ကျောက်ဆည်ခရိုင်
မြစ်သားမြို့ကို ရောက်တဲ့အခါ ဘူတာနဲ့မြို့တွင်းလမ်းဘေးဝဲယာနေရာတချို့မှာ
ဆေးအပြာရောင်သုတ်ထားတဲ့ရေချမ်းစင်လေးတွေကို တွေ့ရပါလိမ့်မယ်။
အဲဒီရေချမ်းစင်လေးတွေမှာ သဲအိုးစိုစိုလေးတွေ၊ ပြောင်လက်နေတဲ့ စတီးခွက်၊
စတီးပန်းကန်လေးတွေ သုံးထားပါတယ်။ ရေချမ်းစင်ရဲ့ အထက်နားလေးမှာ တော့
သံပြားနဲ့စာတန်းလေးတစ်ခုထိုးထားတာ မြင်ရပါမယ်။ ထိုစာ တန်းလေးကတော့
‘‘ကိုကိုသန်းရဲ့စေတနာ’’တဲ့။
ကိုကိုသန်းဆိုတဲ့ နာမည်ကို မြစ်သားတစ်မြို့လုံးကသိကြ တယ်။ ရေချမ်းဒါယကာ ကိုကိုသန်းလို့ဆိုလိုက်ရင် မြို့ထဲကရေချမ်းစင်လေးတွေ ပြေးပြေးမြင်တတ်ကြတယ်။ ဟုတ်ပါတယ်။ အဲ ဒီရေချမ်းစင်တွေအားလုံးကို ကိုကို သန်းက စတင်တည်ထားခဲ့တာပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် ကိုကိုသန်းအသက် (၂၀)နှစ်အရွယ်ကပေါ့။
ကိုကိုသန်းက နွားထိုးကြီး မြို့နယ် ရေသစ်ရွာဇာတိပါ။ ကိုကိုသန်းငယ်စဉ်ကလည်း နွားထိုးကြီးနယ်မှာ ရေအင်မတန်ရှားပါတယ်။ ရေလေးတစ်ပုံးရဖို့ အိမ်နဲ့ဝေးတဲ့ ရွာပြင်က တွင်းတွေဆီသွားခပ်ရတယ်။ အခုလိုရေရှားပါးတဲ့ နွေရာသီလိုမျိုးဆို တစ်ပေလောက် သာရှိတဲ့ ရေလေးကို အလုအယက်ခပ်ရတာတွေ ရှိတယ်။ နေ့တင်မက ညဘက်ပါ ခက်ခက်ခဲခဲ သွားခပ်ရတာတွေ ကိုကိုသန်းကြုံခဲ့ရ တယ်။
ဒါကြောင့် သောက်ရေအ တွက် ခက်ခဲတာတွေ ကိုကိုသန်း ငယ်ငယ်လေးနဲ့ ကြုံခဲ့ရတော့ အာ ရုံထဲစွဲနေတယ်။ ရေပေါပေါများ များ သုံးချင်တယ်။ သောက်ချင် တယ်။ ဒါကြောင့် ကိုကိုသန်း ရောက်လေရာ အရပ်၊ တွေ့လေ ရာ ရေအိုးစင်တွေမှာ ရေတွေဝင် ၀င်ဖြည့်တယ်။ မူလတန်းကျောင်း သားဘ၀မှာလည်း ကျောင်းမှာ ကိုယ့်အသင်းအလှည့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရေအိုးတွေဖြည့် တယ်။
ကိုကိုသန်း အသက်(၁၀)နှစ် ကျော်တော့ မိသားစုလိုက် မြစ် သားမြို့ကိုပြောင်းတယ်။ မြစ်သား ရောက်တော့လည်း ရေကရှားတာ ပါပဲ။ ထုံးစံအတိုင်း တွေ့ရာမြင်ရာ လမ်းဘေးသောက်ရေအိုးစင် ရေ ၀င်ဖြည့်တာတွေ လုပ်တယ်။ ကိုကိုသန်း ဆယ်တန်းကျလို့အသက် (၂၀)အရွယ်မှာ ကျောင်းဆက်မနေတော့ဘဲ မိဘလုပ်ငန်းဖြစ်တဲ့ ကုန် ခြောက်ရောင်းတာကူတယ်။ မြစ် သားဈေးထဲ ကုန်ခြောက်ရောင်း ရင်း ဈေးထဲမှာ ရေအိုးစင်တွေ လိုက်တည်တယ်။ ဒါပေမဲ့ ဈေးထဲ ဆိုတော့သိတဲ့အတိုင်း လူတွေက သောက်ရေအိုးထဲကရေ မျက်နှာ သစ်လိုသစ်၊ ပန်းကန်ဆေးလိုဆေး လုပ်တာတွေ တွေ့တော့ ကိုကို သန်း စိတ်မချမ်းသာဘူး။
