိပ်တံတားကရထား ရဲ့ ဘယ်ဘက်ရောက်သွားလိုက်၊ ညာဘက်ရောက်သွားလိုက်။
 ဂုတ်ထိပ်ဘူတာ ရောက် တော့ ခပ်ဝေးဝေးမှာ လှမ်းမြင်နေ ရသည့် ဂုတ်ထိပ်တံတားကြီးနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြ သည်။ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်တို့အဖွဲ့တွေ ညှိနှိုင်းကြရသည်။ တံတားပေါ်ကနေရထားနှင့်ဖြတ်မလား၊ လမ်းလျှောက်ကြ မလားဆိုတာ ဖြစ်သည်။ အချို့က လည်း ဂုတ်ထိပ်တံတားကြီးပေါ် ရထားဖြင့် ရင်တထိတ်ထိတ် ဖြတ် လိုသည်။ အချို့တွေကျတော့ လည်း ဓာတ်ပုံဝါသနာကြီးသူတွေ မို့ တံတားပေါ် ရထားဖြတ်သွား တာ ဓာတ်ပုံရိုက်ချင်ကြသည်။ နှစ်ခုထဲက တစ်ခုရွေးရတော့မည်။ နောက်ဆုံး ဒီလိုဆုံးဖြတ်လိုက်ကြ သည်။ သုံးယောက်က ဂုတ်ထိပ် ဘူတာမှာတင်နေခဲ့ကာ တံတား ပေါ်ရထားဖြတ်တာ ရိုက်ကြမည်။
ကျန်တဲ့သူတွေက ရထား ဖြင့် လိုက်ပြီး ဂုတ်ထိပ်တံတား ဖြတ်သန်းကြမည်။ ဂုတ်ထိပ်အ ကျော်နောင်ပိန်ဘူတာတွင် ဆင်း ကာ နောင်ပိန်ဘူတာမှတစ်ဆင့် ရထားဖြင့် ပြန်လိုက်လာမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ရထားက ဂုတ်ထိပ်တံတား ကို စတင်ဖြတ်ကျော်လာပါပြီ။ ၁၈၉၉ ခုနှစ်မှာစဆောက်ပြီး တစ် နှစ်အတွင်း ပြီးစီးခဲ့သည့် ဂုတ်ထိပ်တံတားသည် ၁၉၀၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့ကြောင်း  မြန်မာ့စွယ်စုံကျမ်းမှာ ဆိုထားသည်။ ထို့ ကြောင့် ဂုတ်ထိပ်တံတားအသုံးပြု လာတာ နှစ်ပေါင်းတစ်ရာကျော် ခဲ့ပြီမို့ ဖြတ်ရတာအနည်းငယ်တော့ ရင်ခုန်နေမိသည်။ တံတားပေါ် စရောက်တော့ ရထားပေါ်ပါလာ သူတွေအားလုံး ပြတင်းပေါက် တွေနား ရောက်ကုန်ကြသည်။ အ ပြန်အလှန်ဓာတ်ပုံတွေ ရိုက်နေ ကြသည်။ ရဲတင်းသူ အချို့က တော့ အဆင်းအတက် တံခါး ပေါက်နားထိသွားကာ ဓာတ်ပုံ တွေ ရိုက်ကြသည်။ တံတား အောက်ကို လှမ်းကြည့်မိတော့ နက်ရှိုင်းလှတဲ့ ချောက်ကြီးကြောင့် အသည်းအေးသွားစေခဲ့သည်။ တောအုပ်လေးတွေက ချောက် ကြီးထဲမှာ အုပ်ဆိုင်းနေသည်။ ရထားကြီးက ချောက်ကမ်းပါးပေါ် က ဂုတ်ထိပ်တံတားပေါ် ဖြည်း ညင်းစွာ ဖြတ်သန်းရင်း တောင် နံကို ဖြတ်ဖောက်ထားသည့် ဂူကြီးထဲ တလှိမ့်လှိမ့်တိုးဝင်သွားခဲ့သည်။
ဂူထဲရောက်တော့ အမှောင် ထုက ကြီးစိုးသွားခဲ့သည်။ တချို့ ကတော့ တံတားပေါ်မှာ ရိုက်ခဲ့သည့် ပုံတွေပြန်ကြည့်ရင်းသဘောကျ နေကြသည်။ လေးဆယ့်ငါးမိနစ်လောက် ရထားစီးပြီးတော့ နောင်ပိန်ဘူတာကို ရောက်လာခဲ့သည်။ နောင်ပိန်ဘူတာမှာ အပြန်အတွက် ရထားလက်မှတ်ဝယ်ခဲ့ သည်။ မန္တလေးအထိ ပြန်မှာက သုံးယောက်မို့ သူတို့အတွက် သီးသန့်ဝယ်ပေးရသည်။ မန္တလေး အထိက အထက်တန်းလက်မှတ် တစ်စောင်လျှင် ၂၇၅၀ ကျပ်ကျ သည်။ ကျန်တဲ့သူတွေက ပြင်ဦးလွင်မှာ တစ်ညအိပ်ကြဦးမှာမို့ ပြင်ဦးလွင်ဘူတာအထိသာ ၀ယ် လိုက်သည်။ နောင်ပိန်မှ ပြင်ဦး လွင်အထိ အထက်တန်း လက် မှတ်မရတော့သဖြင့် ရိုးရိုးတန်း လက်မှတ် ၀ယ်လိုက်ရသည်။ တစ်စောင်ကို ၇၀၀ ကျပ်သာ ကျသည်။ ကမ္ဘာကျော် ဂုတ်ထိပ်ခရီးစရိတ်ကို တကယ်တမ်းတွက် ကြည့်မည်ဆိုလျှင် ကုန်ကျစရိတ် နည်းပါးလွန်းလှပါသည်။
မန္တလေးမှ နောင်ပိန်အထိ ၅၅၅၀ ကျပ် (ဒါတောင် လားရှိုး လက်မှတ်ဝယ်ရလို့  ဖြစ်သည်။ ဂုတ်ထိပ် (သို့မုတ်) နောင်ပိန်အ ထိ ခွဲရောင်းပေးလျှင် ဒီထက် သက်သာနိုင်သည်) နောင်ပိန်မှ မန္တလေးအထိ ၂၇၅၀ ကျပ်ပေါင်း လျှင် ယာဉ်အတွက် စရိတ်က ၈၃၀၀ ကျပ်သာကျသည်။ လမ်းတွင် ထမင်းစားတာ ရှစ်ရာပေါင်းမည်ဆိုလျှင်ကျပ် ၉,၁၀၀ သာ ကျသေးသည်။ တစ်သောင်းထက်မပိုသော ငွေကြေးဖြင့် ဂုတ်ထိပ်တံတားသို့ လည်ပတ်ရသည်မှာ တန်လွန်းလှပါသည်။ ပြင်ဦးလွင်မှတစ်ဆင့် သွားမည်ဆိုလည်း ထိုငွေပမာဏ နှင့် မကွာခြားဘဲ ကုန်ကျမည် ဖြစ်ပါသည်။
နောင်ပိန်ဘူတာကနေ ထွက်ပြီး ဂုတ်ထိပ်ကို တစ်ကြိမ်ထပ်မံဖြတ်သန်းကာ ဂုတ်ထိပ်ဘူတာပြန်ရောက်လာခဲ့ပါသည်။ ဘူတာမှာနေခဲ့သည့် သုံးယောက်ပြန်တက်လာခဲ့ကြသည်။ သူတို့သုံးယောက်ကတော့ ဂုတ်ထိပ်တံတားနှင့် ရထားကို တွဲဖက်ပြီး ဓာတ်ပုံရိုက်နိုင်ခဲ့ကြသည်။
ထို့အပြင် တံတားကို လုံခြုံရေး တာဝန်ယူပေးထားသည့် တပ်ဖွဲ့ထံခွင့်တောင်းကာ တပ်မတော်သားတစ်ဦး အကူအညီဖြင့် ဂုတ်ထိပ်တံတားကြီးပေါ်လမ်းလျှောက်ကာပင် ဖြတ်သန်းခဲ့ကြပါသည်။ လူသွားလမ်းမပါသော ရထားဖြတ်သန်းရုံ သီးသန့်ဖောက်လုပ်ထားသော တံတားကြီးပေါ် ခြေလျင် ဖြတ်သန်းရသည်မှာ ရင်တုန်စရာကောင်းမည်မှာ သေချာလှပါသည်။ သို့သော် ရထားဖြင့် တံတား ပေါ်ဖြတ်သန်းခဲ့ရသည်မှာလည်း ရင်ဖိုစရာကောင်းလှသည်သာပင်။
ဂုတ်ထိပ်ဘူတာမှ ထွက်တော့ နေ့လယ် ၁၂ နာရီကျော်လေပြီ။ ရာသီဥတုကလည်း တအုံ့အုံ့ဖြင့်နေလို့ ထိုင်လို့ကောင်းလှပါသည်။
ငွေသား အနည်းငယ်သာကုန်ကျခဲ့သည့် ကမ္ဘာကျော် ဂုတ်ထိပ်တံတား ခရီးစဉ်ကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။ လားရှိုး-မန္တလေး ရထားကြီးကတော့ တဂျုန်းဂျုန်းဖြင့် ပြန်လည်ခုတ်မောင်းပေးနေဆဲ။        ။
 ဓာတ်ပုံ−စည်သူလွင် 2014-06-13နေ့ထုတ် 7day daily သတင်းစာတွင် ဖေါ်ပြထားသည်။

Wednesday, March 26, 2014

ရေစကြိုထန်းသီးမုန့်ရဲ့လျှို့ဝှက်ချက်



Photo
ပခုက္ကူနယ်ဘက်မှ အသိအကျွမ်းမိတ်ဆွေတစ်ဦး မန္တလေးလာမည်ဆိုလျှင် ၎င်းတို့ဒေသထွက် ရိုးရာအစားအစာလေးတစ်မျိုးကို မန္တလေးသူ၊ မန္တလေးသားများအတွက် အညာလက်ဆောင်အဖြစ် ယူလာလေ့ရှိပါသည်။ မန္တလေးသူ၊ မန္တလေးသားတွေကလည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ယင်းနယ်ဘက်များရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင်အဖြစ် ထိုဒေသထွက် အစားအစာလေးကို တခုတ်တရ ဝယ်တတ်လေ့ရှိပါသည်။ ထိုအစားအစာလေးကတော့ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှ ထွက်ရှိသည့် ရေစကြိုထန်းသီးမုန့်ပင်ဖြစ်ပါသည်။
ရေစကြိုထန်းသီးမုန့်ကို မန်းသူမန်းသားတွေတင် ကြိုက်သည်မဟုတ်။ မုံရွာကလည်း ကြိုက်သည်။ ပခုက္ကူကလည်း ကြိုက်သည်။ ရန်ကုန်ကလည်း ကြိုက်သည်။ ပြောရမည်ဆိုလျှင် စားဖူးသူတိုင်း ကြိုက်ကြသည်ဟုပြောလျှင် လွန်မည်မထင်။ ရေစကြိုထန်းသီးမုန့်ကို ကိတ်မုန့်နှင့်ပင်တောင် မလဲနိုင်ဘူးဟု စားဖူးသူအချို့က ဆိုပြန်သည်။စားဖူးသူတိုင်းစွဲလမ်းခဲ့ကြသည့် ရေစကြိုထန်းသီးမုန့် ပေါ်ပေါက်လာတာ နှစ်ပေါင်းမနည်းတော့ဟု ရေစကြိုထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။ အနည်းဆုံး နှစ်ပေါင်းငါးဆယ်ထက် မနည်းတော့ဟု ဆိုကြသည်။
ထိုမျှနာမည်ကြီးပြီး သက်တမ်းကြာရှည်လှပြီဖြစ်သည့် ရေစကြိုထန်းသီးမုန့်မှာ နိုင်ငံခြားဖြစ် ကိတ်မုန့်များလို စက်တွေတဝုန်းဝုန်းမောင်းပြီး လုပ်ရသည့်မုန့်မျိုးမဟုတ်ပါ။ အညာဒေသရိုးရာ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းလေးတစ်ခုသာဖြစ်ပါသည်။
ရေစကြိုထန်းသီးမုန့်ကို ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်ရောင်းသူလည်းရှိသည်။ သူများလုပ်ပြီးသားကို ဖောက်သည်ပြန်ယူ ရောင်းသူတွေလည်းရှိသည်။ ယခုတော့ သူများလုပ်ပြီးသားမုန့်ကို တစ်ဆင့်ပြန်ယူရောင်းသည်က အများဆုံးဖြစ်သည်။ ရေစကြိုထန်းသီးမုန့်လုပ်ရန် ပထမဦးဆုံးအဆင့်အနေဖြင့် ညနေပိုင်းတွင် မနောသုခ (သို့မဟုတ်) ပေါ်ဆန်းဆန်လတ် ဆန်အမျိုးအစားနှင့် ဆန်ကြမ်းကို ငါးပြည်ခန့်စီရောကာ တစ်နာရီခန့်ကြာအောင် ရေစိမ်ရပါသည်။ ရေစိမ်လို့ ဆန်တွေပွလာပြီဆိုလျှင် ကြိတ်စက်ဖြင့် ကြိတ်ရပါသည်။ ရလာသည့် မုန့်ဆန်အရည်မပျစ်မကျဲကို ထန်းလျက်အချိန်တစ်ဆယ်(ဆယ်ပိဿာ)ဖြင့် အင်တုံထဲတွင် စပ်ရသည်။ ထို့နောက် ထန်းသီးလုံးမှည့်မှည့်ကို အခွံခွာပြီး ထန်းသီးဆန်များအား လက်ဖြင့်ဖိကာ အရည်ထုတ်ရပါသည်။ အားလုံးပြီးပြီဆို ရောင်းမအကြီးဖြင့် မွှေရပါသည်။ နာရီဝက်ခန့် အသားကျအောင် မွှေလိုက်ပြီဆိုရင်ဖြင့် အမြှုပ်များ ထလာတတ်ပါသည်။ အဲဒီအဆင့်ရောက်ပြီဆိုပါက အုန်းမှုတ်ခွက်များကို မုန့်ရည်အတွင်း နှစ်ပေးထားရသည်။ မုန့်သားကောင်းအောင်အတွက်ဟု ဆိုပါသည်။ အုန်းမှုတ်ခွက်များစိမ်ထားသည့် မုန့်ရည်ကို ဆန်ကောဖြင့်အုပ်ကာ ခြောက်နာရီခန့်ထားရပါသည်။
ညဥ့်သန်းခေါင်ယံအချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းချိန်ဖြစ်ပေသိ ထန်းသီးမုန့်လုပ်သူများအတွက်တော့ အိပ်ကောင်းကောင်းဖြင့် အိပ်နေ၍မရပါ။ ညနေမှာ ဖောက်ထားခဲ့သည့် မုန့်ရည်တွေက ည ၁၂ နာရီကျော်ကျော်လောက်ဆိုလျှင် မုန့်လုပ်ရန် အဆင်သင့်ဖြစ်လေပြီ။ မီးဖိုသူကဖို၊ မိုးပြဲဒယ်ထဲ ရေဖြည့်သူကဖြည့်ဖြင့် ထန်းသီးမုန့်လုပ်ငန်း စတင်ရပါပြီ။ မီးကောင်းကောင်းဖြင့် တည်ထားသည့် မိုးပြဲဒယ်အိုးထဲကရေတွေ တပွက်ပွက်ဆူလာပြီး အငွေ့တွေတက်လာပြီဆိုလျှင် ဆန်ကောတစ်ချပ်တင်ရပါသည်။ ထိုဆန်ကောပေါ် ပိတ်စအဖြူတစ်ထည် ထပ်ခင်းရပါသည်။ ထိုပိတ်စအဖြူပေါ်ကို ၆ နာရီကျော် စိမ်ထားသည့် မုန့်ဆန်အရည်ပျစ်ပျစ်တွေ လောင်းတင်ရပါသည်။ ကြက်ဥထည့်မည်ဆိုပါက မုန့်တစ်ဗန်းလျှင် နှစ်လုံးခန့်ဖောက်ထည့်ရပါ၏။ ပြီးနောက် အုပ်ဆောင်းအုပ်ရပြီး အုပ်ဆောင်းအောက်ခြေ ပတ်ပတ်လည်တွင် အငွေ့လုံစေရန် အဝတ်စုတ်ကို ရေဆွတ်ကာပတ်ရပါသည်။ နှစ်ဆယ့်ငါးမိနစ်ခန့်လောက်ကြာ၍ အုပ်ဆောင်းဖွင့်ကြည့်လိုက်မည်ဆိုလျှင် အငွေ့တထောင်းထောင်းဖြင့် ထန်းသီးမုန့်လေးများ ရရှိလာပါပြီ။ တစ်ခါလုပ်လျှင် တစ်ဗန်းသာရသောကြောင့် အိုးပြိုင်လုပ်ပေသိ မုန့်ဖောက်သည်ယူမည့် ဈေးသည်များသည်မို့ အားလုံးအတွက် လောက်ငအောင်လုပ်ပြီးပြီဆို မိုးစင်စင်လင်းလေပြီ။
နံနက်လင်းလျှင် နှီးဆန်ကောနှင့် နှီးတောင်းကိုင်ကာ ထန်းသီးမုန့်သည်များ မုန့်ယူရန်လာကြပါပြီ။ သူတို့နှီးတောင်းထဲမှာ ထန်းသီးမုန့်အချပ်လိုက်တွေ အထပ်ထပ်စီပြီး ကိုယ်ရောင်းနေကျ ရေစကြိုဈေးနှင့် မြို့ထဲ အရိပ်အာဝါသကောင်းသော သစ်ပင်များအောက် နေရာယူသွားကြသည်။ ဈေးဝယ်မလာမီ နှီးတောင်းထဲမှ ထန်းသီးမုန့်ကို နှီးဆန်ကောပေါ်တင်ပြီး အညာထွက်ဆုံဆီစစ်စစ်ပုတ်ကာ ညကကြော်ထားသည့် အုန်းဆန်ကြော်နီနီရဲရဲ ဖြူးထားလိုက်သည်။ ဈေးဝယ်လာပြီဆိုလျှင် မဝယ်မီ ထန်းသီးမုန့်တစ်မြှောင်းအား ဓားပါးပါးလေးဖြင့်လှီးကာ အုန်းသီးကြော်ထပ်တို့ပြီး ကျွေးတတ်သည်။ ဈေးဝယ်သူကကြိုက်ပြီဆိုမှ အလိုရှိသလောက် နှီးချိန်ခွင်ဖြင့် ခြင်တွယ်ပေးသည်။ ခြင်တွယ်ပြီး ထန်းသီးမုန့်များကို အုန်းသီးကြော်ထပ်ဖြူးပြီး ဖရုံယိုချောင်းလေးတွေ အုပ်ပေးသည်။ ဒူးရင်းသီးယို သုတ်ပေးသည်။ ပြီးနောက် ပဲဆီသန့်သန့်ဖြင့် ချက်ထားသည့် အုန်းနို့ချက် ထပ်သုတ်ပြန်သည်။ သကြားဖြူးသည်။ ပြီးနောက် ငှက်ပျောဖက်နုနုပေါ်တင်၊ သတင်းစာစက္ကူ ထပ်ပတ်ကာ အိတ်သန့်သန့်ဖြင့် ထည့်ပေးတတ်ပါသည်။
အချို့ဈေးဝယ်သူတွေက ကလေးတွေ တစ်အုပ်လိုက်ကြီးလည်း ပါလာတတ်သည်မို့ လူစေ့တက်စေ့ အမြည်းကျွေးရပါသေးသည်။ ထန်းသီးမုန့်တစ်မြှောင်းဆို နှစ်ကျပ်ခွဲသားလောက်တော့ရှိတာမို့ လေးငါးမြှောင်းကျွေးလိုက်ရပြီဆို တော်တော်လေးတာသွားပြီ။ အမြည်းတွေ ကိုယ်စီကျွေးပြီး ဝယ်တော့အစိတ်သားလောက်ဆိုရင်တော့ သိပ်တွက်ခြေမကိုက်တော့။ သို့ပေသိ ထန်းသီးမုန့်သည်တွေ ဈေးတွက်မတွက်တော့ပါ။ ‘‘မလှူနိုင် ဈေးရောင်းဆိုတဲ့အတိုင်း လှူတယ်ပဲ သဘောထားလိုက်တာပါပဲ။ နောက်ပိဿာများများဝယ်မယ့်သူနဲ့ ပြန်ထေရတာပေါ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်ကပြောသည်။ တစ်ဦးတည်းလာပြီး ပိဿာလိုက်များများဝယ်တော့ အမြည်းနည်းနည်းသာ ကျွေးရသည့်အတွက် လမ်းစားဆိုပြီး ထန်းသီးမုန့်အား အထုပ်သတ်သတ်ထုပ်ကာ ပေးတတ်ပါသေးသည်။
ရေစကြိုထန်းသီးမုန့် အရောင်းရဆုံးအချိန်က ယခုလို တပေါင်းလ ပခန်းကိုကြီးကျော်ပွဲချိန်ဖြစ်သည်။ ပြီးခဲ့သည့် ကိုကြီးကျော်ပွဲချိန်တုန်းကဆို ထန်းသီးမုန့်လုပ်သူရော၊ ရောင်းသူပါ ရောင်းရလိုက်တာများ တစ်ချက်လေးမှမနားရ။ ပွဲတော်ပြန်တွေရဲ့ကားပေါ်မှာ ရေစကြိုထန်းသီးမုန့်ထုပ်လေးတွေက တွဲလောင်းကျကာ ဝှေ့ယမ်းလို့။ ပခန်းကိုကြီးကျော်ပွဲရောက် ရှမ်းပြည်နယ်ဘက်မှ ရှမ်းအမျိုးသမီးတစ်ဦးကို ဒေသခံတွေက ရေစကြိုထန်းသီးမုန့် ဝယ်ကျွေးလိုက်တာ ငါးဆယ်သားကို တစ်ယောက်တည်း စားပစ်သတဲ့။
‘‘သူက စားလို့ကောင်းလွန်းလို့ဆိုပြီး ပြန်ရင်လည်း ဝယ်ပေးလိုက်ဖို့ပြောသေးတယ်တဲ့’’ဟု ထန်းသီးမုန့်သည် ဒေါ်တင်တင်က သူတို့ ထန်းသီးမုန့်ကြိုက်ကြပုံကို ဂုဏ်ယူစွာဖြင့် ပြောပြသည်။ ‘‘ကိုယ့်မုန့်လေးကြိုက်တယ်ဆိုရင် ပီတိဖြစ်တယ်။ ဒီထက်ကောင်းအောင်ကို ထပ်လုပ်ပေးချင်တာ’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝင်းဝင်းခိုင်ကဆိုပါသည်။
အချို့ကျတော့ ကိုယ်တိုင် ရေစကြိုကိုမကြုံရင်တောင် ကားဂိတ်ကနေ လှမ်းမှာတတ်သည်။ တရားပွဲတွေမှာ မိမိတို့ကိုးကွယ်သည့် ဆရာတော်ဘုရား၏မွေးနေ့တွေမှာ ဧည့်ခံကျွေးမွေးဖို့ မှာတာတွေလည်းရှိသည်။ စားဖို့သက်သက် မှာတာတွေလည်းရှိသည်။ ထန်းသီးမုန့်အချိန်တစ်ရာ (ပိဿာတစ်ရာ)လောက်ထိ မှာကြသည်။ အဲဒီလိုမှာရင်ဖြင့် ထန်းသီးမုန့်နဲ့ အပေါ်ကဖြူးတဲ့အစာတွေကို သတ်သတ်စီခွဲထည့်ကာ ဂျပ်ဖာများဖြင့် ကားဂိတ်ကနေ တင်ပေးရသည်။ အချို့က ထန်းသီးမုန့်ကို ထူးရှယ်အဖြစ် နို့စိမ်းပါထည့်လုပ်ခိုင်းသည်။ အဲဒီလိုအခါဆိုရင်တော့ ပုံမှန်တစ်ပိဿာ နှစ်ထောင့်လေးရာပေမယ့် တစ်ပိဿာ သုံးထောင်လောက် ဈေးဖြစ်သွားသည်ဟု ထန်းသီးမုန့်လုပ်သူများက ဆိုပါသည်။
ရေစကြိုမြို့ဝန်းကျင် ရွာအချို့မှာတော့ မင်္ဂလာဆောင်ကို ရေစကြိုထန်းသီးမုန့်နဲ့ ဧည့်ခံတာမျိုးလည်းရှိသည်ဟု ထန်းသီးမုန့်လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်အောင်မင်းကဆိုပါသည်။ နောက်ပြီး ရေစကြိုရဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုတွင်လည်း ရေစကြိုထန်းသီးမုန့်က ပါပြန်သည်။ မွေးချင်းထဲက (သို့မဟုတ်) မိတ်ဆွေအပေါင်းအသင်းထဲက အိမ်အသစ်ဖြစ်စေ၊ တိုက်အသစ်ဖြစ်စေ ဆောက်နေသည်ဆိုပါက ဆောက်လုပ်ပေးမည့်လက်သမားအဖွဲ့ကို ရေစကြိုထန်းသီးမုန့် သွားကျွေးရသည်ဟု ဆိုပါသည်။ ထိုဓလေ့အား အိမ်ဆောက်ချသည်ဟုဆိုပါသည်။
အကယ်၍ စာဖတ်သူအနေဖြင့် ရေစကြိုသားနှင့်ဖြစ်စေ၊ ရေစကြိုသူနှင့်ဖြစ်စေ အကြောင်းပါပြီး အဲဒီမှာ မင်္ဂလာသွားဆောင်ကြပြီဆိုပါစို့။ စာဖတ်သူနှင့် အတူပါလာကြမည့် သင့်မိဘဆွေမျိုးတွေအတွက် အိမ်အပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်တွေ တနင့်တပိုးကြီး ဝယ်ထည့်ပေးမှာ သေချာသည်။ ‘‘မင်္ဂလာဆောင်ရှိတဲ့အခါမျိုးဆိုရင် တအားရောင်းကောင်းတာ’’ဟု ထန်းသီးမုန့်သည် အမျိုးသမီးတစ်ဦးကဆိုပါသည်။
မြို့ကြီးပြကြီးရောက်နေတဲ့ ရေစကြိုသားတွေထံ လူကြုံရှိလို့ ဘာမှာဦးမလဲမေးလိုက်ရင် မြန်မာလူမျိုးဓလေ့ထုံးစံအတိုင်း မိဘဆွေမျိုး မိတ်ရင်းဆွေရင်းအပြင် ကိုယ့်ဒေသထွက်မုန့်ပါ လွမ်းတတ်ကြသည်မို့ ရေစကြိုထန်းသီးမုန့်သာယူခဲ့ဖို့ ဆက်ဆက်မှာကြသည်။ ကိုယ်တိုင်စားဖို့အပြင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ကိုယ့်ဒေသထွက် အစားအစာကို ဂုဏ်ယူစွာနဲ့ ကျွေးတတ်ကြသည်။
ခုတော့ ရေစကြိုထန်းသီးမုန့်လေးတွေက ကားစီးပြီး ရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေဆီ သွားရတာတင် အားမရတော့။ ရေစကြိုနယ်သားအချို့လည်း ဝမ်းရေးအတွက် ပြည်ပရောက်ကုန်ကြပြီမို့ လူကြုံရှိသည့်အခါ မှတ်မှတ်ရရ မှာတတ်သည့်အတွက် ရေစကြိုထန်းသီးမုန့်များ လေယာဉ်ပျံတောင်စီးနေရလေပြီ။ အဝေးရောက်အညာသားများ ထန်းသီးမုန့်စားရင်း အိမ်အလွမ်းတွေ ဖြေကြလေပြီ။ ‘‘တစ်လောကတောင် စင်ကာပူကနေမှာလို့ ထည့်ပေးလိုက်ရသေးတယ်’’ဟု ထန်းသီးမုန့်လုပ်သူ ဒေါ်ဝါဝါခိုင်ကပြောပြသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ တိုင်းတစ်ပါးအစားအစာတွေက ဘယ်လောက်ပဲဝင်လာလာ၊ ကမ္ဘာ၏ မည်သည့်အရပ်တွင်ရှိနေသည်ဖြစ်ပါစေ အညာပြန်လက်ဆောင် ရေစကြိုထန်းသီးမုန့်ကိုတော့ဖြင့် မက်မက်မောမော စားချင်နေသူတွေကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။

