သာသနာအတွက် ကြိုးပမ်းကြသူများ

သင်္ကန်းဝတ်နှင့်မလျော်ညီစွာ နေထိုင်နေသူတစ်ဦးအား သ.ထ.ဖအဖွဲ့မှစစ်ဆေးနေစဉ်
ဓာတ်ပုံ-သထဖအဖွဲ့
ဗုဒ္ဓသာသနာတွင်သင်္ကန်းကို အရဟတ္တဓဇဟုဖွင့်ဆိုသည်။ အရဟတ္တမဂ်ဖိုလ်ပုဂ္ဂိုလ်တို့၏
တံခွန်ဟု အဓိပ္ပာယ်ရသည်။ မြင့်မြတ်သူတို့သာ ဆင်မြန်းအပ်သော အရာဟု
မြတ်နိုးတန်ဖိုးထားကြခြင်း ဖြစ်သည်။ သို့သော် ထိုသင်္ကန်းကိုပင် ကိုယ်ပေါ်တွင်
လွှမ်းခြုံကာ သာသနာတော်တွင်း ၀ိနည်းနှင့် လျော်ညီစွာ ကျင့်ကြံနေထိုင်ခြင်း
မရှိသော ပုဂ္ဂိုလ်များကို ဘာသာ၊ သာသနာသန့်ရှင်းရေး အတွက် အရေးယူ
ဆောင်ရွက်သူများလည်း ရှိပါသည်။
မန္တလေးတွင် မြင့်မြတ်သော သင်္ကန်းကို ဝတ်ဆင်ထားသော် လည်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တို့တွင် ထိုင်ကာ စားသောက်နေသော၊ ကားဂိတ်၊ဘူတာ လူစည်ကားရာများတွင် အလှူခံနေသော၊ လူမြင်ကွင်း သူမြင်ကွင်းတွင် မူးယစ်သောက်စားကာ လဲကျနေသော သာမဏသာရုပ္ပခေါ် ကြည်ညိုဖွယ်ရာ မဖြစ်သော၊ သင်္ကန်းနှင့်မလျော်ညီစွာ ဆောင်ရွက်နေသူများကို လိုက်လံကြီးကြပ် အရေးယူနေသည့် အဖွဲ့တစ်ခုရှိသည်။
ထိုအဖွဲ့၏ အမည်နာမက စုံ လင်လှသည်။ သာသနာတော် သန့်ရှင်းရေးအမှု ဆောင်ရွက်ကြရ သဖြင့် ၀ိသောဓနီအဖွဲ့ဟုလည်း ခေါ်သည်။ သံဃာစည်းကမ်းထိန်း သိမ်းရေးဆောင်ရွက်ရသဖြင့် သံ စည်းအဖွဲ့ဟုလည်း ဆိုသည်။ သို့ သော် ထိုအမည်တွေထက် ၀ိနည်း မလိုက်နာနိုင်သည့် ဒုဿီလသင်္ကန်းဝတ်များက ကင်ပွန်းတပ်ထားသည့် အမည်နာမတွေက ပိုပြီး လူသိများသည်။ လူဆိုးထိန်းအဖွဲ့၊ မြို့နယ်စွမ်းအားရှင်အဖွဲ့စသည့် နာမည်ဆန်းတွေ ပေးထားကြသည်။
တကယ်တော့ ထိုအဖွဲ့ကို ချမ်းအေးသာစံမြို့နယ် သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟု ခေါ်လျှင် ပိုပြီးပြည့်စုံပါ သည်။ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ခေါ် အတို ကောက် သထဖအဖွဲ့များသည် မန္တလေး၏ မြို့နယ်ခွဲတိုင်းတွင် ၂၀၀၁ လောက်ကတည်းက တစ် ဖွဲ့စီရှိကြပါသည်။ သို့သော် ချမ်း