စိုးတထိတ်ထိတ် အယ်လ်နီညို

ယခုနှစ် အယ်လ်နီညိုရာသီဥတုတွင် ရေရှားပါးမှုက အကြီးမားဆုံးပြဿနာဖြစ်လာမည်။
ဓာတ်ပုံ - ညီညီဇော်
ပုံမှန်ရာသီဥတုအတိုင်းဆို လျှင်ပင် နှစ်စဉ် ရေရှားပါးနေကျ ကျေးရွာများမှာ
မကြာမီ ရောက်လာတော့မည့် အယ်လ်နီညိုရာသီဥတု ကြောင့် ရေရှားပါးနိုင်သည်ဆို၍
ကျေးရွာသူ ကျေးရွာသားအချို့ စိတ်ပူပန်နေကြရပြီ ဖြစ်သည်။
လွန်ခဲ့သောနှစ်များစွာက ရေရှားပါးမှုဒဏ် တွေ့ကြုံခဲ့ရသဖြင့် လာမည့် အယ်လ်နီညိုရာသီဥတုအပေါ် စိုးရိမ်ကြီးနေသူတွေ ရှိကြပါ၏။ ထိုသူတွေထဲ တံတားဦးမြို့နယ် ကြိုးကြာဥကျေးရွာမှ အသက်(၇၇)နှစ်အရွယ် အဘွားဒေါ်ဥလည်း ပါဝင်၏။
အဘွားဒေါ်ဥတို့ ကြိုးကြာဥကျေးရွာက ရေချိုမရ၊ ရေငန်တောင် မနည်းရအောင် လုပ်ထားရသည့်ရွာ။ အဘွားဒေါ်ဥတို့ ငယ်စဉ်ကတော့ ရေတစ်အိုးလေးရဖို့ အရေး ရွာနှင့်အသွားအပြန် တစ်နာရီကျော်လောက် ကြာသည့်နေ ရာသို့ ရေသွားခပ်ရ၏။ နေ့ခင်းတွင် ရေခပ်သူများ၍ ညရေး ညဘက်တွေပါ ဓာတ်မီးတစ်လက်ဖြင့် သွားခပ်ရသည့် ညတွေလည်း အများကြီး။ မြွေကြောက်၊ ကင်းကြောက်၊ သရဲတစ္ဆ ကြောက်လှသော်လည်း ကိုယ့်အိမ် ရေရဖို့အရေး အရဲစွန့်ကာ သွားခပ်ခဲ့ရသည် ဟု အဘွားဒေါ်ဥက ပြောပြသည်။
ယခုအချိန်တွင်တော့ အဘွား ဒေါ်ဥတို့ ကြိုးကြာဥကျေးရွာမှာ ယခင်တုန်းကလောက် ရေမရှား တော့သော်လည်း ပေါများလှသည် တော့ မဟုတ်သေး။ သာ၍ဆိုးသည်က ဒီနှစ် အယ်လ်နီညိုလာ ကာ ရေရှားပါးမည့် သတင်းတွေ ကြားထား၍ စိတ်ပူမိသည်ဟု အဘွားဒေါ်ဥက ဆိုပါသည်။ သို့သော် စိတ်ပူသည်ဆိုသော်လည်း ဘာကဘယ်လိုစပြီး ပြင်ဆင်ထားရမည်မှန်းလည်းမသိ။ အသက်လည်းကြီးနေပြီဖြစ်၍ ရေများရှားလာခဲ့လျှင် ဒုက္ခတွေ့မှာစိုးရိမ်မိသည်ဟု အဘွားဒေါ်ဥကဆိုပါသည်။ ကြိုးကြာဥရွာမှ အသက်(၆၂)နှစ်အရွယ်ရှိ ဦးငွေညွန့်ကလည်း ဒေါ်ဥကဲ့သို့ပင်။ ‘‘အိမ်မှာက လူလွတ် မရှိတော့ ရေတစ်ပုံးရှိရင် ပေးရကမ်းရတာပေါ့။ သောက်ရေရှား မှာကိုတော့ စိုးရိမ်မိတယ်’’ဟု ဦးငွေညွန့်က ဆိုပါသည်။
မိုးခေါင်ရေရှားလွန်းသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေကလည်း အယ်လ်နီ ညိုကို စိုးရိမ်နေကြပါ၏။ ဧရာဝတီမြစ်နှင့် နှစ်မိုင်ခန့်သာ ကွာဝေးသော်လည်း မြစ်နှင့် ရွာတွေအကြား မင်းဝံတောင်ရိုးကြီး ခြားနေသည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာလည်း နှစ်စဉ်ရေရှားပါးမှုပြဿနာ ကြုံနေရသည့်အထဲ အယ်လ်နီညို ၀င်ရောက်မည်ဟု သတင်းကြားထားသည့်အတွက် စိုးရိမ်ပူပန်နေကြရပြီဖြစ်သည်။
ထိုကျေးရွာတွေကလည်း မိုးရေလှောင်ကန်ကိုသာ အားထားရ သည့်ကျေးရွာတွေ။ ရွာမှာ ရေဘုံပိုင်တူးသော်လည်း ရေချိုမထွက် ရေငန်ခါးတွေသာ ထွက်သည့်ရွာတွေဖြစ်သည်။ ထွက်လာသည့် ရေငန်တွေကလည်း သောက်ဖို့