သဲအိုးထဲက ရေအေးအေး



Photo
တစ်စတစ်စပူပြင်းလာသည့် ရာသီဥတုကြောင့် ရေအေးအေးတစ်ခွက်တော့ဖြင့် တကျိုက်ကျိုက်သောက်ချင်သည့်ဆန္ဒ မကြာခဏပေါ်ပေါက်နိုင်ပါသည်။ ခေတ်ကာလအလျောက် ရေခဲသေတ္တာတို့၊ ရေအေးစက် (၀ါတာကိုလာ)တို့က လက်တစ်ကမ်းမှာ အလွယ်တကူရောက်နေကြပြီမို့ ရေအေးအေးတစ်ခွက် သောက်ရဖို့ အခက်အခဲတော့မရှိနိုင်ပါ။ ထိုကဲ့သို့ နည်းပညာဖြင့် ရေအေးအောင်ပြုလုပ်နိုင်သည့် တန်ဖိုးကြီးပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်သည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းလေးတစ်မျိုးရှိနေပါသည်။ ထိုပစ္စည်းလေးက ရေခဲသေတ္တာတို့၊ ရေအေးစက်တို့လို ရေအေးအေးတစ်ခွက်သောက်ရဖို့အရေး ငွေသိန်းချီသုံးရန်မလိုပါ။ အစိုးမရတတ်သည့် လျှပ်စစ်မီးကိုလည်း မျှော်နေစရာမလိုပါ။ မြန်မာ့ရိုးရာ လက်ဖြစ်သဲအိုးလေးတစ်လုံး ဆောင်ထားရန်သာလိုသည်။
ထိုသဲအိုးထဲမှ ရေအေးအေးလေးကိုသောက်ရဖို့ ဖြတ်သန်းရသည့်လုပ်ငန်းတွေက များလွန်းလှသည်။ ပထမဆုံးအဆင့်အနေဖြင့် ရွှံ့စေးမြေများကို သံတူရွင်းများဖြင့် စတင်တူးယူရသည်ဟု မြေသဲအိုးများထွက်ရှိနေသည့် သမိုင်းဝင်မြင်းခြံခရိုင် ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ ရန္တပိုရွာသည် ဧရာဝတီမြစ်ဘေးတွင်ရှိ၍ မြစ်ရေကျချိန် မြစ်ကမ်းပါးဘေး အလွှာအထပ်ထပ် မြေသားများထဲမှ အလယ်ရွှံ့စေးမြေကို တူးယူကြသည်။ တူးလာသည့်ရွှံ့စေးမြေခဲကြီးများကို အိမ်တွင်အခြောက်လှန်းရသည်။ အခြောက်လှန်းပြီးလျှင် စဥ့်အိုးပြတ်ဖြင့် ရေစိမ်ရသည်။ ရေစိမ်ပြီးရွှံ့စေးမြေများကို သဲဖြင့်တစ်ခါ အချိုးအစားအလိုက် ပြန်နယ်ရသည်။ သဲနယ်တာကိုတော့ များသောအားဖြင့်
အမျိုးသားတွေက ပြုလုပ်ရတာများသည်။ ချွေးဒီးဒီးကျသော အလုပ်ဖြစ်သောကြောင့်ဖြစ်၏။
ပီနံအိတ်ကိုဖြန့်ကာ သဲကိုအောက်ကခင်း၊ အပေါ်ကရွှံ့စေးမြေတင်ကာ ခြေထောက်ဖြင့်နယ်ရခြင်းဖြစ်သည်။ ထိုသဲနယ်သည့်နေရာတွင်တော့ သတိထားရသည်။ သဲများလေအေးလေဆိုပေသိ သဲများသွားလွန်းလျှင်လည်း အိုးက ရေစိမ့်လွန်းအားကြီးသည်။ သဲနည်းသွားလျှင်လည်း မအေးတော့ပြန်။ သတ်မှတ်ထားသည့် အချိုးအစားကတော့ ရွှံ့စေးမြေ ရှစ်ပြည်ဝင်ခွဲဝင်တောင်း ခြောက်တောင်းဆို သဲကသုံးတောင်းဖြစ်သည်။
သဲနယ်ပြီးသား မြေတွေကိုတော့ အိုးပြင်တဲ့နေရာမှာ အိုးထွင်းရသည်။ အိုးထွင်းအပြီး ရလာတဲ့အိုးပုံကြမ်းကို နှစ်နာရီခန့် နေရောင်နုနုပြရသည်။ နေရောင်ပြပြီးအိုးကို အရိပ်ထဲတွင်ထားကာ လေဖြင့်ခြောက်သွေ့စေရသည်။ အရိပ်ထဲတွင်ထားဖို့ အိုးအရေအတွက်များတာမို့ အိုးထားဖို့နေရာမရှိတာကြောင့် အိမ်အပေါ်ထပ်တွင်ပါ သိမ်းရတော့သည်။ ဒါကြောင့် ရန္တပိုရွာကအိမ်တွေရဲ့ အပေါ်ထပ်မှာ အိမ်သားတွေနေဖို့ဝေးစွ။ အိုးတွေက ပြောင်ပြောင်ပင် အိမ်ဦးခန်းမှာနေရာယူထားကြသည်။ ‘‘အိမ်ရဲ့ကောင်းတဲ့နေရာ သူတို့ယူထားတာ။ လူတွေကတော့ ဖြစ်သလို အိမ်အောက်ထပ်ချောင်ကြိုချောင်ကြားထဲပဲ နေလိုက်တာပဲ’’ဟု ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ရယ်မောရင်းပြောပြသည်။
အဲဒီလို လေနဲ့ အနည်းငယ်ခြောက်သွားသည့် အိုးစိမ်းတွေကို တစ်နေ့မှာ ပုံဖော်ရပါသည်။ အဲဒီအဆင့်ကိုတော့ အိုးလောင်းသည်ဟုခေါ်ပါသည်။ အိုးလောင်းပြီး ပန်းဒီဇိုင်းဖော်တာကို အိုးမော်သည်ဟုခေါ်ပြန်သည်။ နောက်ဆုံး အချောသပ်တာကိုတော့ အိုးရှပ်သည်ဟုခေါ်ပြန်သတဲ့။
အိုးစိမ်းအဆင့်ပြီးပြီဆို အိမ်အတွင်းမှာ ပြန်သိမ်းထားရသည်။ မိမိတို့သတ်မှတ်ထားသော အိုးအရေအတွက်ပြည့်ပြီဆိုလျှင် အိုးဖုတ်ရန်အတွက် ပြင်ဆင်ကြပြီဖြစ်သည်။ များသောအားဖြင့် အိုးအလုံးရေနှစ်ထောင်မှ လေးထောင်ကြား ဖုတ်ကြတာများသည်။ အိုးစိမ်းအဆင့်လုပ်ငန်းတွေမှာတော့ မိမိအိမ်မှာရှိတဲ့မိသားစုနဲ့ လုပ်လို့ရပေမယ့် အိုးဖုတ်တဲ့အဆင့်ကတော့ အိမ်ရှိလေးငါးယောက်ဖြင့် လုပ်၍မရတော့ပါ။
ရန္တပိုရွာ၏ အိုးလုပ်ငန်းဓလေ့ကတော့ ရွာအတွင်း အိမ်တစ်အိမ် အိုးဖုတ်တော့မည်ဆိုလျှင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် လာကူရသည်ဟုဆိုပါသည်။ နေ့ခင်းနေရောင်ဖြင့်သာ အိုးဖုတ်ရမည်မို့ နေပူပြင်းသည့်အချိန် မွန်းတည့်ဆယ့်နှစ်နာရီဝန်းကျင်ဆို အိုးဖုတ်မည့်အိမ်တွင် ရွာသူရွာသားတွေဆုံကြပြီ။ အတော်အားကုန်မည့် အလုပ်ပေမို့ များသောအားဖြင့် အမျိုးသားတွေလုပ်ရ၏။ အိုးဖုတ်မည့်အိမ်ဝင်းကွင်းပြင် နေပူပူတွင် ဖုတ်ရမည်ဖြစ်သည်။ ဖုတ်မည့်အိမ်ကွင်းပြင်တွင် သစ်ရွက်ခြောက်များကို အရင်ခင်းရသည်။ သစ်ရွက်ပေါ်မှာတော့ ထင်းတွေထပ်ခင်းရသည်။ ထင်းအပေါ်ကျ အိုးတွေကို ခရုပတ်ခွေပုံစံ အထပ်ထပ်စီရတာဖြစ်သည်။ စီပြီးအိုးတွေပေါ်မှာ ကောက်ရိုးထပ်ခင်း၊ ကောက်ရိုးပေါ်မှာ ရေဆွတ်ထားသောပြာအစို ထပ်တင်၍ ဖုတ်ရတာဖြစ်သည်။ အဲသည်လို လာကူသည့် ရွာသားတွေကို အိုးလုပ်တဲ့အိမ်ရှင်က အခကြေးငွေပေးရန်မလိုပါ။ အိုးဖုတ်တဲ့နေရာနား အရိပ်ကောင်းကောင်းမှာ ဖျာတစ်ချပ်ခင်းပေးပြီး ရေနွေးအိုးတည်ပေးထားသည်။ အဆာပြေမုန့်လက်ဆောင်း၊ လက်ဖက်သုပ်၊ ကြံသကာ၊ မုန့်ဟင်းခါး၊ ထန်းလျက် စသည့်မုန့်တစ်မျိုးမျိုး ကျွေးမွေးတတ်သည်။ ညနေစောင်း အိုးတွေစီပြီး ဖုတ်ထားသည့်အဆင့် ရောက်ပြီဆိုလျှင်တော့ လာကူတဲ့သူတွေ အလုပ်ပြီးပြီမို့ အရက်ကြမ်းလေးများဖြင့် ဧည့်ခံရသည်။
အိုးဖုတ်တာက သုံးညအိပ်လေးရက်လောက်ကြာပြီး အဲဒီလိုရက်တွေဆို အိုးလုပ်သူတွေ ညကောင်းကောင်းမအိပ်ရတော့။ အိုးတွေမီးအရှိန်ကြောင့် မည်းမသွားစေရန် ဂရုစိုက်ရသည်။ တုတ်တစ်ချောင်းဖြင့် လေပေါက်လေးတွေ သွားဖောက်ပေးရသည်။ အိုးဖုတ်တဲ့အချိန် ရာသီဥတုကောင်းရင်တော့ အိုးဖုတ်တဲ့လုပ်ငန်း အထမြောက်အောင်မြင်ပေသိ၊ ရုတ်တရက် မိုးလေကျလာပြီဆိုရင်ဖြင့် အိုးဖုတ်သူတွေ ဒုက္ခရောက်ကြပြီ။ အိုးတွေမှာ တဖြည်းဖြည်းအရည်ပျော်ကာ မြေသို့ပြားပြားဝပ်သွားကြသည်ဟုဆိုသည်။
‘‘တစ်ဖိုဆိုရင် ဆယ်သိန်းကျော်တယ်။ လုပ်အားခတွေအပြင် ထင်းဖိုးတွေ၊ ကောက်ရိုးဖိုးတွေပါ ရှုံးကုန်တာ။ တစ်နှစ်ကဆို ရွာထဲက ငါးဖိုလောက်ကို ပျက်သွားတာ’’ဟု ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဦးကဆိုသည်။
နာဂစ်ဖြစ်တုန်းက မိမိတို့ဒေသထွက်အိုးတွေ သုံးစွဲလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် အပျက်အစီးများခဲ့တာမို့ အိုးတွေ ရောင်းအားကျခဲ့သည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်သူများကပြောသည်။ အဲဒီဒေသကလူတွေက အသက်နဲ့ကိုယ်ပင် အိုးစားကွဲခဲ့ကြချိန်၊ ရေအိုးလေးတစ်လုံးတည်ဖို့တောင် မဖြစ်နိုင်ကြတော့တာမို့ ရန္တပိုရွာထိပင် နာဂစ်ဒဏ်ရိုက်ခတ်တာခံခဲ့ရသည်။
‘‘အဲဒီတုန်းက ရေအိုးတွေ အိမ်ဝင်းထဲ အပြည့်မှောက်ထားရတာ။ ရေညှိတွေတောင် တက်တယ်’’ဟု မခင်မာချိုကပြောပြသည်။
ယခုလို ပူပြင်းစပြုလာသည့် နွေဦးပေါက်ကာလအချိန်အခါမျိုးဆို မြန်မာလူမျိုးဓလေ့ ရေအိုးအသစ်လဲကြပြီ။ မိုးတွင်းနဲ့ တဆောင်းလုံး ဘာသိဘာသာထားခဲ့ကြသည့် မိမိတို့အိမ်အတွင်းက သဲရေအိုးတွေရဲ့အခြေအနေ ဆန်းစစ်ကြပြီ။ မှုန်တေတေဖြစ်လာတာမျိုး၊ သဲကုန်ပြီး မအေးတော့တာမျိုးဆို ရေအိုးအသစ်ဝယ်ဖို့ စဉ်းစားကြပြီ။ မြန်မာလူမျိုးတော်တော်များများ သဲအိုးကို မက်ကြသည်မှာလည်း ဆန်းတော့မဆန်း။ ညဘက်တစ်ရေးနိုးသည့်အချိန်၊ နံနက်ခင်းအိပ်ရာထသည့်အချိန်၊ နေ့ခင်းနေ့လယ်ဘက် အပြင်ကပြန်လာသည့်အချိန်ဆို သဲအိုးလေးထဲက ရေအေးအေးသောက်ရသည်မှာ အရသာရှိလိုက်သည့်ဖြစ်ခြင်း။ မြန်မာလူမျိုးတော်တော်များများကတော့ အအေးဆုံးလဖြစ်တဲ့ ပြာသိုလမှာလုပ်တဲ့ ပြာသိုအိုးကို အမက်မောဆုံးဟု အိုးလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။
အချို့သဲအိုးမက်မောသူများဆို သဲအိုးနှစ်လုံး တစ်ခါတည်းဝယ်သွားသည်။ လေးငါးရက်လောက် စမ်းသောက်ပြီး မအေးဘူးဆို အပိုဝယ်လာသည့်အိုး ချက်ချင်းလဲပစ်သတဲ့။ အချို့တွေကျ ရေအိုးဆိုင်တွေမှာ ၀ယ်ရတာအားမရဘဲ ဖိုအထိလာမှာတတ်သူတွေလည်း ရှိသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ အိုးတစ်လုံးကို သဲများများဖြင့် လုပ်ခိုင်းသည်။ နောက်တစ်လုံးကို ပုံမှန်သဲအိုးတစ်လုံးဝယ်သည်။ သဲများတဲ့အလုံးထဲ ရေထည့်၊ အောက်ကစဥ့်အိုးခံ၊ စဥ့်အိုးထဲကျလာတဲ့ရေကိုမှ နောက်ထပ်သဲအိုးတစ်လုံးထဲ ထပ်ထည့်ကာ သောက်တတ်ကြသူတွေလည်းရှိသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများကပြောပါသည်။
မိမိတို့လုပ်တဲ့အိုးတွေကို မက်မက်မောမောသုံးစွဲကြသည်မို့ အကွဲအနာများ မပါသွားစေရန် ဂရုစိုက်ရသည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။
‘‘ဒီမှာသာ သုံးလေးရာတန်တာ။ သူတို့ဆီရောက်သွားရင် တစ်ထောင်လောက်ဖြစ်ကုန်တာဆိုတော့ အကွဲတွေဘာတွေ ပါသွားမှာစိုးတယ်။ ဒီမှာက တစ်လုံးလောက်ပစ်လိုက်လည်း ဘာမှမဖြစ်ဘူး’’ဟု မခင်မာချိုကဆိုပါသည်။ ရေအိုးလေးကို လှအောင်ပအောင်၊ အေးမြအောင် စိတ်ထဲထားပြီး လုပ်နေရသည့်အတွက် ကုသိုလ်ရသည်ထင်ကြောင်း ရန္တပိုရွာသူများကပြောသည်။
‘‘ပင်ပန်းပေမယ့် ကိုယ့်အလုပ်က အကုသိုလ်အတော်ကင်းတဲ့အလုပ်လို့တွေးပြီး ကြည်နူးရတယ်’’ဟု ရန္တပိုရွာသူတစ်ဦးကပြောပြသည်။
မြန်မာလူမျိုးများ ရေအိုးအေးအေးလေးကို မိမိတို့တစ်အိမ်တည်း သောက်ရရုံတင်အားမရတတ်။ လမ်းပေါ်က လမ်းသွားလမ်းလာတွေပါ သောက်ရအောင် ရေချမ်းစင်ထားတတ်သည့်ဓလေ့ကလည်း ရှိပါသေးသည်။ မိမိတို့အိမ်ရှေ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ရှိပြီဆို ရေအိုးစင်လေး တည်ထားတတ်ကြသည်။ လမ်းသွားလမ်းလာတွေ အားရပါးရသောက်သွားတာမြင်ရင် ပီတိတွေဖြာတတ်ကြသည်။ ရေကုန်လောက်ပြီဆို အပြေးအလွှား သွားဖြည့်တတ်ကြသည်။ ယခုတော့
ထိုဓလေ့က မြို့ပေါ်မှာနည်းသွားလေပြီ။ သို့ပေသိ ကျေးလက်တောရွာမှာတော့ အတန်အသင့်ရှိနေတုန်း။ ခေတ်ကာလပြောင်းလာတော့ အရင်လိုအုန်းမှုတ်ခွက်ကို
အရိုးတပ်တာတွေ သိပ်မတွေ့ရတော့။ ပလတ်စတစ်ခွက်လေးတွေဖြစ်ကုန်သည်။ ရေအိုးစင်တွေကို ရွာအ၀င်တို့၊ တစ်ရွာနဲ့တစ်ရွာအကူး ခရီးတစ်ဝက်လောက်က အရိပ်ကောင်းကောင်း အပင်အောက်မှာတို့တွင် တည်ထားတတ်ကြသည်။
အဲဒီ ရေအိုးစင်တွေ တည်ထားသည့် ရေအိုးစင်အလှူရှင်က ရွာကနေ ဆိုင်ကယ်တစ်စီးဖြင့် ပလတ်စတစ်ပုံးများဖြင့် ထည့်လာသည့်ရေများကို လာလာဖြည့်သွားတတ်ကြသည်။ သောက်ရေခွက်လေးတွေကို ဆေးကြောပေးသွားတတ်ကြသည်။ ထိုရေအိုးစင်လေးတွေက တောသွားတောပြန်တွေ၊ မြို့နှင့်တော ကုန်ကူးနေသူတွေ၏ အိုအေစစ်လေးတွေလို့ ပြောရင်လည်းမမှားနိုင်။‘‘ရေအိုးစင်တည်ဖို့ လာဝယ်တယ်ဆို ရောင်းမနေဘူး။ ပေးပစ်လိုက်ကြတာပဲ’’ဟု အိုးလုပ်ငန်းလုပ်သူ ဦးသိန်းဦးကပြောသည်။
ဒီနှစ် နွေဦးပေါက်မှာတော့ဖြင့် အိုးတွေ ဈေးကောင်းကာ အတော်လေးလုပ်နေရသည်ဟု ရန္တပိုရွာသူများကဆိုသည်။ အရင်နှစ်တွေက အိုးတစ်လုံးနှစ်ရာ့ငါးဆယ်၊ သုံးရာလောက်သာ ပေးရပေမယ့် ဒီနှစ်ကတော့ လေးရာလောက်ရနေသည်ဟုဆိုသည်။
‘‘ခတ်လိုက်ရတာ (အိုးကိုရိုက်ရတာ) လက်မောင်းကိုအောင့်လို့’’ဟု ရန္တပိုရွာသူ အိုးလုပ်ငန်းလုပ်သူ မခင်မာချိုကပြောသည်။ နည်းပညာတွေ မြင့်မားလာတာကြောင့် ရေအေးအေးတစ်ခွက်သောက်ရဖို့ ဘယ်လောက်ပင်လွယ်ကူနေပါစေ။ ခက်ခက်ခဲခဲနှင့်ရလာသည့် သဲအိုးထဲက ရေအေးအေးလေးတွေကိုတော့ဖြင့် မက်မက်မောမော သောက်နေကြသူများကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။

