Monday, May 9, 2016

တောမှာပဲ ပျော်ပါတယ်

တံတားဦးမြို့အတွင်းရှိ ထနောင်းကိုင်း၊ စကားတဲကျေးရွာဒေသခံများ၏ နေ့စဉ်ဘ၀ လူနေမှုမြင်ကွင်းအချို့ (ဓာတ်ပုံ-ညီညီဇော်)
တစ်ဆောင်းတွင်းလုံး ခိုက်ခိုက်တုန်အောင် ချမ်းခဲ့ရသည့် အညာသည် တပေါင်းလဆန်းသည်နှင့် ပူလောင်အိုက်စပ်မှုတွေနှင့်အတူ နွေကိုကြိုလာခဲ့သည်။ နဂိုကမှ ခြောက်သွေ့လွန်းလှသည့် အညာသည် နွေဦးကာလမှာ ပို၍တောင်ခြောက်ကပ်ကပ်နိုင်လာခဲ့သည်။ သို့သော် ညဥ့်နက်ပိုင်းနှင့် နံနက်ခင်းအချိန်တွေမှာ အေးမြသည့်အငွေ့ အသက်ကလေးတွေ ရနေပေလို့ ခံသာသေးသည်။
ပူအိုက်လွန်းလှသည့် အညာနွေနေ့လယ်ခင်းတစ်ခုဝယ် တံတားဦး-မြို့သာ လမ်းနံဘေးရှိ ထနောင်းကိုင်းရွာအနီး ထန်းတောအတွင်းမှ တဲငယ်လေးတစ်ခုအတွင်းတွင်တော့မီးဖိုခြောက်ဖိုဖြင့် အလုပ်များနေသူ အမျိုးသမီးတစ်ဦးရှိနေသည်။ ထိုအမျိုးသမီးကတော့ ထန်းလျက်ကျိုနေသူ ထန်းသမားမယားမနုဖြစ်သည်။ ဖိုထားသည့် မီးဖိုခြောက်ဖိုနှင့် ပွက်ပွက်ဆူနေသည့် ဒယ်အိုးများ၏ အပူဓာတ်များက မနုခန္ဓာကိုယ်ဆီလာရိုက်ခတ်ကာ ချွေးတွေ တစက်စက်ကျလာစေခဲ့သည်။
သည်လောက်ပူလောင်နေသည့် ရာသီဥတုကြားထဲ မီးအပူတွေကြား စိတ်မညစ်ဘူးလားဟု မေးတော့ ‘‘မီးကပူ နေကပူတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ စိတ်မညစ်ပါဘူး။ တောလုပ်ငန်းသဘာဝဆိုတော့ လုပ်ရတာပဲ’’ဟု ပြောရင်း မနုက ရယ်ပြပါသည်။ မီးအပူ၊ နေအပူသာမကသေးပါ။ ထန်းလျက်လုံးသည့်အခါတွင်လည်း ပူနေတုန်းလုံးရ သဖြင့် လက်တွေအတော်ပူသည်ဟု မနုကပြောပြသည်။ သို့သော် မနုမျက်နှာကတော့ စိတ်ညစ်ပုံတစ်စက်ကလေးမှမပြ။
မနုတို့ ထန်းသမားမိသားစုနေထိုင်သည့် တဲအိမ်လေးအတွင်းမှာ ဝါတာကူလာ(ရေအေးစက်)ရှိမနေပါ။ သို့သော် စိုဖတ်နေသည့် သဲအိုးလေးကတော့ တဲထောင့်လေးတွင် ရှိနေသည်။ ထိုသဲအိုးလေးထဲမှရေက သဘာဝအအေးမို့ ဝါတာကူလာထဲက ရေထက်ပင်သာ၍သောက်လို့ကောင်းသည်။ နောက်ပြီး မနုတို့ တဲအိမ်လေးထဲတွင် ပန်ကာတို့၊ အဲကွန်း(လေအေးပေးစက်)တို့လည်း တပ်မထားပါ။ ထန်းလက်မိုး၊ ထန်းလက်ကာတဲအိမ်လေး။ သို့သော် တစ်ချက်တစ်ချက်ဝေ့တိုက် လာသည့် သဘာဝ လေအေးလေးတွေက ချွေးစက်တို့ကို တိတ်စေလေသည်။
မနုလင်သား ထန်သမားကို မောင်ကျော်သည်လည်း မနု အတိုင်းပင်။ အပူဒဏ်ကြောင့် ထန်းတက်ရသည်မှာ ပိုပင်ပန်း သော်ငြား လုပ်ရိုးလုပ်စဉ်မို့ ပင်ပန်းသည်မထင်တော့။ နံနက် ခင်းနှင့် ညနေပိုင်းတွေမှာထန်း တက်ပြီး နေပြင်းချိန် နေ့လယ် ခင်း လုပ်ငန်းနိုင်လျှင် အရိပ် အာဝါသကောင်းသည့် သစ်ပင် အောက် တစ်ရေးတမောအိပ် မည်။ သို့တည်းမဟုတ် ထန်း လုပ်ငန်းအတွက် လိုအပ်တာတွေ ပြင်ဆင်ချင်ပြင်ဆင်နေမည်ဟု ကိုမောင်ကျော်က အပြုံးချိုချိုဖြင့် ဆိုသည်။