အေးသာစံမြို့နယ်က မန္တလေးမြို့ ကြီး၏ မြို့လယ်မြို့နယ်တစ်ခု လည်းဖြစ်၊ ဘုန်းကြီးကျောင်းတွေ များရာ မြို့နယ်တစ်ခုလည်းဖြစ်၍ သည်အဖွဲ့က အခြားနယ်က အဖွဲ့ တွေထက် ပိုအလုပ်လုပ်နေကြရ သည်။ ယင်းအဖွဲ့တွင် ပါဝင်သည့် သံဃာတော်များ၏ စိတ်အား ထက်သန်မှုကြောင့်လည်း သည် အဖွဲ့က မန္တလေးမှာ ပို၍နာမည် ထွက်နေလေသည်။
မြန်မာနိုင်ငံတွင်၁၉၈၀ ပြည့်နှစ်၌ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ပြုလုပ်ပြီး သာသနာတော်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရာတွင် နာမည်ကြီး ဆရာတော်ကြီးအချို့ အပါအ၀င် ၀ိနည်းနှင့်မအပ်စွာ နေထိုင်ပြုမူသော သင်္ကန်းဝတ်များကိုလူဝတ်လဲစေခဲ့ပါသည်။
ယခုချမ်းအေးသာစံသထဖအဖွဲ့ဆရာတော်များကလည်း သင်္ကန်းဝတ်ဖြင့် မလျော်မကန်ပြုနေသူ မည်သူ့ ကိုမဆို နေ့ညမရွေးဖမ်းဆီး စစ်ဆေးလေ့ရှိသည်။ ကားတစ်စီး၊ မိုက်တစ်လုံးဖြင့် လှည့်လည် အလှူ ခံနေသည် ကိုတွေ့သည်ဆိုလျှင်လည်း တကယ့်သံဃာ အစစ်ဟုတ်၊ မဟုတ်ဝင်ရောက်စစ်ဆေး မေးမြန်းတတ်သည်။ ညဘက် လက်ဖက်ရည်ဆိုင်များတွင် ညစာစားသုံးခြင်း၊ ဘောလုံးပွဲ၊ တီဗီကြည့်ရှုခြင်းများ ပြုလုပ်နေခြင်း၊ တစ်ဝိုင်း ၀င်တစ်ဝိုင်းထွက် အလှူခံခြင်းများ ပြုလုပ်နေသည့် ကိုယ်တော်များကိုလည်း လက်အုပ်ချီဖျောင်းဖျကာ မသင့်လျော်သည့် အပြုအမူ မပြုစေလိုကြောင်း ၀င်လျှောက်တတ်ကြသည်။ မနေနိုင်လျှင်ပါဆယ်ဆွဲ ဘုန်းပေးဖို့တောင်းပန်ရသည်။ ဆိုင်များကိုလည်း ည ၁၂ နာရီကျော်လျှင် ရောင်းမပေးရန် ရာဇသံပေးရသည်။
သို့သော် ပုထုဇဉ်တွေလည်း ဖြစ်ပြန်၊ သင်္ကန်းဝတ်ချင်းဆိုသည့် မာနတရားလေးကလည်း ၀င်စွက် ပြန်ဆိုတော့ အသာတကြည်လက် မခံချင်။ ထို့ကြောင့် သထဖအဖွဲ့ တွေ နည်းနည်းလေးတော့ ကြမ်းပြလိုက်ရတော့သည်။စားနေသည့် ထမင်းကြော် ပန်းကန်ဖြင့် ဦးခေါင်း ပြောင်ပြောင်ကို ရိုက်ချင်ရိုက်ပစ်သည်။ ကျောကုန်းတဗုန်းဗုန်းမြည်အောင် ထုပစ်ရသည်။ နားရင်းသုံးလေးချက် ဆော်ပစ်လိုက်ရသည်ဟု သထဖအဖွဲ့ဆရာတော်များက မိန့်ကြားပါသည်။ ‘‘သူတို့ကမေတ္တာ နဲ့ နူးနူးညံ့ညံ့ပြောရင် မရချင်ဘူး။ နှစ်ချက်သုံးချက် ဗုန်းခနဲရိုက်ပစ် လိုက်ရမှရတာ’’ဟု ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့်ပါသည်။