မပြောနှင့်။ သုံးဖို့တောင် ကောင်းကောင်းအဆင်မပြေ။ ချိုးပြီဆိုလည်း ဆပ်ပြာက တွန်းမရ။ ချောကျိချောကျိနှင့်။ ‘‘နည်းနည်းခေတ်မီတဲ့သူတွေကတော့ စိုးရိမ်မှုရှိကြတယ်။ အခုက အပူဒဏ်ကလည်း ပြင်းလာပြီ။ အခုတောင် ရွာရှိလူဦးရေနဲ့ ကန်ကရေက သိပ်တောင်မမျှသလောက် တောင် ဖြစ်လာပြီ’’ဟု စစ်ကိုင်းမြို့ နယ် တလိုင်းရွာမှ ဦးကျော်ရှိန်က ပြောပြသည်။ ဦးကျော်ရှိန်တို့ ငယ် စဉ်က တလိုင်းရွာတွင် ရေရှားပါးမှု တွေ အပြင်းအထန် ကြုံတွေ့ဖူး သဖြင့်
နဂိုရေခံ၊ မြေခံမကောင်း သည့် သူတို့ရွာ ရေရှားပါးမှုတွေ ကြုံရမှာ စိုးရိမ်နေကြရသည်။
ထို့ကြောင့် စစ်ကိုင်းမြို့နယ်ထဲက မင်းဝံတောင်ရိုး အနောက်ဘက် ရေရှားသည့် ကျေးရွာတွင် အယ်လ်နီညို ရာသီဥတုအတွက် ပြင်ဆင်မှုတွေ လုပ်နေကြရသည်။ ထိုပြင်ဆင်မှု ပြုလုပ်နေသည့် ကျေးရွာတွေထဲ ရေအရှားပါးဆုံး ကျေးရွာတစ်ခုဖြစ်သည့် တောင်ရင်းကျေးရွာ၌ ယခုမတ်လဆန်းပိုင်း အတွင်းကပင် အစည်းအဝေး ခေါ်ယူကာ အယ်လ်နီညိုအတွက် စတင် ပြင်ဆင်နေကြပြီဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၄ လောက်က တည်းက စီစဉ်နေသည့် မြစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော်ရန် တိုင်ပင်ကြတာဖြစ်သည်။

အချို့နေရာများတွင် ရေတွင်းများ ရေခန်းခြောက်စပြုလာနေသည်။
ဓာတ်ပုံ - ညီညီဇော်
ဧရာဝတီမြစ်ရေကို စက် ဖြင့်မောင်း၊ ပိုက်ဖြင့်သွယ်ပြီး မင်းဝံတောင်ရိုးကြီးပေါ်မှတစ်ဆင့် ရေသွယ်ယူရန် စီစဉ်ကြတာဖြစ်သည်။
သို့သော် ထိုအတွက် ရေကော်မတီလေးဖွဲ့ကာ သောက်သုံးရေ လွယ်ကူအောင် စီမံကြသည်။
သို့သော် တောင်ရင်းရွာနှင့် ဧရာဝတီမြစ်က နှစ်မိုင်လောက်ဝေးကွာသည့်အပြင် ကြားထဲတွင် မင်းဝံတောင်ရိုးကြီးက ခံနေသည်။
မင်းဝံတောင်ရိုးကြီးရဲ့ တောင်တက် တောင်ဆင်းလမ်း တွေကိုက ပေလေးထာင်ကျော် ရှည်လျားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ထိုစီမံကိန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည်များကိုလည်း
ရပ်ရွာအတွင်း ငွေကြေး တောင့်တင်းသူအချို့က လှူဒါန်းရန် စီစဉ်နေကြသည်။
ထိုစီမံကိန်းက ရွာတိုင်းတော့ မရနိုင်။ စီမံကိန်းနှင့်ဝေးသည့် ကျေး ရွာတွေက အနည်းငယ်တော့ စောင့်ရလေဦးမည်။
ဌာနဆိုင်ရာကတော့ မြစ်ရေတင်စီမံကိန်းအတွက် ကျေးရွာလေးရွာခန့်ကို လျာထားသည်။ ထိုရွာတွေမှာ ရေလှောင်ကန်ကြီးတွေ တည်ဆောက်ကာ ထိုရေလှောင်ကန်တွေကတစ်ဆင့် တစ်အိမ်ချင်းစီ ပိုက်ဖြင့် သွယ်ယူကာ မီတာစနစ်ဖြင့် သုံးစွဲရန် စီစဉ်ထားသည်။
သို့သော် ရွာသူရွာသားတွေကတော့ ရေလှောင်ကန်တွေ၊ ရေမီတာတွေ၊ တစ်အိမ်ချင်းစီ ရေကန်တည်ဆောက်တာတွေက အချိန်က ကြာနိုင်သည်။ အယ်လ်နီညိုက လာတော့မည်။ အယ်လ်နီညိုမလာခင်လေး ရွာထဲက မြေသားကန်တွေဆီ မြစ်ရေကိုသွယ်ယူပြီး ရေအပြည့်ဖြည့်ထားချင်ကြသည်။ ထို့ကြောင့် ဌာနကို စာတင်မည် ဟု တောင်ရင်းရွာအုပ်ချုပ်ရေးမှူး ဦးတူးက ပြောပြသည်။
‘‘ရွာကရေရှားမှာကို စိုးရိမ် ကြတယ်။ ရေတကယ်ရှားပြီဆိုရင် ကိုယ့်လုပ်ငန်းကို မလုပ်ရတော့ဘူး။ သည်ရေလေးရဖို့အရေး နေကုန်၊ နေခန်း အားစိုက်ကြရတာ’’ဟု ဦးတူးက ပြောပြသည်။
