Monday, May 9, 2016

ကာလပေါ်မန်းသင်္ကြန်

ဓာတ်ပုံ-7Day
‘‘သင်္ကြန်ခါတော်ပေ ရက် မြတ်မှာလေ××× လှပျိုဖော်တစ်သင်းနဲ့ တေးသံလွင်လွင်ရင့်ကျူးပေ××× ဆီးလို့သာလေ ပက်ဖျန်းမယ် သင်္ကြန်ရေ×××အေးအေးချမ်း လန်းဆန်းကြစေ မိတ်အပေါင်းကျန်းမာကြောင်း     ဝေ ဟောင်းခြွေနှစ်သစ်ပေ×××’’
မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်သူပြည်သားများ မျှော် လင့်နေသော မြန်မာတို့၏ အကြီး အကျယ်အခမ်းအနားဆုံးပွဲတော် ကြီးဖြစ်သည့် သင်္ကြန်ကာလတစ် ခုရောက်လာပေတော့မည်။ နှစ် ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြို ဆိုသည့် ကာလ၊ တစ်နှစ်လုံးပင် ပန်းခဲ့သမျှ အတိုးချအနားယူ ပျော် ရွှင်ကြည်နူးကြသည့် သင်္ကြန်နှစ်ဦး အထူးကာလ။
 အသက်ကြီးငယ်မရွေး သင်္ကြန်ကို   ရင်ခုန်သံကိုယ်စီဖြင့် ကြိုဆိုကြသည်။ ငယ်သူလည်း ငယ်သူအလျောက်၊   ရွယ်သူလည်း ရွယ်သူအလျောက်၊ တချို့ က ကိုယ်တိုင်ကိုယ်ကျပွဲတော်မှာ အားရပါးရ၀င်နွှဲသည်။ တချို့က ခပ်လှမ်းလှမ်းကနေ တစ်ပါးသူပျော်နေတာတွေကိုကြည့်ရင်း ပျော်ရွှင်ကြည်နူးကြသည်။ သင်္ကြန်..လူတွေရဲ့ စိတ်နှလုံးကြည်နူးရွှင်မြူးစေသည့် သင်္ကြန်...။
သင်္ကြန်ရက်မဆိုပါနှင့်ဦး။ သင်္ကြန်မရောက်မီရက်တွေက တည်းကပင် သင်္ကြန်ရောက်တော့ မှာပါလားဆိုသည့် အတွေးကပင် လူတွေရဲ့ စိတ်နှလုံးကို ကြည်လင် စေရသည်။ တောင်လေခပ်မြူး မြူးတွင် ဟိုမှသည်မှ ရိုက်ခတ်လာ သည့် သင်္ကြန်သီချင်းသံတွေက နားမှသည် နှလုံးသားထိတိုင် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ငယ်စဉ်ကလေးဘ၀ကတော့ သင်္ကြန်သည် ကိုယ့်အိမ်ရှေ့တွင် ပင် ဖြစ်သည်။ လာသမျှ လူတွေ၊ ကားတွေကို ပလတ်စတစ်ဖလား တစ်လုံးဖြင့် ပက်သည်။ သိပ်တော့ မဟန်။ အတော်အတန်နက်သည့် ရေတွင်းကနေ ကိုယ်တိုင်ငင်ယူရ သည်။ ကိုယ်တိုင်ဆွဲကာ ပက်ရ တာကြောင့် ဖြစ်သည်။ အိမ်မှာ သောက်ရေလေးတစ်အိုးခပ်ပေးဖို့ ပါးစပ်အမြှုပ်ထွက်အောင်ပြော ဆိုမှ မခပ်ချင်ခပ်ချင်ခပ်ပေးတတ် ကြသည့် ကျွန်တော်တို့လို ကလေး တွေ သင်္ကြန်ရက်ရောက်ပြီဆိုလျှင် တော့ ရေပက်ဖို့အရေး နေကုန်နေ ခန်းငင်လိုက်ခပ်လိုက်ကြသည် များ လက်မောင်းတွေတောင် အောင့်သည်။