ဒါနဲ့ ကိုကိုသန်းလည်း မြစ် သားက အစိုးရကျောင်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာ ကိုယ့်ဟာ ကိုယ် ရေအိုးရေခွက်တွေဝယ်၊ ရေချမ်းစင်တွေဆောက်ပြီ တည် တယ်။ မနက်လင်းပြီးဆိုတာနဲ့ ကိုကိုသန်း စက်ဘီးလေးတစ်စီးနဲ့ ရေပုံးတွေချိတ်၊ နောက်က လက် သမားကိရိယာတွေတင်ပြီး မြို့အ နှံ့ပတ်ကာ ရေဖြည့်တယ်။ ပန်း ကန်တွေ၊ ခွက်တွေ ဆေးကြော တယ်။ ရေအိုးစင်လေးပျက်နေတာ ရှိရင်ပါလာတဲ့ လက်သမားကိရိ ယာတွေနဲ့ ပြုပြင်တယ်။
တစ်မြို့လုံး ကိုကိုသန်းရေ ချမ်းစင် ၂၅ စင်ရှိတာမို့ မနက် ၈ နာရီလောက်က ပတ်ဖြည့်တာ နေ့ ခင်း ၂ နာရီလောက်ကျမှ ပြီးပါ တယ်။ နေ့ခင်းခဏနားပြီး ညနေ ၅ နာရီလောက်ဆို တစ်ခါရေပတ် ဖြည့်ပြန်တယ်။ ညဥ့်ဦးပိုင်းထည့် ထားတဲ့အတွက် နောက်တစ်နေ့ မနက်မှာဆို ရေတွေကအေးနေတာကြောင့်ပါ။ ည ၇ နာရီလောက် မှာတော့ ကိုကိုသန်း နဲ့ တစ်နေ့တာ ရေချမ်းအလှူကိစ္စ ပြီးပါတယ်။
ဘူတာမှာဆို ရထားရပ်ဆို တာနဲ့ ကိုကိုသန်းရေချမ်းစင်လေး မှာ လူတွေအုံခဲ့ပြီး သောက်ကြ တယ်။ ဒီလိုမြင်ကွင်းမျိုး မြင်ရရင် ကိုကိုသန်းပျော်တယ်။ အပေါ်ရေ အိုးထဲက လျှံကျစိမ့်ကျလာတဲ့ ရေတွေအတွက် ရေချမ်းစင်လေးတွေရဲ့အောက်မှာ ရေအင်တုံလေးတွေ ခံပေးထားတယ်။ အဲဒီအင်တုံလေး ထဲက ရေတွေကို ငှက်တွေ၊ ခွေးတွေကလည်း လာသောက်ကြပြန် တယ်။ ကိုကိုသန်းပီတိဖြစ်ရပြန် ပါတယ်။
မိဘတွေက ကိုကိုသန်း နောင်ရေးအတွက် ကုန်ကား ထောင်ပေးတယ်။ ဒါပေမဲ့ ကိုကို သန်းက ရေချမ်းအလှူကို စိတ် အားထက်သန်နေတယ်။ သူစီးပွား ရှာရင် ရေချမ်းအလှူထိထိရောက် ရောက် မလုပ်နိုင်တော့မှာကို စိုး တယ်။ ဒါကြောင့် ဘာစီးပွားမှ မရှာတော့ဘဲ ရေချမ်းအလှူသက် သက်ကိုသာ လုပ်တော့တယ်။ ကိုကိုသန်းစေတနာကြောင့် ထင်ပါတယ်။ ကိုကိုသန်းကို မြို့ခံတွေက ငွေလေး ကြေးလေး လှူကြ တန်း ကြတယ်။ ကိုကိုသန်းရဲ့ ရေချမ်း အလှူအတွက် ရေအိုးဖိုး၊ ရေအိုး စင်နဲ့ ရေခွက်ဖိုးတွေလည်း တစ်တပ်တစ်အား ပါဝင်ကြတယ်။