ရွှေစာရံ၊ ထန်းရွက်ပုတီးဆွဲကြိုးနှင့် မန္တလေး



Photo
မန္တလေးသူ၊ မန္တလေးသားများ ဆင်းရဲချမ်းသာမရွေး လည်ပင်းတွင် အမြတ်တနိုးဆွဲခဲ့ဖူးကြသည့် ဆွဲကြိုးလေးတစ်မျိုးရှိပါသည်။ ထိုဆွဲကြိုးကို ဈေးချိုတော်ရွှေဆိုင်တန်းမှာလုပ်၍ မရနိုင်ပါ။ လမ်း ၈၀ တစ်ဝိုက်က နာမည်ကြီးရွှေဆိုင်တွေမှာလည်း ၀ယ်ယူမရနိုင်ပါ။ သို့သော် ယခုလို တပေါင်းလအခါမျိုး ရောက်လာပြီဆိုရင်တော့ မန်းသူ၊ မန်းသားများ၏ လည်ပင်း၌ ထိုဆွဲကြိုးလေးတွေက အခံ့သားနေရာယူတတ်ကြပါသည်။ ထိုဆွဲကြိုးလေးက အဖိုးနည်းဝန်မပါသည့် ထန်းရွက်ပုတီးလေးများပင် ဖြစ်ပါသည်။
ထန်းရွက်ပုတီးဆွဲကြိုးလေးတွေက ဆွဲချင်တဲ့အချိန် ကောက်ဝယ်ပြီး ဆွဲလို့ရသည်မဟုတ်။ မန္တလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသော ရွှေစာရံတပေါင်းပွဲတော်ကြီးရောက်မှသာ အားရပါးရလည်ပင်းညွှတ်အောင် ဆွဲကြရတာဖြစ်ပါသည်။ ထန်းရွက်ပုတီးလေးတွေက တကယ်တော့ ရွှေစာရံဒေသထွက်ပစ္စည်းတော့ မဟုတ်ပါ။ ရွှေစာရံနှင့် မိုင်ဆယ်ချီဝေးသည့် ကျောက်ဆည်မြို့နယ် ညောင်ဝန်းရွာမှ ထုတ်လုပ်ခြင်းဖြစ်ပါ၏။ ရွှေစာရံနှင့် ထန်းရွက်ပုတီးဆိုတာ ခွဲလို့မရတော့။ ထန်းရွက်ပုတီးဆွဲပြီး မြို့ထဲဝင်လာပြီဆိုလျှင် သေချာပြီ။ သူရွှေစာရံကပြန်လာပြီ။  
ထန်းရွက်ပုတီးလေးတွေက ထန်းရွက်ဖြင့် အလွယ်တကူပြုလုပ်ထားခြင်းမဟုတ်ပေ။ တစ်ပင်မှာ တစ်အုပ်တည်းသာပါသည့် ထန်းဖူးမှ ပြုလုပ်ရခြင်းဖြစ်သည်ဟု ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးလုပ်ကိုင်သူများက ဆိုပါသည်။ ထန်းရွက်ပုတီးပြုလုပ်ရန် ပြာသိုလလောက်ကတည်းက ညောင်ဝန်းရွာသူရွာသားများ ကြိုတင်ပြင်ဆင်ရပါ၏။ ထန်းဖူးကိုဖြန့်ပြီး နေလှန်း၊ ခြောက်ပြီဆို ကိုယ်လုပ်မယ့်အရုပ်ပေါ်မူတည်ပြီးပြန်ခွာ၊ ပြီးတော့ ဆေးရောင်စုံဆိုးကာ ထန်းရွက်ပုတီးအပါအ၀င် ရွှေစာရံပွဲတော်တွင် ရောင်းနေကျဖြစ်သည့် ငါးရုပ်၊ တံခွန်လုံး၊ ယပ်တောင် အစရှိသည့်ပစ္စည်းများ ရက်လုပ်ရပါ၏။
နာမည်ကျော်ထန်းရွက်ပုတီးကိုတော့ဖြင့် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်မှ ဒေါ်ခွေးဆိုသူ အမျိုးသမီးကြီးတစ်ဦးက ရွှေစာရံစေတီတွင် စတင်ပြုလုပ်ရောင်းချခဲ့ပါ၏။ ဒေါ်ခွေးက သူ့ထန်းရွက်ပုတီးလေး လူကြိုက်များလာတာကြောင့် အခြားသူများကိုလည်း သူ့လိုရောင်းရဖို့ သင်ပြပေးရာမှ ထန်းရွက်ပုတီးပညာ လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်ဟု ထန်းရွက်ပုတီးသည် ဦးတာကဆိုပါသည်။ ငါးရုပ်ကတော့ မန္တလေးမြို့က ဆရာမဒေါ်မမလေး၊ ယပ်တောင်ကိုတော့ ပခုက္ကူမြို့မှ အမျိုးသားတစ်ဦးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထန်းရွက်ပုတီးသည်များက ဆိုပါသည်။ ထိုထန်းပစ္စည်းလေးတွေက ပေါ်ဦးပေါ်ဖျားထန်းရွက်ကို အသုံးပြုထား၍ ထန်းဖူးနံ့လေးတွေ မွှေးကြိုင်လို့ပင်။
ရွှေစာရံဘုရားပွဲတော်ရက် နီးလာလေလော ညောင်ဝန်းရွာသူရွာသားများ အလုပ်များလာလေလေဖြစ်သည်။ လယ်အလုပ်လုပ်လိုက်၊ ပုတီးထိုးလိုက်ဖြင့် တပေါင်းလက ဖင်လှည့်ခေါင်းလှည့်ဖြင့် ရောက်လာပါ၏။ တပေါင်းလဆန်း ၃ ရက်ဝန်းကျင်ဆို ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးသည်များ ရွှေစာရံဘုရားပွဲတော်ဈေးသွားရောင်းရန် ပြင်ကြပြီ။ ပွဲတော်ကြီးပေမို့ အိမ်ရှိလူကုန်လိုက်ရသည်။ ရက်ရှည်နေထိုင်ပြီး ရောင်းရမှာမို့ ထမင်းဟင်းချက်စရာ အိုးခွက်ပန်းကန်တွေကအစ ယူရသည်။ ပွဲတော်မှာရောင်းမည့် ထန်းရွက်ပုတီးတို့ ငါးရုပ်တွေကိုတော့ နှီးတောင်းကြီးများဖြင့်ပိတ်ကာ လုံခြုံအောင်သယ်ရ၏။ ထန်းရွက်တွေမို့ အလွယ်တကူကျိုးပဲ့သွားနိုင်တာကြောင့် လူထက်ပင် ဂရုစိုက်ရသည်ဟု ထန်းရွက်ပုတီးသည်များကဆိုပါသည်။
ရွာထိပ်မှာ ချက်ဗလက်ကားသုံးစီးလောက်က တန်းစီစောင့်နေသည်။ ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးသည်များ အလျှိုလျှိုထွက်လာပြီး ပစ္စည်းတွေတင်ကြ၊ ဟိုလူ့အော်၊ ဒီလူခေါ်ဖြင့် ဆူညံနေလေ့ရှိသည်။ ပစ္စည်းတွေကို ကားအတွင်းထဲ သေသေချာချာထည့်၊ ပစ္စည်းတွေများတာမို့ ခေါင်းမိုးပေါ်တင်တန်တင်ဖြင့် အလုပ်တွေများကြပြီ။ ပစ္စည်းတွေ နေရာချပြီးပြီဆိုတော့ လူထိုင်ဖို့နေရာက သိပ်မကျန်တော့။ မတတ်နိုင်။ ထန်းရွက်ပုတီးသည်များ ရသည့်နေရာ ကုတ်ကပ်တက်ကာ ရွှေစာရံသို့ ချီတက်ရသည်။
ကားစတင်ထွက်လာတော့ ကားပေါ်မှာ ထန်းရွက်ပုတီးသည်များ ဆူလို့ညံလို့။ ပြီးခဲ့သည့် ရွှေစာရံဘုရားပွဲကြီးက အကြောင်းတွေ စားမြုံ့ပြန်ရင်း ရယ်လိုက်၊ မောလိုက်ဖြင့် ကားတစ်စီးလုံး သူတို့အသံ။ ယခင်က ဖြတ်လမ်းတွေ မပေါ်သေးတာမို့ မန္တလေးမြို့သို့ အရင်ရောက်အောင်လာပြီးမှ ရွှေစာရံသို့ ဆတ်ကူးရသည်။ ကားစထွက်လာတုန်းက ဆူညံလာခဲ့သလောက် တဖြည်းဖြည်း အသံတွေက တိတ်ဆိတ်စပြုလာသည်။ ညဥ့်ကလည်း တဖြည်းဖြည်းနက်စပြုလာ၏။ စီးလာသည့် ချက်ပလက်ကားကြီးက တကျွိကျွိ တအိအိအသံတွေကလည်း ထန်းရွက်ပုတီးသည်တွေကို ချော့သိပ်နေသယောင်ယောင်။
ညနေကစားထားခဲ့သည့် ထမင်းတန်ခိုးက ပြစပြုလာသည်။ မျက်လုံးတွေ တဖြည်းဖြည်း မှေးစင်းလာကြပြီး ထန်းရွက်ပုတီးသည်အချို့ အိပ်ပျော်သွားကြပါ၏။
မန္တလေးမြို့မှ အောင်ပင်လယ်ပေါင်ရိုးကနေ ရွှေစာရံသို့အကူး လမ်းတွေက မြို့ထဲကလို မကောင်းတော့။ ချက်ဗလက်ကားကြီးတွေကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း အသံတွေထွက်တဲ့အထိ ရအောင်တော့ ရုန်းပေးရှာပါသည်။ ထန်းရွက်ပုတီးသည်တွေလည်း ဆန်ခါခုံးထဲ ဆီးဖြူသီးထည့်အလှိမ့်ခံရသလို တလူးလူးတလှိမ့်လှိမ့်။ သို့သော် လူကသာခံနိုင်ပေသိ ကားပေါ်တင်လာသည့် ပစ္စည်းတွေကတော့ ဒဏ်မခံနိုင်။ ကားခေါင်မိုးပေါ်တင်ထားသည့် ထန်းရွက်ပုတီးအထုပ်တွေက တဖုတ်ဖုတ်ပြုတ်ကျ၏။ ထမင်းအိုး၊ ဟင်းအိုးတောင်းတွေ ပြုတ်ကျပါ၏။ အိပ်ချင်မူးတူး မျက်စိမှုန်တိမှုန်ဝါးဖြင့် မှောင်မှောင်မည်းမည်းညဥ့်နက်မှာ ထန်းရွက်ပုတီးသည်များ မိမိတို့ပစ္စည်းထုပ်လေးတွေ ဆင်းဆင်းကောက်ရပါ၏။ မောင်းလိုက်၊ ကောက်လိုက်ဖြင့် အုန်းချောသို့ ရောက်လာပါ၏။ အုန်းချောကနေ ရွှေစာရံကို ဆက်ကူးရမည့်လမ်းက သုံးမိုင်လောက်သာ ရှည်သော်လည်း ဖြတ်ခဲ့တဲ့လမ်းတွေထက်တော့ ပိုဆိုးသည်။ မြေသားလမ်းကြီးမို့  ညမှောင်မှောင် ဖုန်တွေတလူးလူးဖြင့် ရွှေစာရံသို့ ဆက်ကူးကြ၏။ ညသန်းခေါင်မတိုင်မီ ရွှေစာရံဘုရားသို့ ထန်းရွက်ပုတီးသည်များ ဆိုက်ရောက်ကြပါသည်။ ရောက်လျှင်ရောက်ချင်း ရွှေစာရံဘုရားဦးခိုက်ကြ၏။ ဘုရားဒါယကာမ မိဖုရားစောမွန်လှအား သားသမီးများ ရောက်ပြီဆိုသည့် အကြောင်းအသိပေးကန်တော့ကြ၏။ ညဥ့်သန်းခေါင်ကျော်ပြီမို့ ထန်းရွက်ပုတီးသည်တွေ ပင်ပန်းနေပြီ။ ထို့ကြောင့် ရောင်းကုန်ပစ္စည်းတွေကို ကျကျနနမသိမ်းနိုင်တော့။ ကားပေါ်ကချပြီး ပုံသာထားလိုက်ရသည်။ လမ်းကြမ်းကြမ်းဒဏ်ကြောင့် ခန္ဓာကိုယ်များ ရိုက်ထားသလို နာကျင်လာ၍ သင့်လျော်ရာ ဖျာခင်းပြီး ထိုးအိပ်ကြတော့၏။ အဲလိုအိပ်နေရင်း ရွှေစာရံဘုရားပေါ်က ဆည်းလည်းလေးတွေ တချွင်ချွင်မြည်ပြီဆို ထန်းရွက်ပုတီးသည်များ အိပ်ရင်းပြုံးမိကြ၏။ ဆည်းလည်းလေးတွေ မြူးပြီဆို ဈေးရောင်းကောင်းတာမို့ ဒီနှစ်ရောင်းကောင်းပြီလို့တွေးကာ စိတ်လက်ချမ်းသာမိကြသည်ဟု ထန်းရွက်ပုတီးသည်များက ပြောပြသည်။
နောက်တစ်နေ့နံနက်လင်းတော့ ဘုရားလူကြီးအား မိမိတို့ရောက်ကြောင်း သတင်းပို့ကာ ဆိုင်စတင်ဆောက်ကြပါ၏။ အများစုကတော့ ရွှေစာရံဘုရားနဲ့ ဒုဋ္ဌ၀တီမြစ်အကြားမှာပင် ဆောက်ကြသည်။ ဆိုင်ဆောက်ပြီးတော့ ရွာမှ လုပ်လက်စအလုပ်တွေ ဆက်လုပ်ရသည်။ အကြမ်းထည်ထိုးလာတဲ့ ငါးရုပ်တွေ လက်စသပ်ကြသည်။ ရွှေစာရံဘုရားပွဲက တပေါင်းလပြည့်ကျော် ၄ ရက်နေ့လောက်မှ စတာဖြစ်သော်လည်း တပေါင်းလပြည့်နေ့လောက်ကတည်းက လူစည်လေ့ရှိသည်။ လပြည့်နေ့ဆို ဈေးချိုပိတ်တာကြောင့် မန္တလေးသူ၊ မန္တလေးသားများ အများဆုံးလာရောက်တတ်ကြသည်။
ထိုနေ့လိုနေ့မျိုးဆို နံနက် ၁၀ နာရီလောက်ဆိုလျှင် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် မန်းသူမန်းသားများလာကြပြီ။ ဖုန်တထောင်းထောင်းလမ်းကို ဖြတ်လာရသည်မို့ မန်းသူ၊ မန်းသားများ မျောက်ဖြူတွေအလား ဖြစ်ကုန်ကြ၏။ ရောက်ရောက်ချင်း ရွှေစာရံဘုရားဖူးပြီးနောက် ဘုရားရင်ပြင်တော်တွင်ဖြစ်စေ၊ ဘုရားကြီးကျောင်းဝင်းအတွင်းဖြစ်စေ နေရာချကြသည်။ ပြီးနောက် ဒုဋ္ဌ၀တီမြစ်တွင်ရေချိုးရန် ငါးကြီးဆိပ်သို့ ဆင်းကြ၏။ ကျဉ်တက်အောင် အေးလှသည့် ဒုဋ္ဌ၀တီမြစ်ရေကို ယမကာခံကာ အန်တုသူများလည်း ရှိပါ၏။ တချို့ကတော့ နားတောင်းကျချောင်းသို့ ကြံကြံဖန်ဖန်သွားချိုးသူလည်းရှိ၏။ ရေချိုးပြီးတော့ ပါလာသည့် ထမင်းချိုင့်ဖွင့်စားပြီးနောက် ဈေးဝယ်ထွက်ကြပါပြီ။
မန်းသူ၊ မန်းသားများက ထန်းရွက်ပုတီးတွေကို ကိုယ့်လည်ပင်းတွင် ညွှတ်နေအောင်ဆင်ရုံမက အိမ်မှာရှိသည့် ဆွေမျိုးသားချင်း၊ အိမ်နားနီးချင်း၊ မိတ်ဆွေရင်းများ၏ သားသမီးများအတွက် ထန်းရွက်ပုတီးများ၊ ၀ါးသေနတ်များ၊ ၀ါးယပ်တောင်များကို စိတ်ဖြင့်ခွဲတမ်းချကာ ၀ယ်ယူကြပါ၏။ မန်းသူ မန်းသား ပျိုပျိုအိုအို ဈေးတော့မဆစ်တတ်ကြ။ သို့သော် အပိုအဆစ်တော့ တောင်းတတ်ကြသည်။ ထန်းရွက်ပုတီးလေးသုံးလေးကုံးမျှ လက်ဆောင်ရသွားပြီဆိုရင်ဖြင့် မန်းသူမန်းသားများ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဒါကြောင့် ထန်းရွက်ပုတီးသည်များ မန်းသူ၊ မန်းသားများဆိုလျှင် ဈေးပိုမဆိုရဲ။ ရောင်းနိုင်မည့် အောက်ဆုံးဈေးကို တန်းပြောရောင်းရ၏။ မန်းသူ၊ မန်းသား ထုံးစံအတိုင်း  ဖောက်သည်ထားသည့် ဓလေ့ကလည်း ရွှေစာရုံမှာ ရိုးရာမပြတ်။ ‘‘နေရာသာ ပြောင်းမရောင်းနဲ့။ သူတို့က မှတ်ကိုထားတာ။ နှစ်တိုင်းကို လာဝယ်တာ’’ဟု ဦးတာက မန်းသူ၊ မန်းသားများ၏ စရိုက်အား သတိတရပြောပြပါသည်။ ဒီကြားထဲ မူးလာပြီး လက်ဆော့ခြေဆော့လုပ်ကာ ထန်းရွက်ပုတီး ဖြုတ်ယူသွားသူတွေလည်းရှိပါ၏။ ‘‘မူးနေတဲ့သူဆိုတော့ ဘာမှမဖြစ်ချင်တာနဲ့ သည်းခံရလိုက်တော့ ပါသွားတာပါပဲ’’ဟု ထန်းရွက်ပုတီးသည် ကိုဇော်လင်းထွန်းက အတွေ့အကြုံကိုမျှဝေသည်။
သို့သော် မန်းသူ၊ မန်းသားများ ရွှေစာရံဘုရားပွဲသို့ မလာရောက်နိုင်သည့် အခြေအနေမျိုးတွေလည်း ရှိတတ်ပါသည်။ မန္တလေးက မီးဘေးမကြာခဏကြုံနေရသည်မို့ မီးလောင်တာမျိုး၊ နောက်ပြီး မန္တလေးမှာ တစ်ခုခုဖြစ်နေတာမျိုးဆိုလျှင် မန်းသူ၊ မန်းသားများ ပျော်ပွဲရွှင်ပွဲဘေးချိတ်ရသည်မို့ မလာတတ်ကြတော့။ ထန်းရွက်ပုတီးသည်များအဖို့ ရောင်းကုန်ပစ္စည်းများ အိမ်ပြန်သယ်ဖို့သာပြင်။ ယမန်နှစ်က ဘာသာရေးအသွင်ဆောင်ထားသည့် ဖြစ်စဉ်များကြောင့် မန္တလေးမြို့တွင် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ပြီးနောက် ရွှေစာရံဘုရားပွဲတော်သို့ မန်းသူမန်းသားများ လာရောက်လည်ပတ်မှုနည်းပါးခဲ့ကာ ထင်သလောက် မရောင်းခဲ့ရပဲ အရင်းပါရှုံးခဲ့ကြောင်း ထန်းရွက်ပုတီးသည်များကပြောပြသည်။ ‘‘မန္တလေးမှာ မီးမလောင်ပါစေနဲ့၊ တစ်ခုခုမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ပွဲစပြီဆို မီးလောင်တာတွေ၊ ဘာတွေ ကြားကိုမကြားချင်ဘူး’’ဟု ထန်းရွက်ပုတီးသည် အမျိုးသမီးတစ်ဦးကဆိုပါသည်။
သဘာဝဘေးဒဏ်ကိုလည်း ထန်းရွက်ပုတီးသည်များ ကြုံရပါသေးသည်။ မိုးဦးလေဦး စောပြီးဝင်လာသည့်အခါ မိုးတွေ၊ လေတွေကျပြီး ဘုရားပတ်လည်ရှိ ထန်းရွက်ပုတီးဆိုင်လေးများအတွင်း မိုးရေများ ဒလဟောဝင်ရောက်လာတတ်သည်။ ဆိုင်အမိုးကာများ လေဒဏ်ကြောင့် လန်ထွက်ကုန်တတ်သည်။ ထိုအခါမျိုးဆို မိုးရေကြောက်သည့် ထန်းရွက်ပုတီးနှင့် ငါးရုပ်ကလေးများ ပျက်စီးရပါ၏။ စိုက်ထားသည့် အရင်းတွေကများတာမို့ ထန်းရွက်ပုတီးသည်များ ပွဲမပြီးမချင်း ရင်တမမနှင့်နေရ၏။ ‘‘ဘုရားပွဲကြီးပြီးပြီဆိုမှ ဒီတစ်ပွဲတော့ လွတ်ပြီဟဲ့ဆိုပြီး ဟင်းချနိုင်တယ်’’ဟု ဦးတာကဆိုပါသည်။
မည်သို့ပင်ဖြစ်စေ ရွှေစာရံဘုရားပွဲတော်ကြီးကတော့ဖြင့် နှစ်စဉ်အစဉ်အလာမပျက်ကျင်းပနေဆဲဖြစ်ပါသည်။ ထန်းရွက်ပုတီးလေးတွေကို တမက်တမောဝယ်ကြမည့် ဈေးဝယ်သူများကို အမျှော်ကြီးမျှော်နေကြမည့်သူများလည်း ရှိနေဦးမည်ဖြစ်ပါသည်။