လူပျိုပေါက်အရွယ်ရောက် လာတော့ သင်္ကြန်ရေပက်ခံထွက်သည့်ကားတွေကို ကြည့်ပြီး အားကျလာသည်။ လူငယ်တွေ တပျော်တပါးကြီး ကားတစ်စီးဖြင့် ရေပက်ခံထွက်ရသည့်အရသာ ခံစားချင်လာသည်။ သို့သော် ကလေးသာသာမို့ အကြီးတွေက သိပ်မခေါ်ချင်။ ရေပက်ခံထွက်သည့် အစ်ကိုတစ်ယောက် ဂျစ်ကားပေါ် မတက်မီ    သစ်သားတုတ်တစ်ချောင်းကောက်ယူသွား၍ သင်္ကြန်လည်တာတုတ်က ဘာလို့ယူတာတုံး မေးမိသည်။ ရန်တွေဘာတွေဖြစ်ရင် ဆော်ဖို့ပေါ့ဟဟုပြောတော့ ကိုယ့်ဟာကိုယ် ရေလေးပက်နေတာ အန္တရာယ်ကင်းပါတယ်လေဟု ဖြေတွေးတွေးရသည်။
အသက်(၂၀) ကျော်လာချိန် ပထမဆုံးသင်္ကြန်ကို ကားဖြင့် တစ်နေကုန်စလည်ခဲ့ဖူးသည်။ မှတ်မှတ်ရရ ၂၀၀၇ သင်္ကြန်။ တစ်နှစ်လောက်တော့ လည်ဖူးချင်သည်မို့ သူငယ်ချင်းတွေထွက်သည့် သင်္ကြန်ကားဖြင့် တစ်ယောက် ငါးထောင်ပေးကာ သင်္ကြန်တစ်ရက်လိုက်လည်ခဲ့သည်။ သင်္ကြန်လည်ရန် လာခေါ်သည့် ကားရောက်ပြီဆိုလို့ ကြည့်လိုက်မိတော့ ကားပေါ်မှာ လူတွေက ပန်းမုန်လာထုပ်ကြီး တစ်ထုပ်တင်လာသလို ပြည့်လျှံ နေပြီ။ ကားပေါ်အတင်းဝင်ခေါင်း ထိုးရင်း တက်ရသည်။
လူအပြည့်တင်ဆောင်သည့် ကျွန်တော်တို့ သင်္ကြန်ရေပက်ခံ ကားလေးက သိပ္ပံလမ်းမကြီးရဲ့ အနောက်ဘက်ကို ဦးတည်သွားနေသည်။ ဘယ်အရင်သွားမှာလဲဟု မေးကြည့်တော့ ဘုရားကြီး ဦးတိုက်တဲ့။ သင်္ကြန်မှာ အန္တရာယ် ကင်းကင်းလည်နိုင်အောင် ဘုရား ကို အလုပ်သွားပေးခြင်း ဖြစ်သည်။ဘုရားကြီးအရှေ့မုခ်ရောက် တော့ သင်္ကြန်ကားလေးကို ရှေ့ တိုးနောက်ဆုတ်ပြုလုပ်သည်။ ကားကျတော့ လူလိုစောင့်ကြည့် ထိုင် လက်အုပ်ချီမိုးကန်တော့လို့ မရသဖြင့် ကားကို ရှေ့တိုးနောက် ဆုတ်ပြုလုပ်ကာ ဦးတိုက်ခြင်း ဖြစ်သည်။ ထိုသို့ ဦးတိုက်ချိန် ကားပေါ်မှာ လူတွေက အပြည့်ဆိုတော့ တစ်ယောက်နှင့် တစ်ယောက်တွန်းထိုး မိသည်။ အမလေးတသူကတ သည်။ နောက်ပြီး လူတွေတက် ထိုင်လိုထိုင်၊ မှီလိုမှီထားသည့် ကားပေါင်တန်းတချို့က ကားရှေ့တိုးနောက်ဆုတ်လုပ်ကာ လူတွေ တွန်းထိုးမှုကြောင့် ဗြောင်းခနဲဆို ပြုတ်ထွက်သွားသည်။ ကားမောင်းသူက တစ်ချက်လာကြည့်ပြီး ပြော သည်။ ၀ရိန်ဆော်ရမည်တဲ့။ အား လုံးဟာခနဲဖြစ်သွားသည်။ သို့ ဖြင့် ကားဝရိန်ဆော်ဖို့ ဧရာဝတီ မြစ်ကမ်းနားလမ်းက ဆိုင်တစ် ဆိုင်ကို မောင်းသွားသည်။ နံနက် ၁၀ နာရီကျော်ပြီ။
ဝရိန်ဆော်သည့် ဆိုင်ရောက် တော့ လူတွေအကုန်လုံးကားပေါ် က ဆင်းပေးရသည်။ ပေါင်တန်း ကြီးတစ်ခုလုံးကို ဖြုတ်သည်။ ပါ လာသမျှလူ ဧရာဝတီမြစ်ကမ်းနား လမ်းပေါ်ထိုင်ရင်း သက်ပြင်းချ သည်။ အချိန်က ကြာဦးမည့်ပုံပေါ် သည်။ ရေပက်ခံထွက်လာသည့် ကားတချို့က ကျွန်တော်တို့အဖွဲ့ ကို ဟေးခနဲအော်သွားကြသည်။
နေ့ခင်း ၁၁ နာရီခွဲလောက် မှာတော့ ကားကပြင်လို့ပြီးသွား သည်။ လူတွေကားပေါ်သို့ အားရ ၀မ်းသာစွာ တက်ကြသည်။ ကျုံး ဘေးဆီ မောင်းသည်။ ကျုံးရောက်တော့ ကားတွေက ၀င်မရတော့။ နာမည်ကြီးမဏ္ဍပ်တွေ ရှေ့ရောက် ဖို့အရေးအားလုံးက မနက်စော စောကတည်းက တန်းစီထားကြ တာမို့ သည်ကနေ့အဖို့ ၀င်တိုးဖို့ မလွယ်တော့။ သို့ဖြင့် မဏ္ဍပ်မရှိ သည့် ကျုံးမြောက်ဘက်ကို မောင်းသည်။ ကျုံးမြောက်ဘက်ရောက် တော့ ကားသမားက ပြောသည်။ ထမင်းစားနားမည်တဲ့။ နေ့တစ်ဝက်သာကျိုးသွားသည်။ ခုထိ ရေ ကောင်းကောင်းမစိုသေး။ ကား ပေါ်ဖင်ပူအောင် မထိုင်ရသေး။
ထမင်းစားနားပြီးတော့ ကျုံး  အရှေ့ဘက်က မဏ္ဍပ်တွေရှေ့ သွားဖို့ ကားက ၀င်တန်းစီသည်။ ကားတွေက စက်ပါရပ်ထားကြ သည်။ တချို့ကားသမားတွေဆို မူးကာ အိပ်ပျော်နေကြသည်။ ရှေ့က ကားတွေခြေတစ်လှမ်းသာ သာလေး ရွေ့သွားပြီဆိုလျှင် အိပ် ပျော်နေသည့် ကားသမားလက် မောင်းပုတ်နှိုးကာ ရှေ့တိုးခိုင်းရ သည်။ တချို့စိတ်မရှည်ကြသူ တွေကတော့ မဏ္ဍပ်တွေရှေ့သွား ကာ ကကြသည်။ ကားတွေပေါ်မှာ ကားသမားနှင့် မူးပြီးအိပ်ပျော်နေ သူတချို့သာ ကျန်ရစ်ခဲ့သည်။ နာ မည်ကြီး မဏ္ဍပ်တွေရှေ့ဝင်တိုး ချင်သည့် ကျွန်တော်တို့ သင်္ကြန် ကားလေး နေ၀င်မိုးချုပ်သည့်တိုင် အောင် မဏ္ဍပ်ကြီးတွေရှေ့မ ရောက်ခဲ့ပါ။ ကိုယ့်ကားမရောက် ခင် မဏ္ဍပ်က အစီအစဉ်သိမ်း သွားခဲ့သည်။