ထို့ကြောင့် လက်သံပြောင်လွန်းလှသည့် စည်းကမ်းထိန်း ဆရာတော်အဖွဲ့များ ကြွလာပြီဆို လျှင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မပြုသည့် သံဃာအချို့ မထိတ်သာမလန့်သာ ဖြစ်ကြရသည်။ ဆိုင်တွေထဲ အလှူခံနေသည့် ကို ရင်ငယ်လေးတွေကဆို သထဖအဖွဲ့တွေ လာပြီဆိုလျှင် သင်္ကန်းဖိုးရိုးဖားရား ဆွမ်းသပိတ်မနိုင့် တနိုင်ဖြင့် ဆိုင်ထဲကနေ ပတ်ပြေးတတ်သည်။ မိလျှင်တော့ ထိုကိုရင်ငယ်လေးတွေ နားရင်းသုံးလေး ချက်တော့ အသာလေး အဆော်ခံ ရသည်။ မမိဘူး လွတ်သွားပြီဆိုလျှင်တော့ သထဖအဖွဲ့ ဆရာတော်တွေကို ထိုကိုရင်ငယ်လေး တွေက လက်သီးဆုပ်ကာ ထောင် ပြသွားတတ်ကြသည်။
အသက်အရွယ်ကြီးသူတွေ ကျတော့ ကိုရင်လေးတွေထက် ပို ဆိုးသည်။ ရဟန်းတုတွေလည်း အဆော်ခံရမည်ဆိုတာ သိတော့ ထွက်ပြေးသည်။ ထိုအခါ သထဖ ဆရာတော်တွေ အပြေးအလွှား လိုက်ဖမ်းရသည်။ မိလျှင်လည်း အသာတကြည် အဖမ်းမခံသည့် အခါ ထိုးကြိတ်လုံးထွေးကာ နပန်း လုံးဖမ်းရသည်လည်း ရှိသည်ဟု ဆရာတော်က မိန့်သည်။ ထို အခါ ဟိုဘက်ကလည်း နာသလို လိုက် ဖမ်းကြသည့် ဆရာတော်တွေ လည်း ဒဏ်ရာတွေရကြသည်။ မြောင်းတွေထဲ ပြုတ်ကျလို့ ခေါင်း သုံးလေးချက် ချုပ်ရတာလည်းရှိ သည်။ ခြေလက်ကျိုးတဲ့သူ ကျိုး သည်။ မျက်နှာအထိုးခံရသူလည်း ရှိသည်ဟု သထဖဆရာတော် သံဃာတော်များကမိန့်ပါသည်။
သံဃာနှင့်မသင့်လျော်သည့် အပြုအမူများ ပြုမူနေကြသူများကို ဖမ်းမိပြီဆိုလျှင် မြို့နယ်သံဃ နာယကအဖွဲ့ရုံးခန်းကို ခေါ်ယူကာ စစ်ဆေးသည်။ အလွယ်တကူ မ လိုက်လျှင် လက်ပြန်ကြိုးတုပ်ကာ ခေါ်ယူစစ်ဆေးသည်။ ပြစ်မှုတွေ ကလည်း အမျိုးစုံလှသည်။သင်္ကန်း ၀တ်ပြီး အလှူငွေပတ်ခံကာ နယ်က အမျိုးသမီးဆီ ငွေလွှဲနေသည့် ရဟန်းအတုတွေလည်း ဖမ်းမိရတတ်သည်။ မျက်စိအကောင်းကို ဂွမ်းဖြင့်ပိတ်ကာ ခါးကြီးကုန်း တောင်ဝှေးတစ်ချောင်းဖြင့် ဟန်လုပ်ကာ အလှူခံနေသည့်ရဟန်း တုများလည်း ပါသည်။