တမုတ်ဆိုးကျေးရွာ၏ပြစ်ဒဏ်


Photo
7daynews Journal
‘‘ဒီတစ်ခါတော့ ကျုပ်က ဂါတ်တဲတိုင်တော့မှာ မရတော့ဘူး။ ဒီအရည်တွေချည်း သောက်သောက်လာတာ။ အိမ်ကနှင်ချလည်းမဆင်းဘူး။ နောက်ဆုံး ကိုယ်ပဲဆင်းရတော့မယ့်ကိန်းပဲ’’
အသက်(၆၀)ကျော်ပြီဖြစ်သည့် ဒေါ်မြက ၎င်း၏သားသမက်အကြောင်း ကရုဏာဒေါသဖြင့် ပြောပြနေခြင်းဖြစ်သည်။
ဒေါ်မြက အမရပူရမြို့နယ် တမုတ်ဆိုးရွာမှာနေသည်။ ဒေါ်မြ၏သမက်မှာ အလုပ်ကြိုးစားသော်လည်း အရက်ခဏခဏသောက်နေ၍ ဒေါ်မြစိတ်ညစ်ရသည်။ မူးလာလျှင် မိန်းမကို နည်းနည်းရစ်ချင်သည်။ ဒါကြောင့် သူမူးလာပြီဆိုလျှင် ဒေါ်မြက ရပ်ကွက်လူကြီးပြေးခေါ်လေ့ရှိသည်။ ရပ်ကွက်လူကြီးပြေးခေါ်ရတာကလည်း အကြောင်းရှိသည်။ ဒေါ်မြတို့ တမုတ်ဆိုးရွာတွင် အခြားကျေးရွာများနှင့် အနည်းငယ်ခြားနားနိုင်သည့် ဒဏ်ပေးစနစ်များ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
အခြားကျေးရွာနှင့် ရပ်ကွက်များတွင် ညကြီးအချိန်မတော် လင်မယား (သို့မဟုတ်) ဆွေမျိုးသားချင်း အိမ်နီးချင်းရန်ဖြစ်နေသည်ပဲဖြစ်ဖြစ်၊ မူးလာပြီးဆူရင်ပဲဖြစ်ဖြစ် ရပ်ကွက်လူကြီးရောက်မလာမချင်း ပတ်ဝန်းကျင်ရှိသူများ အိပ်ရေးပျက်ရပါလိမ့်မည်။ စိတ်ညစ်ရပါလိမ့်မည်။ နောက်ဆုံးမခံမရပ်နိုင်ဖြစ်၍ သွားပြောပါက ပြဿနာက သင့်ထံသို့ပင် မြားဦးလှည့်လာနိုင်ပါသည်။
တမုတ်ဆိုးရွာတွင်တော့ ပတ်ဝန်းကျင်အထိတ်တလန့်ဖြစ်အောင် ရန်ဖြစ်နေတာမျိုး မူးပြီးဆူညံနေတာမျိုးဖြစ်သည်ဆိုပါက ဆယ်အိမ်ခေါင်း(သို့မဟုတ်) ရပ်ရွာလူကြီးတစ်ဦးဦး ဓာတ်မီးတ၀င့်ဝင့်ဖြင့် ရောက်လာပါမည်။ ညကြီးအချိန်မတော်မို့ မဖြစ်သင့်ကြောင်း ဘေးပတ်ဝန်းကျင်များကို အားနာရန်၊ မနက်လင်းမှသာ အေးအေးဆေးဆေးဖြေရှင်းရန် ဖျောင်းဖျလေ့ရှိပါသည်။ ပြောစကားနားထောင်ပြီး ငြိမ်သက်သွားတာလည်းရှိသလို နားမထောင်ဘဲ ဆက်ရန်ဖြစ်နေတာမျိုးလည်းရှိသည်ဟု တမုတ်ဆိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ကပြောပြသည်။
‘‘အဲလိုသွားဖျောင်းဖျလို့မှ မရဘူးဆိုရင်တော့ နောက်တစ်နေ့မနက် ဆင့်ခေါ်ရတော့တာပဲ’’ဟု ဦးလှိုင်ကပြောသည်။
ရပ်ရွာအတွင်းရှိ ရပ်မိရပ်ဖများကိုဖိတ်ခေါ်ကာ ရန်ပွဲကိုဖျန်ဖြေပေးရသည်။ ဖြစ်စဉ်ကို နားထောင်ပေးရသည်။ တစ်ယောက်ပြီးမှတစ်ယောက်ပြောရသည်။ လုမပြောရ။ နှစ်ဖက်ပြောစကားနှင့် သက်သေများ၏ ထွက်ဆိုချက်အပေါ်မူတည်ကာ မှန်သူမှားသူခွဲရသည်။ နောက်ဆုံးမှားတဲ့သူကိုတော့ဖြင့် ရပ်ရွာကချမှတ်ထားသည့်စည်းကမ်းအတိုင်း ရွာလည်လမ်းမ၏ လိုအပ်သည့်နေရာတွင် ကျောက်တစ်စီးဆိုတစ်စီး၊ နှစ်စီးဆိုနှစ်စီး ၀ယ်ပြီးလမ်းခင်းပေးရသည်။
‘‘ရပ်ကွက်လူထုကို တအားစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ကျောက်ကားနှစ်စီးလောက်ချရတယ်။ ကိုယ်တိုင်လမ်းခင်းရတယ်’’ဟု ရွာလူကြီးဦးလှိုင်ကပြောပြသည်။
အချို့ကျပြန်တော့ ရန်ဖြစ်ပြီဆိုကတည်းက မိန်းမတွေအဖြစ်များတာမို့ ဆံပင်ဖွာလန်ကြဲ၊ ထဘီဖို့ရိုးဖားရားဖြင့် ရှိုက်ကြီးတငင်ငိုကြွေးကာ ရွာလူကြီးအိမ်သို့ ဦးအောင်လာတိုင်ကြသည့်သူလည်း ရှိသည်။ အဲလိုလူတွေကျတော့ ရေပြေးခပ်တိုက်ပြီး စိတ်ငြိမ်သွားအောင် လုပ်ပေးရသည်။ ယပ်တောင်ခပ်ပေးရသည်။ အချို့ အမျိုးသမီးတွေကျတော့ ရန်ဖြစ်လို့လာတိုင်ရင်း ရွာလူကြီးအိမ်ရောက်မှ တက်သွားလို့ ပျာပျာသလဲ ပြုစုရတာလည်း ကြုံဖူးသည်ဟု ရပ်ရွာလူကြီးများကဆိုပါသည်။
‘‘ခြေမချိုးတဲ့သူချိုး ပါးစပ်လေမှုတ်ပေးတဲ့သူကပေး အလုပ်ကိုရှုပ်သွားတာပဲ’’ဟု ရွာလူကြီးဦးလှိုင်က ရယ်မောရင်းပြောသည်။
ရွာထဲရန်ဖြစ်ပြီဆို နီးစပ်ရာအိမ်နီးနားချင်းတွေက ကူဆွဲပေးကြသည်။ သို့သော် အမြဲတမ်းသွားဆွဲကာ ဖျန်ဖြေပေးရဲကြသည်တော့မဟုတ်။ ‘‘ကျုပ်တူလင်မယား
ရန်ဖြစ်နေလို့သွားဆွဲတာ အိမ်ပေါက်လည်းအရောက် ကံကောင်းလို့ခေါင်းမပေါက်တာ။ ကျောက်ပျဉ်ကြီးလွင့်ထွက်လာတာ။ မနည်းရှောင်လိုက်ရတယ်။ အဲဒီနောက်ပိုင်းမဆွဲရဲတော့ဘူး။ ရွာလူကြီးပြေးပြောလိုက်တာပဲ’’ဟု တမုတ်ဆိုးရွာနေ ဒေါ်မြကပြောပြသည်။
ညခင်းရန်ဖြစ်တာတစ်ခုတည်းကို အရေးယူသည်မဟုတ်ပါ။ နေ့ညမရွေးရန်ဖြစ်ခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်း၊ ရိုင်းစိုင်းစွာနေထိုင်ခြင်းများကိုလည်း ခေါ်ယူသတိပေးဆုံးမတတ်ပြီး လက်မခံပါက ဒဏ်ပေးစနစ်ကျင့်သုံးရသည်ဟု ရပ်ရွာလူကြီးများကပြောကြားသည်။
ရပ်ရွာကဖြေရှင်းပေးသည်ကို လက်မခံခြင်း (သို့မဟုတ်) ပြစ်ဒဏ်ကြီးမားနေသည်ဆိုလျှင်တော့ ရဲစခန်းကိုသာ ပို့လိုက်ရသည့်ဖြစ်စဉ်တွေလည်း ရှိသည်ဟု ရွာလူကြီးများကဆိုပါသည်။
တမုတ်ဆိုးရွာ၏ အခြားဒဏ်ပေးစနစ်များလည်း ရှိပါသေးသည်။ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် ရွာဓလေ့ထုံးစံအတိုင်း ၀ိုင်းကြ၀န်းကြကူညီကြတာတွေရှိသည်။ လူပျိုဆိုလျှင် ထမင်းလိုက်၊ ဟင်းလိုက်၊ ပန်းကျန်ချ၊ အပျိုဆိုလျှင် မဏ္ဍပ်ပေါက်ပန်းကမ်း၊ ဆေးလိပ်ကမ်း၊ ရေမွှေးဖျန်း အစရှိတာလေးတွေ ၀ိုင်းကူရသည်။ အဲဒီအတွက် အလှူရှင်က ကာလသားခေါင်းနှင့် အပျိုခေါင်းများမှတစ်ဆင့် လူပျိုအတွက် ဆေးလိပ်တစ်လိပ်၊ အပျိုအတွက် အာချီမိတ်ကပ်ဘူးတစ်ဘူးဖြင့် အလှူပွဲကူပေးရန် တစ်ရက်ခြားကြိုတင်ကာဖိတ်တတ်သည်။ ဖိတ်တုန်းအလှူပွဲနေ့မှာ ခရီးဝေးသွားရန်ပဲဖြစ်ဖြစ် အခြားကိုယ်ရေးကိုယ်တာအရေးကြီးကိစ္စရှိတာပဲဖြစ်ဖြစ် ခွင့်တောင်းလို့ရပါသည်။ အလှူပွဲနေ့မှာ ကာလသားခေါင်းတွေ၊ အပျိုခေါင်းတွေက လူစာရင်းစစ်ကြပြီ။ ဖိတ်ထားတာကိုလက်ခံပြီး အလှူပွဲနေ့မှာ ရောက်မလာခဲ့ဘူးဆိုရင်တော့ နေမကောင်းထိုင်မသာဖြစ်တာကလွဲလို့ တမုတ်ဆိုးရွာ၏ဓလေ့ထုံးစံအတိုင်း တာဝန်ပျက်ကွက်မှုဖြင့် တိုက်ပန်းကန်ပြားဆယ်ချပ်ဝယ်ပြီး ရပ်ရွာဘုံပိုင်ပစ္စည်းအဖြစ် လှူရပါသည်။ ရပ်ရွာမှ တာဝန်ပျက်ကွက်ပြီး လှူဒါန်းသူ၏နာမည်ကို ပန်းကန်ပြားတွင် ကျကျနနရေးထိုးပေးပါသည်။ ‘‘အိမ်ကသမက်အလှူမှာ ပန်းကန်ဆေးကျတာမသွားဘဲ ရှင်လောင်းလှည့်နဲ့ လိုက်သွားတာ ပန်းကန်ဆယ်ချပ် ၀ယ်လှူလိုက်ရတယ်လေ။ အဲဒါတောင် သူကမမှတ်ဘူး’’ဟု ဒေါ်မြက မေးလေးငေါ့ကာပြောပြသည်။
အလှူလှည့်ရာတွင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကို မဲစနစ်ဖြင့် ရွေးချယ်တတ်သည်။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်နေရာများ မဲပေါက်ခဲ့ပြီဆိုရင်တော့ အပျိုချောတွေ ပျော်တပြုံးပြုံး။ အဲလိုမဟုတ်ဘဲ တခြားကိုယ်မလိုချင်တဲ့နေရာတွေ ပေါက်ပြီဆိုရင် မျက်နှာတွေပျက်ကြပြီ။ မိန်းကလေးတွေမို့ တကယ့်နေရာလိုချင်ကြတာလည်းသဘာဝမို့ ကိုယ်မ၀တ်ချင်တဲ့အ၀တ်အစားနေရာမျိုးကျပြီဆိုရင် အချို့မိန်းကလေးတွေက အလှူလှည့်မည့်နေ့မှာ မလာတော့တာတွေရှိသည်။ အဲလိုလုပ်လာခဲ့ပြီဆိုရင်လည်း ထိုအပျိုချော ပန်းကန်ဆယ်ချပ်ဝယ်ဖို့သာ ပြင်ပေတော့။
သာရေးမှမဟုတ်။ နာရေးဆိုလျှင်လည်း ရွာဓလေ့အတိုင်း ၀ိုင်းကူရပါသည်။ နာရေးရှိပြီဆိုလျှင် ဒေသအခေါ် သူငယ်ချင်းကြေးဟုခေါ်သည့် နာရေးကူငွေအဖြစ် တစ်အိမ်ငါးရာပေးရသည်။ မပေးဘူးဆိုလျှင် ငါးရာအပြင် ပန်းကန်ပြားဆယ်ချပ် လှူရမည်ဖြစ်သည်။
‘‘နာရေးမှာတော့ ဒဏ်မရိုက်ရပါဘူး။ ကူကြပါတယ်’’ဟု ရွာ၏သာရေးနာရေးအဖွဲ့အစည်းအတွင်း ပါဝင်နေသော ကိုမောင်ကြူကပြောပါသည်။
ယခုတော့ တမုတ်ဆိုးရွာလေးတွင် ပြစ်ဒဏ်ကြောင့်လား ရှက်၍လားတော့မသိ။ ယခင်တုန်းကလို ရန်ဖြစ်ဆဲဆိုတာတွေ မူးပြီးဆူတာတွေနည်းသွားသည်ဟု ရွာသူရွာသားအချို့ကဆိုပါသည်။ ‘‘ကြီးတဲ့အမှုငယ်စေဆိုတဲ့ သဘောမျိုးနဲ့ပါ။ ကျွန်တော်တို့က ဆုံးဖြတ်ပေးတာမဟုတ်ဘဲ ဖြေရှင်းပေးတာပါ။ အဲဒါကိုလက်မခံဘူး။
ကျွန်တော်တို့အဆင့်နဲ့ ဖြေရှင်းလို့လည်းမရဘူးဆိုရင်တော့ ရဲစခန်းကိုပဲလွှဲပေးလိုက်တာပါပဲ’’ဟု ရွာလူကြီးဦးလှိုင်ကဆိုပါသည်။
ရန်ဖြစ်ဆဲဆိုတာတွေနည်းသွားတော့ အေးအေးချမ်းချမ်းနေထိုင်ရ၍ စိတ်ချမ်းသာသူတွေလည်းရှိသည်။ သို့သော် အဲဒီလို စိတ်ချမ်းသာတဲ့လူတွေထဲတော့ ဒေါ်မြမပါသေးပါ။ ဒေါ်မြက သမက်မူးလာတိုင်း ရွာလူကြီးပြေးခေါ်နေကျ။ သမက်ကလည်း မူးရုံသာမူးပြီးမဆူတော့ ရွာလူကြီးတွေဒဏ်ပေးရအခက်။ ဒါကြောင့် နောက်မလုပ်ရန် ပြောဆိုဆုံးမ၍သာ လွှတ်ပေးရသည်။ ဒါကို ဒေါ်မြကတော့ မကျေနပ်သေး။
‘‘ကျုပ်သမက်ကို မှတ်လောက်သားလောက်အောင် ဒဏ်တပ်စေချင်တာ။ ခက်တာက သူက သောက်သာသောက်တာ။ ဘေးပတ်ဝန်းကျင်ကို ဆူအောင်မလုပ်ဘူးဆိုတော့ ဒဏ်တပ်ရခက်နေတယ်လေ’’ဟု ဒေါ်မြကပြောပြသည်။
မည်သို့ပင်ဖြစ်စေ ဒေါ်မြတို့ တမုတ်ဆိုးရွာတွင် ရန်ဖြစ်ဆဲဆိုသံငြိမ်းကာ ရပ်ရွာလုပ်ငန်းတွေ တာဝန်ကိုယ်စီထမ်းရင်း အလှူပွဲသုံးပန်းကန်ပြားတွေက အလှူသုံးလေးပွဲလောက် ပြိုင်လုပ်ရင်တောင် လောက်ငနေပြီ။ ရွာလယ်က မြေသားလမ်းလည်း ကျောက်လမ်းတဖြည်းဖြည်းဖြစ်စပြုလာပြီ။ သို့သော် အချို့လမ်းနေရာလေးတွေမှာတော့ မြေသားလေးတွေက ပြူတစ်ပြူတစ် ထွက်ပေါ်နေတုန်းပင် ဖြစ်ပါသည်။