အဲသည့်နောက်ပိုင်း မန္တလေးသင်္ကြန်သိပ်မလည်ဖြစ်တော့ပါ။ သင်္ကြန်ရောက်လျှင် တရားစခန်း ၀င်ချင်ဝင်၊ ဘုန်းကြီးဝတ်ချင်ဝတ် သို့မဟုတ်လျှင် အိမ်တွင်းအောင်း စာဖတ်ရင်းသာ ဖြတ်သန်းရတော့ သည်။
မန္တလေးမြို့ခံ စာပေအနု ပညာရှင်များနှင့် ရှေးလူကြီးသူမ တွေကတော့ အစဉ်အလာကြီးမား ခဲ့သည့်၊ ယဉ်ကျေးမှုတွေ ထုံဝေခဲ့ သည့် မန်းသင်္ကြန်စစ်စစ်ကိုပြန်မြင်ချင်ကြသည်။ သူတို့က အထင်ကရ ကျုံးတော်ကြီးကို ကျောပေးကာ ခေတ်ပေါ်မဏ္ဍပ်တွေက တဒုန်း ဒုန်းတဒိုင်းဒိုင်းတွေကို ခံစား၍မရ။မြို့ပေါ်လူထု သောက်သုံးနေသည့် ကျုံးရေထဲ အညစ်အကြေးတွေ စွန့်ပစ်နေတာကို လက်ခံ၍မရ။ အ သားအရေတွေ စုတ်ပြတ်အောင် အငြိုးနဲ့များ ပက်နေသလားထင် ရအောင် သောင်းကျန်းလွန်းလှ သည့် မီးသတ်ပိုက်တွေကို ကြည့် မရ။ အတိုအပြတ်တွေဝတ် ယစ် ရွှေရည်တန်ခိုးဖြင့် မူးကာ ကခုန် နေကြမည့် မန်းသူတွေကို မမြင်လို၊ မတွေလိုကြပါ။
သို့သော် ကျွန်တော်တို့ လူငယ်တွေအဖို့မှာတော့ လူကြီး တွေမြင်လိုတွေ့လိုလှသည့် မန္တ လေးသင်္ကြန်မျိုးကို သင်္ကြန်ရောက်တိုင်း လွှင့်တတ်သည့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာသာ တွေ့ဖူးရသည်။ ကိုယ်တိုင်ခံစားဖို့ ဆိုသည်မှာ ဝေးခဲ့ပါပြီ။ တစ်ချိန်က မန်းသင်္ကြန်မရောက်မီ ကိုယ့်ရပ် ကွက်နှင့် ကိုယ်အကတွေ တိုက် ကြ၊ သီချင်းတွေဆိုကြ၊ အနုပညာ တွေ ဖော်ထုတ်ကြသည့် ပွဲတော် တစ်ခုဖြစ်ခဲ့ဖူးသည်ဟု စာတွေထဲ မှာ ဖတ်ခဲ့ရဖူးသည်။ ထိုဓလေ့က စုဖွဲ့စုဖွဲ့နေလျှင် မကြိုက်တတ် သော စစ်အစိုးရလက်ထက်မှာ တဖြည်းဖြည်းပျောက်ကွယ်သွား ခဲ့ရပါသည်။ စတင်လာခဲ့ပြီဖြစ် သည့် အစိုးရသစ်လက်ထက်မှာ တော့ ကျွန်တော်တို့တွေ မခံစားခဲ့ရဖူးသည့် ယဉ်ကျေးမှုသင်္ကြန်ပွဲ တော်တွင် ပြန်လည်ဖြတ်သန်းခွင့် ရမည်ဟု မျှော်လင့်ရပါတော့ သည်။

No comments:

Post a Comment

စိုမှာစိုးသည် မိုးရာသီ

သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့   မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...