အသက်(၂၀)နှစ်အရွယ်က တည်းက ရေချမ်းအလှူလုပ်ဖြစ်တဲ့ ကိုကိုသန်း အခုချိန်မှာတော့ အ သက်(၆၀)နှစ်အရွယ် ဦးကိုကို သန်းဖြစ်လို့နေပါပြီ။ နှစ်ပေါင်း လေးဆယ်ကျော်လာခဲ့ပေမယ့် ဦးကိုကိုသန်းကတော့ ရေချမ်းအ လှူကို တစိုက်မတ်မတ် လုပ်နေဆဲ ပါပဲ။
မနက် ၄ နာရီထိုးပြီဆိုတာနဲ့ ဦးကိုကိုသန်းအိပ်ရာက ထတယ်။ ဗုဒ္ဓဘာသာတစ်ဦးဖြစ်တာမို့ ဘုရားရှိခိုး ပုတီးစိပ်မေတ္တာပို့ ဂုဏ်တော် တွေရွတ်တယ်။ ပုံမှန်အတိုင်း မနက် ၈ နာရီလောက်ဆို စီးတော် ယာဉ် ဟီးရိုးစက်ဘီးကြီးနဲ့ မြို့တစ် ပတ်ပတ်ပြီး ရေချမ်းအလှူဆောင် ရွက်ပါတယ်။ ဦးကိုကိုသန်းက တော့ အသက်(၇၀)နှစ်လောက်အ ထိ လုပ်နိုင်နေဦးမယ်လို့ မျှော်လင့် နေပြီး ဒီထက်နေရဦးမယ်ဆိုရင် လည်း ရေချမ်းအလှူဆက်လုပ် သွားမယ်လို့ ဆိုပါတယ်။
အိမ်ထောင်မရှိတစ်ကိုယ် တည်းနေတဲ့ လူပျိုကြီး ဦးကိုကို သန်းကို တချို့ကနောက်ဘ၀ နတ် သမီးတစ်ဖက်လေးငါးရာနဲ့ နေချင် လို့ ရေအလှူလုပ်တာလားဆိုပြီး ကျီစယ်စနောက်ကြတယ်။ ဦးကို ကိုသန်းကတော့ ရောက်မလာသေးတဲ့ ဘာမှမသေချာတဲ့ နောက်ဘ၀ ဆိုတာကြီးကို မမျှော်မှန်းပါဘူး။ ကိုကိုသန်းရေချမ်းလှူတဲ့အတွက် ဆုတွေဘာတွေလည်း မတောင်း ပါဘူး။ သူတည်ထားတဲ့ ရေချမ်း စင်လေးတွေမှာ လူတွေရေ သောက်နေတာ မြင်ရရင်ကို ကိုကို သန်းပျော်လှပြီ။ ကိုကိုသန်း ပီတိ ဖြစ်ရပြီ။ ကိုကိုသန်းစိတ်ချမ်းသာ လှပါပြီ။
ဒီနှစ်နွေ အယ်လ်နီညိုကြောင့် ကိုကိုသန်း ရေချမ်းစင်တွေ ရေပို ကုန်တယ်။ ရေကုန်လေ ကိုကို သန်းပျော်လေပဲ။ အသက်အရွယ် နဲ့မမျှအောင် စက်ဘီးလေးဂျောက် ဂျက် ဂျောက်ဂျက်စီးရင်း ကိုကို သန်းရေလိုက်ဖြည့်နေဆဲပဲ။ ခန္ဓာ ကိုယ်ပိန်ပိန်ပါးပါးနဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ရွှင်လန်း တက်ကြွနေရင်း ကိုကိုသန်းရေ ချမ်းအလှူဆက်လုပ်နေဦးမှာ အ မှန်ပါ။ စိုစိမ့်စိမ့်သဲအိုးလေးတွေနဲ့ တည်ထားတဲ့ သောက်ချင်စဖွယ် ကိုကိုသန်းရဲ့ စေတနာရေချမ်းစင် လေးတွေကလည်း မြစ်သားမြို့နေ ရာအနှံ့မှာ ရေဆာနေသူတွေအ တွက် တည်ရှိနေဦးမှာ သေချာလှ ပါတယ်။ ။

No comments:
Post a Comment