ထန်းတောထဲမှ ထန်းခြောက်သံ


စာဖတ်သူထံတွင် အညာသူအညာသား မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သင့်ထံ အလည်လာသည့်အခါ ဒေသလက်ဆောင်များယူလာခဲ့မည်ဆိုပါလျှင် သေချာပေါက်ပါလာနိုင်သည့် ဒေသထွက် အစားအစာလေးတစ်ခုရှိပါသည်။ ညိုညစ်ညစ်ရောင် ထန်းလျက်ခဲလေးများပင်ဖြစ်ပါလိမ့်မည်။

ထိုထန်းလျက်တစ်ခဲကစားလျှင်သာ နှစ်ကိုက်လောက်ဝါးစားလိုက်လျှင် ကုန်သွားနိုင်ပေသိ ထန်းလျက်တစ်ခဲဖြစ်ဖို့ကတော့ အဲသလောက်မလွယ်။ ထန်းလျက်ခဲလေးများဖြစ်ဖို့ ဖြတ်ကျော်ရသည့်လုပ်ငန်းတွေက များမှများဟု ထန်းတက်လုပ်ငန်းလုပ်ကိုင်သူများသည့် နွားထိုးကြီးမြို့နယ် လက်ပံရွာမှ ထန်းတောင်သူများကဆိုသည်။

နံနက်လေးနာရီလောက်မို့ အိပ်ကောင်းချိန်ဆိုပြီး ထန်းသမားမယားများ အိပ်ရာထဲဇိမ်ယူကွေးနေလို့မရပါ။ မလင်းမီလုပ်ငန်းခွင်ဝင်တော့မည့် ထန်းသမားလင်သားအတွက် ထမင်းချက်ပြုတ်ရပါ၏။ ထမင်းဟင်းကျက်ပြီဆိုလျှင် လင်တော်မောင်ထန်းသမားကိုနှိုးကာ ထမင်းကြွေးရသည်။ တောသူတောင်သားမို့ ထမင်းအစားကြမ်းသော်လည်း ထန်းသမားများအဖို့ ၀အောင်စား၍မရပေ။

“တအားဝအောင်စားလို့မရဘူး။ ဗိုက်ကားအောင်စားထားရင် ထန်းမတက်နိုင်တော့ဘူး”ဟု ၀ါရင့်ထန်းသမားဦးစန်းမြင့်ကဆိုပါသည်။

လင်တော်မောင် ထမင်းစားနေချိန် နှစ်ခြိုက်စွာအိပ်မောကျနေသည့် သားသမီးများကို နှိုးရပါသည်။ ထန်းရည်မြူအိုးများ ထန်းပင်အောက်များသို့ သွားချပေးရန်ဖြစ်သည်။ ထိုကဲ့သို့ သွားချပေးမှသာ ထန်းသမားအဖို့ ထန်းရည်ချသည့်ကိစ္စ အဆင်ပြေနိုင်မည်ဖြစ်သည်။ ကလေးများက တအည်းအဲအဲဖြင့် အိပ်ရာကထရ၏။ ပြီးနောက် မြူအိုးလေးများကို ကြိုးထိုး၊ ထန်းရည်မချဉ်စေရန်ထုံးပက်ကာ လက်နှိပ်ဓာတ်မီးလေးများဖြင့် ထန်းပင်ခြေရင်းများသို့ လိုက်ချပေးရ၏။

“ပုခက်ထဲက ကလေးပဲ မခိုင်းတာပဲ။ သုံးလေးနှစ်ကလေးဆိုရင်တော့ နိုင်သလောက် မြူအိုးသွားချခိုင်းရတာပဲ”ဟု ထန်းသမားဦးဘိုစောက ရယ်မောရင်းပြောပြသည်။ ထန်းသမားတွေက ထန်းပင်တွေကို နာမည်ပေးထားတတ်သည်မို့ ကလေးတွေက ဖခင်ဖြစ်သူ ထန်းသမားချခိုင်းသည့်အပင်အောက် သွားချရသည်။ မိတုတ်ကြီးကို ဘယ်နှလုံးချ၊ မိတုတ်လေးကို ဘယ်နှလုံးပဲချ စသဖြင့်။

စားသောက်ပြီးပြီဆို ထန်းတက်ကိရိယာအစုံယူကာ ထန်းပင်အောက်သွား၊ ပထမဆုံးတက်မည့်ထန်းပင်ရှေ့ ဖိနပ်ချွတ်ကာ လက်အုပ်ချီ ထန်းတက်လှေကား ရင်းထောင်နှင့် နဖူးထိကာ နှုတ်မှ “လက်ကလွတ် ခြေကမြဲပါစေ၊ ခြေကလွတ် လက်ကမြဲပါစေ”ဟု ရွတ်ဆိုဆုတောင်းရသည်။

ထန်းပင်ပေါ်ကကျလျှင် သေတာနှင့်ကျိုးတာတစ်ခုခုမို့ လေးလေးနက်နက်ထားကာလုပ်ရသည်ဟု ထန်းသမားများကဆိုပါသည်။

ပြီးနောက် အပင်ခြေရင်းမှ မြူအိုးအလွတ်များကို ခါးတွင်ချိတ်ကာ အပင်ပေါ်တက်၊ အပင်ပေါ်မှာပြည့်နေပြီဖြစ်သည့် ထန်းရည်မြူအိုးဖြင့်လဲလှယ်ကာ တစ်ခါပြန်ဆင်းရသည်။

ထန်းသမားထန်းတက်ချိန် ချက်ပြုတ်ပြီးပြီမို့ ထန်းသမားမယား အားပြီမထင်ပါနှင့်။ ကလေးတွေကောက်ပေးလာသည့် ထန်းရည်မြူအိုးများကို ထန်းလျက်ကျိုဖို့ စပြင်ရပါပြီ။ ခြောက်ဖိုခန့်တွဲထားသည့် ဖိုများကိုမီးထိုးကာ ထန်းလျက်ချက်ဖို့ပြင်ရပါ၏။ ကလေးတွေက ကျောင်းသွားချိန်ရောက်ပြီဆိုလျှင် ထန်းသမားမယား ပျာယာခတ်လေပြီ။ ထန်းလျက်ကျိုလိုက်၊ မြူအိုးကောက်လိုက်ဖြင့် တဲနဲ့ထန်းပင် အခေါက်ပေါင်းမရေမတွက်နိုင်အောင် ပြေးရသည်ဟု ထန်းသမားမယားများက ပြောပြသည်။ ထန်းလျက်ဖိုမှ မီးအပူက ရင်ကိုလာရိုက်၏။ ချွေးတွေက တပြိုက်ပြိုက်ကျ၏။ မွှေနေတုန်းများ သွားမစလိုက်နှင့်။ ယောက်မနှင့် အရိုက်ခံရပြီသာမှတ်။

ထန်းရည်တွေကိုကျိုချက်ရင်း ကျလာပြီ၊ အစေးကပ်လာပြီဆို ထန်းလျက်အဆင့်သို့ရောက်ရန် နီးစပ်လာပြီဖြစ်သည်။ ယောက်မဖြင့် မရပ်မနားမွှေပေးပြီးနောက် မီးဖိုပေါ်မှချကာ ရေတစ်ဖလားပြေးယူကာ ထန်းလျက်လုံးရသည်။ ထန်းသမားမယားအပြင် ကလေးတွေပါ ထန်းလျက်ဝင်လုံးရ၏။ ထန်းလျက်တွေက အေးသွားလျှင် ခဲသွားတော့မှာမို့ ပူပူလောင်လောင်နှင့်ပင် လက်ကိုရေဆွတ်ကာလုံးရသည်။ နံနက်ခင်း ၁၀ နာရီ ၁၁ ၀န်းကျင် ထန်းသမားများ ခဏနားသည်။ ခဏနားသည်ဆိုပေမယ့် ထန်းသမားများ နားနားနေနေမနေရပါ။ ထန်းတက်သည့်ရင်းထောင် ကြံ့ခိုင်စေရန် ပြုပြင်နေရပါသေးသည်။

ထန်းပြန်တက်ချိန် နေ့လယ်နေ့ခင်းမို့ အပျင်းပြေ ရေဒီယိုလေးချိတ်ကာ ထန်းတက်သူတွေလည်း ရှိသည်။ ကပေါက်တိကပေါက်ချာ ရရာသီချင်းအော်ဆိုနေသူတွေလည်းရှိသည်။ ရာသီဥတုကောင်းရင်တော့ ထန်းရည်ချိုကျကာ ထန်းလျက်များများထွက်မည်မို့ ထန်းသမားများမြူးကြွပြီး ပျော်နေတတ်ကြသည်။ အဲဒီလိုအခါမျိုး ထန်းတောထဲဝင်လိုက်ပြီဆိုလျှင် ထန်းတစ်ပင်ပေါ်ကနေတစ်ပင် လှမ်းစနောက်နေသည့် ထန်းသမားတွေရဲ့အသံတွေက ဟိုအပင်ပေါ်ကထွက်လာလိုက် ဒီအပင်ပေါ်က ထွက်လာလိုက်နှင့်။ “ဥတုမကောင်းလို့ ထန်းရည်ချိုမရဘူးဆိုရင်တော့ ထန်းသမားတွေငြိမ်နေတာပဲ”ဟု ထန်းသမားဦးစန်းမြင့်ကပြောသည်။

ထန်းပင်အောက်မှာတော့ မြူအိုးကောက်တဲ့ကလေးကကောက် မယားကထန်းလျက်ကြို၊ အိုးဖုတ်သူကဖုတ်၊ ထန်းလျက်လုံး စသဖြင့်လုပ်လာလိုက်တာ ညနေ ၆ နာရီလောက်မှာတော့ ထန်းလျက်ချက်တဲ့လုပ်ငန်းပြီးမြောက်သည်။ ထန်းသမားမယားနှင့် ကလေးများက ထန်းရည်မြူအိုးအလွတ်များကို မီးဖုတ်ရသည့်အလုပ်ကိုလည်း လုပ်ရပါသေးသည်။ ထန်းရည်ချိုကောင်းစေရန်၊ အချဉ်နံ့မထွက်စေရန်၊ အိုးသန့်သွားစေရန် မီးဖုတ်ရခြင်းဖြစ်သည်။

ထန်းလျက်ချက်ပြီးသွားပေမယ့် ထန်းသမားတွေကတော့ ထန်းပင်ပေါ်က မဆင်းရသေးပါ။ တက်နေရတုန်းပင်ဖြစ်သည်။ ညမှောင်စပျိုးလာတော့ ထန်းတက်ရတာ သိပ်မမြင်ရတော့။ ဒါကြောင့် အောက်မှာရှိတဲ့သူတွေက ထန်းပင်ပေါ်ကလူတွေ ထန်းတက်ရတာမြင်ရအောင် ထန်းလက်တွေကို မီးရှို့ပေးရသည်။ ထိုအချိန်ဆို ထန်းတောထဲမှာ မီးတွေက ၀င်းလက်နေသည်။ ထန်းသမားတွေ လုပ်ငန်းပြီးတော့ ည ၈ နာရီခန့်ရှိပြီ။

တစ်နေကုန်ပင်ပန်းထားကြသည်မို့ ထန်းသမားမိသားစုတွေ အပန်းတော်ဖြေကြပြီ။ ကက်ဆက်ဇာတ်လမ်းဖွင့်သံ၊ ရေဒီယိုသတင်းနားထောင်သံ၊ ကလေးတွေရဲ့ဆော့ကစားကြတဲ့ အသံတွေက ထန်းတောကြီးထဲမှာ ပဲ့တင်ထပ်လို့။ “ထန်းတောထဲမှာ ရွာကြီးတစ်ရွာလိုကိုဖြစ်နေတာ”ဟု ထန်းသမားမယားတစ်ဦးဖြစ်သူ ဒေါ်ကြည်အေးကဆိုပါသည်။ ထန်းသမားတွေက လူကသာနားနေပေမယ့် နောက်နေ့တက်ရမည့်ထန်းပင်တွေကို ဘယ်အပင်ကိုတော့ ဘယ်လိုပြင်ရဦးမည်၊ ဘယ်အပင်ကိုတော့ ဘာလုပ်ရဦးမည် စသဖြင့် တွေးတောကာ အိပ်ပျော်သွားတတ်သည်ဟု ထန်းတက်သမားများကဆိုပါသည်။

ကဆုန်၊ နယုန်ကာလဆို လေတွေဝုန်းဒိုင်းကြဲအောင်တိုက်သည့်အခါမျိုးတွေရှိသည်။ လေပြင်းတွေကြောင့် ထန်းပင်တွေလှုပ်ခါယမ်းနေတတ်ပြီး ထန်းပင်ပေါ်က အိုးတွေအချင်းချင်းရိုက်မိခြင်း၊ အပင်ပေါ်မှလျှောကျခြင်းများ ဖြစ်တတ်ပါသည်။ လေငြိမ်သွားပြီဆို ထန်းပင်အောက်ခြေများတွင် ထန်းရည်မြူအိုးအကွဲအစလေးများ ပြန့်ကျဲနေတတ်သည်။

“အိုးနဲ့ထန်းရည်ကတော့ ဆုံးတာပေါ့။ မြူအိုးကိုချည်တဲ့ကြိုးကိုတော့ ပြန်ကောက်ပြီးသုံးရတယ်”ဟု ဒေါ်အေးကဆိုသည်။

နယုန်လထဲတွင် ထန်းတောထဲ ဒေါ်ရင်းကောင်ဟုခေါ်သည့်အကောင်များက ဆူညံစွာအော်ဟစ်တတ်သည်။ ထိုအကောင်များအော်ပြီဆိုလျှင် ထန်းရည်ချိုမထွက်တော့သည့် ကာလရောက်တော့မည်မို့ ထန်းသမားမိသားစုများ စိတ်ညစ်ညူးရလေပြီ။

“ဒေါ်ရင်းကောင်တွေအော်ပြီဆို ထန်းရည်တွေမထွက်တော့ဘဲ ထန်းလျက်မရတော့မှာမို့ စိတ်ဆင်းရဲတယ်။ ကလေးတွေကတော့ ဒီအကောင်တွေအော်လို့ ထန်းရည်မရတာလို့ဆိုပြီး လိုက်ရိုက်ကြတာ”ဟု ဒေါ်အေးကပြောပြသည်။