မြစ်ရေတင်စီမံကိန်းက လည်း အယ်လ်နီညိုကြောင့် လတ်တလော ရေရှားမည့်ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း ရေပြဿနာ ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုတော့ မဟုတ်သေးပေ။
အဘယ်ကြောင့်ဆိုသော် ဧရာဝတီမြစ်ရေ ရေကြောင်းပြောင်းလဲသွားပါက ရေစုပ်တင်ဖို့ ဘယ်လိုမှမရတော့။ သို့သော်လည်း လာမည့် အယ်လ်နီညိုအရေး မြစ်ရေတင်စီမံကိန်းလေးဖြင့် ဖြေရှင်းနိုင် လောက်မည်ဟုတော့ တောင်ရင်းရွာသူရွာသားတွေ မျှော်လင့်ထားကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ လေ့လာတွေ့ ရှိချက်များအရ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မြို့နယ်ပေါင်း ၁၇၆ မှ ကျေးရွာပေါင်း ၁၇၆၁ ရွာသည် မတ်လ၊ ဧပြီလနှင့် မေလများတွင် သောက်သုံးရေပြတ်လပ်နိုင်သည့် အခြေအနေရှိသည်ဟု ခန့်မှန်းထားသည်။ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က အယ်လ်နီညိုဖြစ်စဉ်ကို ဇွန်လအ ထိ ရင်ဆိုင်ရနိုင်ပြီး အပူချိန်ကြောင့် သောက်သုံးရေရှားပါးမှု ပြဿနာကလည်း မြန်မာနိုင်ငံအနှံ့ ခြိမ်းခြောက်
နေကြောင်း သတိပေး ထားသည်။
ထို့ကြောင့် ကျေးရွာများအတွက် စက်သုံးဆီစရိတ် ကျပ် ၇၈ သန်းကျော်ဖိုး သုံးစွဲကာ သောက် သုံးရေ သယ်ယူပို့ဆောင်ဖြန့်ဝေပေးရန် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနက စီစဉ်နေပြီဖြစ်သည်။
သို့သော် မတ်လအထိပင် မရောက်သေးမီ ဖေဖော်ဝါရီလကုန်ပိုင်းအထိပင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှ တစ်ရွာ၊ ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ တစ်ရွာ၊ မကွေးတိုင်း ချောက်နှင့် ပခုက္ကူမြို့နယ် တို့မှ ငါးရွာ၊ မန္တလေးတိုင်းမှ မြစ်သား၊ တံတားဦး၊ ရမည်းသင်း၊ တောင်သာ၊ ပျော်ဘွယ်၊ ပုသိမ်ကြီးနှင့် ညောင်ဦးမြို့နယ်တို့မှ ၂၁ ရွာ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ တစ်ရွာနှင့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှ လေးရွာ စုစုပေါင်းကျေးရွာ ၃၃ ရွာက ရေအကူအညီတောင်း ခံနေပြီဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဆိုထားသည်။
ကျေးရွာတွေမှာ ရာသီဥတုနှင့် ပတ်သက်၍ ဗဟုသုတရှိသူ၊ နဂိုရေရှားရသည့်အထဲ ရာသီဥတု ဖောက်ပြန်၍ ရေပိုမိုရှားပါးမှုဒဏ် ကိုယ်တွေ့ ဒုက္ခခံဖူးသူတွေက တော့ အယ်လ်နီညိုအတွက် စိုးထိတ်လို့ နေရပါပြီ။
သို့သော် ယမန်နှစ်က မိုး ကောင်းခဲ့၍ ရွာကကန်ထဲ ရေတွေ မြင်တွေ့နေရသေးသဖြင့် တချို့က တော့ စိတ်အေးလက်အေးပင်။
အယ်လ်နီညိုအတွက် ကြိုတွေးကာ စိုးရိမ်နေသူ တလိုင်းရွာသားကြီး ဦးကျော်ရှိန်က ‘‘အခုခေတ်လူတွေက ရေကလေး တစ်ပုံးရဖို့အရေး ခဲရာခဲဆစ်မဖြစ်ဖူးတော့ မကြောက်တတ်ဘူးပေါ့’’ ဟု ဆိုလိုက်ပါတော့သည်။

No comments:
Post a Comment