ရုံးခန်းရောက်လျှင် စစ်ဆေး ပြီးနောက် ပြစ်မှုပေါ်မူတည်၍ ဒဏ်ပေးတတ်သည်။ ထိုင်ထအခါ နှစ်ရာပြုလုပ်စေခြင်း၊ သေးသွယ် လှသည့် ကြိမ်လုံးလေးဖြင့် ခပ်စပ် စပ် ရိုက်ခြင်းများ ပြုလုပ်တတ် သည်။ ထိုပြစ်ဒဏ်များ ခံပြီးပြီဆိုမှ သက်ဆိုင်ရာကျောင်းတိုက် ဆရာတော်များထံ ပြန်အပ်သည်။ ပြစ်မှုကြီးလျှင်တော့ ထိုပြစ်ဒဏ်တွေနဲ့ မလုံလောက်တော့သဖြင့် လူချွတ်ကာ မြို့နယ်ရဲစခန်းသို့ပို့ လိုက်ရတော့သည်။ လူချွတ်ဖို့အတွက်လည်း အ၀တ်အစားနှစ်စုံသုံးစုံအရန်သင့်ဝယ်ဆောင်ထားသည်ဟု ဆရာတော်များက မိန့်ကြားပါသည်။
‘‘ဖမ်းတဲ့အခါ ဆရာတူတပည့်ချင်း သူငယ်ချင်းအချင်းချင်းတွေလည်း လုပ်ခဲ့ရတာပဲ။ မျက်နှာမလိုက်ဘူး။’’ဟု အဖွဲ့ဝင်ဆရာတော်ဦးကဝိန္တက မိန့်ကြားသည်။ ‘‘ခြေထောက်ကျိုးတယ်ဆိုလို့ သံဃာ့ဆေးရုံလိုက်ပို့ပေးတယ်။ ရှိသေးလားပြန်သွားကြည့်တော့ ထွက်ပြေးသွားတာတွေလည်း ကြုံရတယ်။’’ဟု အဖွဲ့အတွင်းရေးမှူး ဦးဇာဂရကမိန့်ကြားသည်။
တချို့အမှန်တကယ် ဒုက္ခ ရောက်သည့် သံဃာတော်များကို တော့ အကူအညီပေးလေ့ရှိသည် ကို သထဖ ဆရာတော်များက ဆိုပါသည်။ ခရီးထွက်ရင်း လမ်းစ ရိတ်ပြတ်လာလို့ တောင်းနေတာ မျိုးဆိုလျှင်လည်း ကားလက်မှတ် ၀ယ်ကာ ဒေသအရောက်ပြန်ပို့ပေး တတ်သည်။ အမှန်တကယ် မမာ မကျန်းဖြစ်နေ၍ ငွေကြေးအလှူခံ နေသည့် သံဃာများဆိုလျှင်လည်း သံဃဆေးရုံသို့ ပို့ပေးတတ်သည်။
လက်သံပြောင်လှသည့် သ ထဖအဖွဲ့နား ချဉ်းကပ်လာသူ အ ချို့လည်းရှိသည်။အခြားမဟုတ်။ ဘုန်းကြီးကျောင်းထဲ လောင်း ကစားဝိုင်းဖွင့်သူအချို့ဖြစ်သည်။ မဖမ်းဖို့ ငွေဘယ်လောက်ပေးရ မလဲဆိုတာမျိုး လာကမ်းလှမ်းတာ ကြုံရသည်။ သထဖအဖွဲ့ဝင်တွေ က ငွေမပြောနှင့်၊ ကော်ဖီထုပ်၊မုန့်ထုပ်တောင် လက်မခံ။ လာမဖမ်းဖို့ လာဘ်ထိုးသဖြင့် သွားဖမ်းဖြစ်အောင် ဖမ်းခဲ့တာတွေရှိသည်ဟု သထဖဆရာတော်များက မိန့်သည်။