အခြားတောင်သူလုပ်ငန်းများအတွက် မိုးမျှော်ရပေသိ ထန်းတောင်သူတို့အတွက်တော့ မိုးရွာမှာကိုကြောက်နေရ၏။ မိုးကြီးပြီဆိုလျှင် အပင်ပေါ်က ထန်းရည်မြူအိုးထဲ မိုးရေတွေဝင်ကုန်တာကြောင့် ထန်းရည်မြူအိုးတွေ သွန်ပစ်လိုက်ရသည်။ မိုးတအားရွာတော့ ထန်းလျက်တွေ အစိုပြန်ကုန်မှာစိုးရတာကြောင့် လူတွေလုံလုံမလုံလုံ ထန်းလျက်တောင်းတွေကို လုံအောင်လုပ်ရသည်။ လေတွေပါပါလာပြီဆိုလျှင် ထန်းရည်ချိုပုံးတွေလည်း မျောပါသွားတတ်ပါသေးသည်။

ဝါခေါင်လလောက်ဆို ထန်းရည်မထွက်တော့ပြီမို့ ထန်းသမားများ ထန်းလုပ်ငန်းသိမ်းချိန်တန်လေပြီ။ အမြတ်အစွန်းရှိပြီဆိုလျှင် တောင်သူလုပ်ငန်းအတွက် နွားတွေဝယ်ကြ၊ လျှပ်စစ်မီးမရသူတွေမို့ ဆိုလာပြားတွေဝယ်ကြ၊ ဆိုလာရှိပြီးတဲ့သူတွေက တီဗီတွေဝယ်ကြဖြင့် ပျော်မြူးနေတတ်ကြသည်။ အမြတ်အစွန်းမရဘူး၊ ထန်းလျက်ဈေးမကောင်းဘူးဆိုလျှင်တော့ ထန်းသမားများအခက်တွေ့ကြရပြီ။ ခြောက်လကျော်လုပ်လာရသည့် လုပ်အားခဆုံးရှုံးသည့်အပြင် အကြွေးပါတင်သွားကြ၏။

ထို့အပြင် ထန်းလျက်ကျိုဖို့ ထင်းတွေကရှားပါးလာပြီး ဈေးတွေကြီးလာသည်။ မြူအိုးဖိုးနှင့် မြူအိုးချည်တဲ့ ကြိုးဈေးတွေကလည်း ကြီးလာပြန်သည်။ ပိုပြီးဆိုးတာက ထန်းလျက်ဈေးတွေကကျလာတော့ ထန်းတောင်သူများ အခြေအနေမဟန်တော့။ မရေရာတော့သည့် ထန်းလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနှင့် ပြည်တွင်း အခြားဒေသများသို့ထွက်ကာ ရရာအလုပ်လုပ်လာရသည်ဟု ထန်းတောင်သူများက ဆိုပါသည်။ ထန်းတက်သူမရှိဘဲ ပစ်ထားရသည့် ထန်းပင်တွေက များလာသည်။

နွားထိုးကြီးမြို့နယ် လက်ပံရွာတစ်ရွာတည်းတွင်ပင် ထန်းတက်သူဦးရေ ထက်ဝက်ခန့်လျော့ကျသွားသည်ဟု ထန်းတောင်သူများကဆိုပါသည်။ “ထန်းသမားတွေက ထန်းလျက်ခဲလေးတစ်လုံးဖြစ်ဖို့ကို တစ်မိသားစုလုံး ရုန်းကန်ရတာ။ ထန်းလျက်ဈေးတွေကမကောင်းတော့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ထန်းသမားတွေ ထန်းမတက်ကြတော့ဘဲ ရရာအလုပ်တွေ ပြောင်းလုပ်နေကြရတာ။ ကြာရင် ထန်းလျက်လုပ်ငန်း ပျောက်သွားမှာတောင် စိုးရိမ်ရတယ်”ဟု နွားထိုးကြီးမြို့နယ်မှ ထန်းလျက်ပွဲစားတစ်ဦးကဆိုပါသည်။

ယခုတော့ လက်ပံရွာက ထန်းတောထဲမှာ ထန်းလျက်ချက်ဖို့ဝေးစွ၊ ထန်းသမားမိသားစုများ နေထိုင်ခဲ့သည့် တဲအိမ်လေးတွေမှာပင် နေသူမရှိ ယိုင်ထိုးကာ ပျက်စီးစပြုနေလေပြီ။ ထန်းလျက်ချက်တဲလေးတွေထဲမှာလည်း ထန်းရည်မြူအိုးလေးတွေက ဟိုနေရာတစ်အိုး၊ သည်နေရာတစ်အိုး ပြန့်ကျဲနေလေပြီ။ ထန်းလျက်ချက်တဲ့ ဒယ်အိုးတွေကလည်း အသုံးပြုသူမရှိ မှောက်လျက်ပင်။

ခင်မင်ရသော အညာသူအညာသားမိတ်ဆွေများ၏ အညာကအပြန် ယူဆောင်လာမည့် ထန်းလျက်ခဲလေးများကို မက်မက်မောမော မျှော်လင့်ချင်ပါသေးသည်။

Wednesday, January 29, 2014

ခိုတောင်မုန့်တီအလွမ်း


အဝေးရောက် မန္တလေးသူ၊ မန္တလေးသားများ မိမိဒေသထွက်အစားအစာများကို လွမ်းမိသည့်အခါ မဖြစ်မနေသတိရမိနိုင်သည့် အစားအစာတစ်ခုရှိပါသည်။ ထိုအစားအစာက ကိုယ်ဒေသထွက် အစားအစာမဟုတ်ပေသိ မန္တလေးနဲ့ခွဲလို့ပင်မရတော့။ မန္တလေးမြို့ရဲ့ မိသားစုဝင်အစားအစာတစ်ခုလိုပင် ဖြစ်နေပြီ။ မြန်မာဆန်ဆန် အမည်ပေးထားကြပြီး ခိုတောင်မုန့်တီဟု အမည်တွင်ပါသည်။

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဥ့်ထည်အိုးသေးလေးများ၊ စဥ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကိုအသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားကြသည်။ ဟင်းချို တစ်နေကုန်နွေးနေအောင်ဖြစ်သည်။ မြေအိုးတွေ၊ စဥ့်အိုးတွေ၊ ပန်းကန်တွေ၊ မုန့်ဖတ်သုံးလေးပိဿာ၊ ပန်းကန် ၁၀ လုံးခန့်ထည့်ထားသည့် မုန့်တီတောင်းက ခေါင်းကိုပုဝင်သွားမတတ်။

ဟိုအရင်ခေတ်တွေတုန်းကတော့ ခုလိုမန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေမပေါ်သေး။ ခိုတောင်မုန့်တီသည်တွေက ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ရသည်ဟု (၁၈)နှစ်အရွယ်ကတည်းက မုန့်တီရောင်းခဲ့သည့် အသက်(၆၅)နှစ်အရွယ် ခိုတောင်ရွာသူ ဒေါ်သန်းစိန်ကပြောသည်။ နံနက်စောစော ၃ နာရီလောက်ဆို ခိုတောင်တစ်ရွာလုံးက မုန့်တီသည်တွေ အိပ်ရာထကြရပြီ။ မိသားစုဝင်သုံးဦးခန့်ဖြင့် မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး တစ်နေကုန် မုန့်သွားရောင်းရမည်မို့ မနက်စောစောပေမယ့် ခေါင်းလျှော်ရေချိုးရသည်။ နေပူဒဏ်ခံနိုင်စေရန် သနပ်ခါးဘဲကြားလူးရသည်။ အသင့်ပြင်ဆင်ပြီးတော့ ခိုတောင်မြစ်ဆိပ်မှာ မုန့်တီသည်တွေစုံကြပြီ။ မန္တလေးမြို့ပေါ်ကို ငှက်လှေတွေနဲ့ကူးကြပြီ။ မုန့်တီသည်တွေက အများကြီးဆိုတော့ ငှက်လှေလေးငါးစီးဖြင့်ကူးရသည်။ လှေပေါ်ရောက်မှ အိမ်မှာအချိန်မရလို့ မစားဘဲထည့်ခဲ့ရသည့် ထမင်းကို ရေဖလားထဲထည့်ကာ ငှက်လှေပေါ်တွင်ပင် စားကြရသည်။

ဂေါဝိန်ဆိပ်ရောက်တော့ ကိုယ့်ဖောက်သည်တွေရှိရာ ရပ်ကွက်တွေဆီ အသီးသီးလမ်းခွဲထွက်ကြသည်။ တချို့ကျတော့လည်း နှစ်ယောက်တစ်တွဲသွားရောင်းကြသည်။ ဆေးလိပ်ခုံတွေ၊ ဖိနပ်ရုံတွေ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ဖြစ်သည်။

“အတူတူသွားလို့လည်း ရောင်းရတာမျှတယ်။ နောက်ပြီး မနာလိုတယ်ပြုတယ်လည်း မရှိကြဘူး။ ဒီဘက်အသည်မှာ ငရုတ်သီးကုန်သွားရင် နောက်အသည်က ရော့ ငါ့ထဲကလာယူ၊ သူ့ရှိပေးကိုယ်ယူ၊ ကိုယ့်ရှိပေးသူယူနဲ့ အဲဒီလိုရောင်းခဲ့ကြတယ်”ဟု ခိုတောင်မုန့်တီသည် ဒေါ်ညိုတင်ကပြောသည်။ ခိုတောင်မုန့်တီသည်တွေက သိပ်အော်ရောင်းစရာမလို။ ရောင်းနေကျအိမ်ရှေ့ မုန့်တီတောင်းချရောင်းလိုက်ရုံသာ။ ခိုတောင်မုန့်တီသည်တွေက ခိုတောင်ရွာထွက် ခုံဖိနပ်စီးကြတာဆိုတော့ ခုံဖိနပ်သံတဖြောင်းဖြောင်းသံကြားရပြီဆိုလျှင် ခိုတောင်မုန့်တီစားဖို့သာပြင်။

မန္တလေးသူ၊ မန္တလေးသားများကလည်း ဒေသစွဲကြီးသည့် ထုံးစံအတိုင်း စားနေကျမုန့်တီသည်မှစားသည်။ မုန့်တီသည်က တစ်ရက်လေးမလာရင် နေများမကောင်းနေလေသလားဟု စိတ်ပူကြတာလည်းရှိသည်။ အပျင်းထူပြီး ဈေးမထွက်တာမျိုးဆိုရင်တော့ ပြန်လာရောင်းတဲ့နေ့ ကလော်တုတ်ခံရပြီသာမှတ်ဟု ဒေါ်သန်းစိန်ကပြောသည်။ တကယ်နေမကောင်းဘူးဆိုရင်လည်း အိမ်ထဲဆေးပြေးယူ ရေတစ်ခွက်ခပ်ကာ ဆေးသောက်ချင်ချင်၊ မသောက်ချင်ချင် ဇွတ်တိုက်တတ်သည့် မန္တလေးသူ၊ မန္တလေးသားများနှင့်လည်း ဆုံခဲ့ရသည်ဟု ဆိုသည်။

“ကြာလာတော့ ဆွေတွေမျိုးတွေလိုကို ဖြစ်ခဲ့ကြတာပါပဲ”ဟု ဒေါ်သန်းစိန်ကလွမ်းဆွတ်စွာပြောသည်။

မုန့်ကုန်ပြီဆိုလျှင် ဈေးချိုထဲ ဆန်ခါခုံးတွေ ကိုယ်စီကိုင်ကာ ဈေးဝယ်ထွက်ကြပြီ။ နောက်တစ်နေ့အတွက် ဈေးရောင်းဖို့လိုအပ်သည့်ပစ္စည်းများနှင့် ဟင်းချက်စရာတွေ ၀ယ်ရခြင်းဖြစ်သည်။ ဈေးဝယ်ထွက်ပြီး ဂေါဝိန်ထိ လမ်းပြန်လျှောက် ဂေါဝိန်မှာဆုံကြတော့ ည ၇ နာရီကျော်ပြီ။ ဂေါဝိန်ရဲ့အမှောင်ထုကြား မုန့်တီသည်တွေစုံအောင် စောင့်ကြရသည်။ ဘယ်သူကတော့ ကျန်သေးတယ်။ ဘယ်ဝါကတော့မလာသေးဘူး အစရှိသည့်အသံတွေက ဂေါဝိန်ကို အမြဲတစေဖုံးလွှမ်းနေတတ်သည်။

လူစုံလို့ထွက်တော့ အမှောင်ထုက ပိုမိုကြီးစိုးလာသည်။ ငှက်လှေပေါ်ရောက်တော့ ကိုယ့်ရောင်းကြေးလေးတွေ ဈေးဗန်းထဲ သေချာဝှက်ရသည်။ “အမေတို့လက်ထက်တုန်းကဆို ခိုတောင်သည်တွေကို ဓားပြတိုက်တာတွေ ဖြစ်ဖူးတော့ လန့်ကြတယ်”ဟု မုန့်တီသည်ဒေါ်မြင့်မြင့်ဝင်းကပြောသည်။ ဧရာဝတီမြစ်ထဲမှာ ညကမှောင်မှောင် လေကတဖြူးဖြူးတိုက် ဓားပြရန်ကလည်း ကြောက်ရသေး။ လှေသမားကလွဲလို့ မိန်းမသားတွေချည်းဆိုတော့ အကြောက်ပြေအသံသေးအသံကြောင်ဖြင့် ရရာသီချင်းအော်ဆိုခဲ့ကြသည်ဟုလည်း မုန့်တီသည်များကပြောပြသည်။

ရာသီဥတုမကောင်းတဲ့အခါမျိုးဆိုရင် မုန့်တီသည်တွေ ငှက်လှေလေးထဲ ရသမျှဘုရားစာရွတ်ကာ ရင်တထိတ်ထိတ်ဖြင့် ပြန်ခဲ့ရသည့်ရက်များကလည်း မနည်းမနော။ ခိုတောင်ဆိပ်နားနီးလာလေလေ၊ အိမ်အမြန်ပြန်ရောက်ချင်လေလေ။ မှိတ်တုတ်မှိတ်တုတ် မီးအိမ်လေးတွေ ကိုယ်စီတွေ့နေရပြီဆိုရင် မကြာမီအိမ်ရောက်တော့မည်ကို မုန့်တီသည်တွေ သိကြသည်။ အိမ်မှာကျန်နေခဲ့တဲ့ လင်သားနဲ့ကလေးတွေက မီးအိမ်လေးတွေကိုယ်စီဖြင့် လာကြိုနေကြခြင်းပင်ဖြစ်သည်။

အိမ်လည်းရောက်ရော ည ၉ နာရီကျော်ပြီ။ တစ်နေကုန် မြို့တက်ဈေးရောင်းနေရသူတွေမို့ ညစာအတွက် အဆင်မှပြေပါ့မလားဟု စိတ်ပူနိုင်သည်။ သို့သော် ပူစရာမလိုပါ။ အိမ်မှာကျန်နေခဲ့တဲ့ လင်သားတွေက ခုံဖိနပ်ခုတ်လုပ်ငန်းလုပ်ရင်း ထမင်းဟင်းချက်ပြုတ်၊ အ၀တ်လျှော်၊ ကလေးထိန်း စသောအလုပ်တွေ လုပ်ထားပေးကြသည်ဟု ခိုတောင်မုန့်တီသည်များကဆိုသည်။ ဒါကြောင့် လက်ဆေးခူးစားလိုက်ရုံ။ “အဲဒါကြောင့် ခိုတောင်ရွာက ယောက်ျားတော်တော်များများ ထမင်းဟင်းချက်တတ်ကြတယ်”ဟု ဒေါ်သန်းစိန်ကပြောသည်။

ခိုတောင်သူတစ်ဦး မုန့်တီရောင်းရငွေက အိမ်စားစရိတ်ကို အတော်အတန်လေးထိန်းနိုင်သည်ဟု ခိုတောင်မုန့်တီသည်များကဆိုသည်။ ပိုလျှံသည်တော့မရှိ။ သို့သော် မုန့်တီရောင်းပြီး အလှူကြီးအတန်းကြီးမလှူနိုင်ပေမယ့် မလှူနိုင်ဈေးရောင်းဆိုသည့်အတိုင်း ကိုယ်ဈေးရောင်းရာဝန်းကျင် တွေ့သည့်ဆွမ်းခံကိုယ်တော် မုန့်တီဆွမ်းလောင်းသည်။ မယ်သီလရှင်များအား ကပ်လှူသည်။ တစ်ခါတစ်ရံ မင်းကွန်းလူအိုရုံသွားကာ မုန့်တီသွားလှူကြသည်။ တရားဟောဆရာတော်ကြီးအချို့က ခိုတောင်သည်များကပ်လှူခဲ့သည့် မုန့်တီဆွမ်းကို တရားပွဲများတွင်ပါ မမေ့မလျော့ထည့်သွင်းဟောပြောတတ်ကြသည်။

အခုတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာလို့ လှေစီးကာ သွားရောင်းရန်မလိုတော့။ ဆိုင်ကယ်တို့၊ ကားတို့ဖြင့် သွားရောင်းလာကြသည်။ မုန့်တီဖတ်ကလည်း ရွာမှာတင်ကြိတ်စရာမလိုတော့။ မန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေပေါ်လာခဲ့ပြီ။ မုန့်တီတောင်းကို မန္တလေးမြို့ပေါ် နီးစပ်ရာအိမ်တွင်အပ်ကာ လူချည်းသက်သက်သွားရောင်းရုံသာ။ အသက်အရွယ်အရ မုန့်တီမရောင်းနိုင်တော့သည့် ဒေါ်သန်းစိန်တစ်ယောက် မန္တလေးက မုန့်တီစားနေကျ ကျေးဇူးရှင် မန္တလေးသူ၊ မန္တလေးသားများကို သတိရမိသည်ဟုဆိုသည်။

“တစ်ခါတလေများ မန္တလေးမြို့ထဲ ဈေးပြန်သွားရောင်းတယ်ဆိုပြီး အိပ်မက်တောင်မက်မိတယ်”ဟု ပြောသည်။

မန္တလေးမြို့ပေါ်တွင် မန္တလေးသူ၊ မန္တလေးသားနည်းလာသည်ဟုလည်းဆိုသည်။ တိုင်းတစ်ပါးအစားအစာတွေလည်း မင်းမူလာသည်ဟုလည်း ဆိုသူကဆိုသည်။ သို့သော် ခိုတောင်မုန့်တီအပါအ၀င် မန္တလေးအစားအသောက်များကတော့ မန္တလေးမှာ “ပန်းပန်လျက်ပါ”ဟုဆိုမည်ဆိုလျှင် လွန်အံ့မထင်။ မန္တလေးရောက်ပြီဆိုလျှင် ခိုတောင်မုန့်တီတစ်ပွဲလောက်တော့ စားဖူးစေချင်လှပါသည်။ 7daynews journal အတွဲ(၁၂) အမှတ်(၄၅)


သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်



ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲတဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယားဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တော့ သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောတစ်စီးက တလှုပ်လှုပ်ဖြင့် မျှော်နေသူတို့ဆီ လာနေချေပြီ။

ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည့် ထင်းတွဲကြီးလာချေပြီ။ စောစောက ပျင်းရိလေးတွဲဖွယ်ဖြစ်နေသည့် မျက်နှာတွေ ကိုယ်စီကိုယ်စီဝင်းပသွားကာ တဲအိမ်လေးတွေအတွင်း အမြန်ဝင်လိုက်ကြသည်။ တဲအိမ်အတွင်းမှ ယူလာသည်ကတော့ သံတူးရွင်းတစ်ခုစီ။ သံတူးရွင်းကိုယ်စီဖြင့် မြစ်ဆိပ်ကို အလုအယက်ပြေးဆင်းကြသည်။ သစ်ခေါက်များ သွားခွာရန်ပင်ဖြစ်သည်။ ထို့ကြောင့် သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောကြီးကို ကလေးတွေက အမည်ပေးတတ်ကြသည်။

“ထမင်းအိုးကြီးမျောလာပြီ” တဲ့။ ထမင်းအိုးကြီးလို့အမည်ပေးရလောက်အောင်ပင် သူတို့အတွက် သစ်တင်သင်္ဘောကြီးတွေက တကယ့်ထမင်းအိုးကြီးတွေဖြစ်လာအောင် ဖန်တီးပေးတတ်သည်ဟု သစ်ခေါက်ခွာသူ အသက်(၅၅)နှစ်အရွယ် ဒေါ်ခင်ဝင်းကပြောပြသည်။ ဧရာဝတီမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် သစ်တင်သင်္ဘောတွေက ရတနာပုံတံတားအနီးက မြန်မာ့သစ်လုပ်ငန်းတွင် မျှောစာယူရန် မြစ်လယ်တွင် ကျောက်ချလေ့ရှိသည်။

ထိုအချိန် သစ်တင်သင်္ဘောပေါ်က ကြီးမားလှသော သစ်တုံးကြီးများ၏ အခေါက်ကလေးများကို အလုအယက်လိုက်ခွာရင်း ထမင်းအိုးဖြစ်အောင် ဖန်တီးကြသူတွေက ဧရာဝတီမြစ်ကူး ရတနာပုံတံတားအနောက်ဘက်ကမ်း စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တစ်ပုံတစ်ပင်။ ဟိုအရင် ရတနာပုံတံတားမထိုးခင် စစ်ကိုင်းသစ်ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်းကို ငှက်လှေတွေနဲ့ကူးကြတော့ လှေသမားတွေအလုပ်ဖြစ်ခဲ့သည်။

ခုတော့ ရတနာပုံတံတားပေါ်လာတော့ ငှက်လှေနဲ့မကူးကြတော့။ ငှက်လှေအလုပ်မဖြစ်တော့ ရရာသစ်ခေါက်ခွာတဲ့အလုပ် ၀င်လုပ်ခဲ့ရသည်ဟု အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောပြသည်။ နောက်တော့ တဖြည်းဖြည်း သစ်ခေါက်ခွာသူ များလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တဲအိမ်လေးတွေကိုပုံလို့။

သစ်တင်သင်္ဘောများ ၀င်လာပြီဆိုရင် မြစ်ဆိပ်မှာရပ်ထားတဲ့ ငှက်လှေတွေပေါ် အပြေးအလွှားတက်ကာ စက်ကိုအသားကုန်မောင်းပြီး သူ့ထက်ငါအပြိုင်အဆိုင် သစ်တင်သင်္ဘောကြီးဆီ ပြေးကြလေပြီ။ တဝေါဝေါစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကျယ်ကြား သစ်တင်သင်္ဘောကြီးဆီသို့ ငှက်လှေလေးတွေ အပြိုင်အဆိုင်မောင်းနှင်သွားကြသည်က အစာကိုအပြိုင်သုတ်ကြတော့မည့် သိမ်းငှက်များနှယ်။ ယခင်ကတော့ ငှက်လှေမှာ စက်မတပ်နိုင်ခင်က အပြိုင်အဆိုင်လှော်ခတ်ကာ သင်္ဘောနောက်လိုက်ရသည်။ ခုတော့ စက်တပ်ပြီး နည်းနည်းတော့ အမောသက်သာသည်။ သို့သော် သင်္ဘောနားရောက်တော့မှ သစ်ခေါက်ဈေးကောင်းကောင်းမရသည့် ကျွန်းသစ်မျိုးဖြစ်နေတဲ့အခါကျရင် မောပြီသာမှတ်။

“ကျွန်းသစ်အခေါက်ကျတော့ ဈေးကမရဘူး။ အင်သစ်ခေါက်ကမှဈေးကရတာ။ ကျွန်းသစ်တွေနဲ့တိုးပြီဆိုရင် ဆီဖိုးငါးရာလောက်ရှုံးပြီပဲ”ဟု သစ်ခေါက်ခွာရန်လိုက်လာသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ထို့အပြင် သင်္ဘောနားရောက်မှ ပြောင်ရှင်းနေသည့် သစ်တုံးကြီးတွေတွေ့ရပြီဆိုရင် သင်္ဘောပေါ်က သူလိုကိုယ်လို ဘ၀တူသင်္ဘောဝန်ထမ်းလေးတွေက သစ်ခေါက်တွေခွာခဲ့ပြီးပြီဖြစ်လို့ သက်ပြင်းချကာ သင်္ဘောပေါ်က ပြန်ဆင်းခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။

သစ်တင်သင်္ဘောနားရောက်တော့ ငှက်လှေကိုစက်သတ်ရင်း မောင်းနေဆဲသင်္ဘောနား တဖြည်းဖြည်းကပ်ရသည်။ ငှက်လှေကို သင်္ဘောနဲ့ကပ်ချည်ပြီးတော့ ပါလာသမျှလူအားလုံး သင်္ဘောပေါ်တက်ကြသည်။ သစ်လုံးတွေဆီက သစ်ခေါက်တွေကို သံတူးရွင်းတွေကိုယ်စီဖြင့် ခွာကြပြီ။ သစ်ခေါက်ခွာတာကို သင်္ဘောဝန်ထမ်းတွေက ကိုယ်ချင်းစာစိတ်ဖြင့် ဘာမျှမပြော။ ထို့ကြောင့် သူတို့တစ်တွေကလည်း အလိုက်သိစွာဖြင့် သစ်သားကိုယ်ထည်ကိုမထိခိုက်စေရေး အသာအယာသစ်ခေါက်ကိုခွာရသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုသည်။ “၀န်ထမ်းတွေကလည်း ကျွန်တော်တို့ကို သနားကြတယ်နဲ့တူပါတယ်။ တစ်ခါတလေ ထမင်းတောင်ကျွေးသေးတယ်”ဟု သစ်ခေါက်ခွာသူ ကိုသီဟဇော်ကပြောပြသည်။ ဧရာဝတီမြစ်လယ် နေအပူရှိန်ကြောင့် ချွေးများက တစက်စက်ကျနေလည်း သူတို့မမှု။ “ဒီအလုပ်က အူစိုတယ်။ ဒါပေမဲ့ပင်ပန်းတယ်”ဟု သစ်ခေါက်ခွာရင်း ကိုသီဟဇော်ကပြောသည်။ ဒီလောက်ပင်ပန်းနေသည့်အတွက် သစ်ခေါက်တွေ ဈေးကောင်းကောင်းရပုံပဲဟု ထင်နိုင်စရာရှိသည်။ ၀မ်းဗိုက်ကားကား ငှက်လှေတစ်စင်း အပြည့်အမောက်မှ ကျပ်ခြောက်ထောင်ခန့်သာရသည်။

ငှက်လှေတစ်စီးအပြည့်ဖြစ်ဖို့အတွက် လူသုံးယောက်ခန့် အင်တိုက်အားတိုက် သစ်ခေါက်ခွာမှသာရနိုင်သည်ဟု သစ်ခေါက်ခွာသူများကပြောသည်။ ထို့ကြောင့် သစ်ခေါက်ခွာသူများက မိမိတို့ရှာလာတဲ့သစ်ခေါက်တွေကို မီးမမြှိုက်ရက်။ ရလာတဲ့သစ်ခေါက်တွေ ဟိုဒီရွှေ့ရင်း ပဲ့ကျသွားသည့်သစ်ခေါက်အစနလေးတွေကိုသာ သုံးပါသည်ဟု သစ်ခေါက်ခွာသူအမျိုးသမီးတစ်ဦးကဆိုပါသည်။

သစ်ခေါက်ခွာသူတွေ ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ ကာလတွေကလည်း လာတတ်ပါသေးသည်။ နှစ်ကုန်ပြီဆို သစ်တင်သင်္ဘောတွေ အလာကျဲချေပြီ။ သစ်ခေါက်ခွာသူတွေ အသီးသီးတိုင်ပင်ကြပြီ။ ငွေစုထားတာရှိတဲ့သူကထုတ်၊ ပေါင်နှံစရာရှိသူက အပေါင်ဆိုင်ပြေး၊ သစ်ခေါက်ပွဲစားဆီက ငွေကြိုထုတ်လို့ရသူကထုတ်ကာ ဧရာဝတီမြစ်တစ်လျှောက် ငှက်လှေဖြင့်ဆန်တက်ရင်း သစ်တင်သင်္ဘောရှာပုံတော်ဖွင့်ရန်စီစဉ်ရသည်။ သစ်တင်သင်္ဘောကိုတွေ့ဖို့ ရက်က ဘယ်လောက်ကြာမည်ဆိုတာ မသေချာတော့ ငှက်လှေပေါ်မှာ ဆန်နဲ့သီးနှံတွေတင်၊ ထမင်းအိုး၊ ဟင်းအိုးတွေပါဆွဲကာ သစ်တင်သင်္ဘောဆီလိုက်ရသည်။ တစ်ခါတလေ ကံကောင်းရင်တော့ ရက်တိုတိုနဲ့ သစ်တင်သင်္ဘောတွေ့တတ်သည်။ သစ်တင်သင်္ဘောမတွေ့ရင်တော့ ဆန်တက်ပေဦးတော့။ ငှက်လှေတွင် စက်မတပ်နိုင်ခင်က လက်ဖြင့်လှော်ကာ ဆန်တက်ရတာမို့ ခြေကုန်လက်ပန်း ကျလာတတ်ကြသည်။ ထို့ကြောင့် ကမ်းပါးမြင့်သည့်နေရာရောက်လာပါက တစ်ယောက်က ကမ်းပါးပေါ်တက်ကာ ငှက်လှေကိုကြိုးဖြင့်ဆွဲရင်း ခရီးဆက်ရသည်။ ညမှောင်လာပြီဆို တွေ့သည့်သောင်ပြင်မှာ မိုးကာတဲထိုးကာ တစ်ထောက်နားရသည်။ သစ်တင်သင်္ဘောတွေ့ပြီဆိုရင် အရမ်းပျော်မိသည်ဟု မိသားစုလိုက် ငှက်လှေဖြင့် သစ်တင်သင်္ဘောရှာခဲ့သူ ဒေါ်ခင်ဝင်းကဆိုပါသည်။ မြစ်ကြောင်းတစ်လျှောက် သစ်ခေါက်တွေကို ခွာလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်ကျတော့ ချကာရောင်းချလိုက်မှ အမောပြေတော့သည်ဟု သစ်ခေါက်ခွာသူများကဆိုပါသည်

သစ်တင်သင်္ဘောပေါ်တင်မကဘဲ လှေတွေဖြင့်ကပ်ချည်ကာ သယ်ဆောင်လာသည့် သစ်တွဲများတွင်လည်း သစ်ခေါက်ခွာကြပါသေးသည်။ လူကရေထဲကိုဆင်းပြီး ခွာရသည့်အတွက် အောက်ကအေးအေး အပေါ်ကနေပူပူဖြင့် ညဆို ခါးတွေကနာတာလွန်ပါရောဟု ကိုသီဟဇော်ကပြောပြသည်။ သစ်ခေါက်တွေ အပြေးအလွှားခွာကြဖို့အရေး ပြေးရင်းလွှားရင်း သင်္ဘောပေါ်ကရေညှိများကြောင့် ချော်လဲကာ ခိုက်မိတာတွေ၊ သစ်လုံးတစ်လုံးကနေတစ်လုံးကူးရင်း ခြေချော်ကျကာ ဒဏ်ရာရတာတွေက သူတို့အတွက်မဆန်းတော့။ သစ်ခေါက်ခွာရင်း ကံဆိုးခဲ့သူတချို့လည်း ရှိခဲ့ဖူးသည်။ အပြေးအလွှားသစ်ခေါက်တက်ခွာရင်း တုံးညပ်သေခဲ့တာတွေ၊ သင်္ဘောတစ်စီးနဲ့တစ်စီး သစ်လွှဲတင်နေတဲ့ကရိန်းနဲ့ ခိုက်မိခဲ့တာတွေလည်း ဖြစ်ခဲ့ဖူးသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်

ဧရာဝတီမြစ်ထဲ လှိုင်းအရမ်းကြီးနေသည့်အခါ၊ လေကြီးမိုးကြီးကျနေသည့်အခါမျိုးတော့ တော်တော်များများက မသွားဝံ့ကြတော့။ စွန့်စွန့်စားစားသွားသူတွေလည်းရှိပါ၏။ သစ်ခေါက်ခွာပြီး ကမ်းစပ်ပြန်ရောက်မှ ဟင်းချနိုင်သည်ဟု ကိုသီဟဇော်ကပြောပြသည်။

သစ်ခေါက်ခွာသူတို့ကတော့ သူတို့မျက်စိအောက်ကနေ နေ့စဉ်ဖြတ်သန်းနေသည့် သစ်လုံးကြီးတွေ ဘယ်ဆီရောက်သွားသည်ကို သူတို့မသိ။ သိရန်လည်းမလို။ သူတို့က သစ်ခေါက်ကလေးတွေခွာခွင့်ရတာကိုပင် ဆုလာဘ်တစ်ခုလို့ ယူဆနေကြသည်။ ခုရက်ပိုင်း သစ်တင်သင်္ဘောတွေ အ၀င်နည်းလာသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။ “သင်္ဘောပေါ်က၀န်ထမ်းတွေကတော့ ပြောတယ်။ နောက်သုံးလလောက်ဆိုရင် သစ်ခေါက်တွေ ခွာလို့ရမှာမဟုတ်တော့ဘူးတဲ့။ သစ်တွေကို လေးထောင့်လှီးပြီးမှ တင်လာတော့မယ်ပြောတာပဲ”ဟု ဒေါ်ခင်ဝင်းက သူတစ်ဆင့်ကြားသည်ကို ပြန်ပြောပြသည်။ သို့သော် နောင်ခါလာနောင်ခါဈေး ဒေါ်ခင်ဝင်းတို့လို သစ်ခေါက်ခွာပြီး ထမင်းအိုးတည်မည့်သူတွေအတွက်ကတော့ ဧရာဝတီမြစ်ထဲက သစ်တင်သင်္ဘောတွေကို မကြာခဏ လှမ်းမျှော်နေကြဦးမှာကတော့မလွဲ။

စိုမှာစိုးသည် မိုးရာသီ

သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့   မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...