သထဖ ဆရာတော်တွေအ ကြောင်း မြို့ခံတွေက သိနေသဖြင့် သူတို့မျက်စိရှေ့ အမြင်မတော် သည့် သင်္ကန်းဝတ်သူအချို့ကို တွေ့ပြီဆိုလျှင် ဖုန်းဆက်ကာ လှမ်းအကြောင်းကြားတတ်သည်။ ထိုအခါ သထဖဆရာတော်တွေနေ့ညမရွေး ထပြေးကြတော့သည်။
ထိုသို့ ထပြေးကောင်းသဖြင့် လွဲခဲ့ရသည့်ဖြစ်စဉ်တစ်ခုလည်း ရှိ ဖူးသည်။ တစ်ခါက အောင်မြေသာ စံမြို့နယ်ထဲမှ ဖုန်းလာသည်။ ရပ် ကွက်ထဲတွင် သံဃာတစ်ပါး တစ် နေကုန် ဘယ်မှမသွားဘဲ ယောင် ပေယောင်ပေဖြင့် ဟိုအိမ်ရှေ့နေ လိုက်၊ သည်အိမ်ရှေ့ကူးလိုက် အ လှူခံလိုက်လုပ်နေတာ တွေ့နေရ သည်ဟု ရပ်ကွက်နေပြည်သူတစ် ဦးက လှမ်းအကြောင်းကြားသည်။ ထို့ကြောင့် သထဖ အဖွဲ့ဆရာ တော်တွေ ထိုရပ်ကွက်ဆီ အပြေး သွားကြသည်။
ဟိုရောက်တော့ သက်တော် (၆၀)ကျော်ရှိသည့် သံဃာတစ်ပါး ကို တွေ့ရသည်။ ဘယ်ကျောင်း တိုက်ကလဲမေးမြန်းတော့ ထို သံဃာကမဖြေနိုင်။နောက်ဆုံး ဝေ့ လည်ကြောင်ပတ်လုပ်နေသည်ဟု ထင်လာသဖြင့် ကျောကုန်း သုံး လေးချက်ရိုက်ပစ်သည်။ သို့သော် ဘယ်လိုပဲရိုက်ရိုက်မဖြေ။ သို့ဖြင့် ရဲစခန်းကိုခေါ်လာသည်။ လူချွတ် ကာ အချုပ်ထဲထည့်တော့မည်ဆို ခါမှ ထိုကိုယ်တော်က သူဘယ် ကျောင်းတိုက်ကဆိုတာကို ရုတ် တရက်ထပြောသည်။ သူပြော သည့် ကျောင်းတိုက်ကိုစုံစမ်းပြီး ကျောင်းတိုက်က ဆရာတော် အချို့ကို ပင့်ဖိတ်ခဲ့ရာမှ အဖမ်းခံ ရသည့်ရဟန်းမှာ ထိုကျောင်းတိုက် ၏ ဓမ္မကထိကဆရာတော်ဖြစ်ပြီး အတိတ်မေ့ဝေဒနာကို မကြာခဏ ခံစားနေရသူဖြစ်ကြောင်း ပြောပြ ကြတော့ သထဖအဖွဲ့ ဆရာတော် တွေ ချက်ချင်းကန်တော့တောင်း ပန်ကြရသည်။ ဆရာတော်ကြီးက တော့ သုံးလေးချက်လောက် အ ဆော်ခံခဲ့ရသော်လည်း သာသနာ တော်သန့်ရှင်းရေးအတွက် လုပ် နေသည်ကို အသိအမှတ်ပြုသည့် အနေဖြင့် စိတ်ဆိုးခဲ့ခြင်းမရှိဘဲ ခွင့် လွှတ်ခဲ့ရသည်ဟု သထဖဆရာ တော်များက မိန့်ပါသည်။
‘‘ကိုယ့်ဘာသာကိုယ် အထင် သေးမခံရအောင် အများရဲ့ ကြည် ညိုလေးစားမှုရှိအောင် လုပ်နေ တာပါ’’ဟု ချမ်းအေးသာစံမြို့နယ် သထဖ အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရက မိန့်ကြားပါသည်။

No comments:
Post a Comment