ကိုမောင်ကျော်တို့၊ မနုတို့ ကတော့ ထန်းလုပ်ငန်းလုပ်ကိုင် သူတွေမို့ နွေရာသီကာလ ပိုမို အလုပ်များကြရသည်။ တံတားဦး မြို့နယ် စကားတဲရွာက အဘွား ဒေါ်ကြင်နုတို့ကတော့ နွေရာသီ ဆို အေးအေးဆေးဆေး တကယ့် ဟောလီးဒေး။
အဘွားဒေါ်ကြင်နုတို့ အမျိုး သမီးတစ်သိုက် တံတားဦး- မြို့သာလမ်းနံဘေး လယ်ကွင်း အတွင်းရှိ အရိပ်အာဝါသကောင်း လှသည့် သရက်ပင်ကြီးတစ်ပင်နား တွင် စုဝေးနေကြသည်။ သရက် ပင်ကြီးအနီးတွင် ရေတွင်းတစ် တွင်းလည်းရှိသည်မို့ သာ၍အေး နေပါသည်။ အဘွားဒေါ်ကြင်နုက အသက် (၆၅)နှစ်ရှိပြီ။ တောင်သူ သိမ်းချိန်မို့ အဘွားက ရေသွင်း ထားသည့် လယ်ထဲက ငါးပေါက် စလေးတွေကို နေပူကြီးထဲ သွား ဖမ်းနေတာဖြစ်သည်။ ငါးရသည် က နည်းနည်း၊ ရွှံ့ဗွက်တွေပေလာ သည်က များများ။ ရွှံ့ဗွက်တွေ လူးထားသည့် ငါးများကို ရေတွင်းတွင် လာဆေးနေခြင်းဖြစ်သည်။
အခြားအမျိုးသမီးတွေက တော့ နွားကျောင်းရင်း နေ့ခင်း နေ့လယ်ဘက် အပူရှိန်ပြင်းထန် ချိန် အရိပ်ကောင်းလှသည့် သရက်ပင်အောက် လာစုကြတာဖြစ် သည်။ နွားကျောင်းလာကြသူတွေ မို့ အပူဒဏ်သက်သာအောင် သနပ်ခါးထူထူ လိမ်းလာကြ သည်။ နေပူဒဏ်ခံနိုင်အောင် ပုဆိုးတွေခြုံလာကြသည်။ လက် ထဲမှာလည်း ရေဒီယိုလေးတစ်လုံး ဖြင့် သီချင်းတွေနားထောင်ကြ သည်။
အိမ်မှာကျန်ခဲ့သူတွေက လည်း တောင်သူလုပ်ငန်းမရှိ၍ နံနက်အစောကြီးထရန်မလို။ ထမင်းဟင်းချက်ပြုတ် နေ့ခင်း နေ့လယ်ဘက် တစ်ရေးတမော အိပ်၊ တီဗီကြည့်ဖြင့် နွေရာသီ ကာလရှည်ကို ဖြတ်သန်းကြ သည်။ သို့သော် တောသူတောင် သားများ အလုပ်နဲ့လက် မပြတ် ချင်ကြသူတွေမို့ တောင်သူလုပ် ငန်းသိမ်းချိန်မှာ နွားကျောင်းတာ တို့၊ ရက်ကန်းရက်တာတို့အပြင် နီးစပ်ရာအလုပ်ကြမ်းလေး ဘာ လေးတွေ  ဝင်လုပ်ကြသူတွေလည်းရှိသည်။ နေပူတာတွေဘာတွေ သူတို့ဂရုမစိုက်တတ်ကြ။
သင်္ကြန်အပြီး မိုးဦးကျလာပြီ ဆိုလျှင် နှမ်းကြဲမြေပဲနုတ်တာတွေ လုပ်ရတော့မည်။ မိုးမကျခင်လေးနွေရာသီဟောလီးဒေး ကာလတွေကို တပျော်တပါးကြီး ဖြတ်သန်းခွင့်ရတာဖြစ်သည်။ အဘွား ဒေါ်ကြင်နုကတော့ နွေရာသီဆို ငယ်ငယ်ကတည်းက ပျော်သည်ဟုဆိုသည်။ တစ်လျှောက်လုံး ပင်ပန်းလာခဲ့၍ ပေါ့ပေါ့ပါးပါး နေထိုင်ခွင့်ရသည့် ကာလလေးမို့ ပျော်ဟန်တူသည်။
အပူရှိန်ပြင်းထန်လာပြီဖြစ် ၍ နွေရာသီကာလတွင် ပြုလုပ်ရန် မသင့်သည့် အပြုအမူများကို လည်း တောသူတောင်သားတွေ ပေမယ့် သိကြသည်။ နံနက်၁၀ နာရီနောက်ပိုင်း နေအပူရှိန်ပြင်း သည့်အချိန် ရေချိုးဆင်ခြင်ကြ သည်။ အရိပ်အာဝါသကောင်းလှ သည့် ညောင်ပင်တို့၊ သရက်ပင် တို့အောက်မှာ ခိုကြသည်။ ပူပြင်း စူးရှလွန်းလှသည့် အညာနွေကို အညာသူအညာသားများ ကြောက်လန့်ပုံမရ။ ‘‘ကြောက်နေ လို့လည်း ဖြစ်မှမဖြစ်တာ’’ဟု နွား ကျောင်းနေသည့် အမျိုးသမီးတစ် ဦးက ဆိုသည်။
နွေကတော့ စမည်ကြံခါရှိ သေး ဇာတိက ကောင်းကောင်းပြ နေလေပြီ။ ဒီနှစ်က အပူပေါ် အပူ ဆင့်သလို အယ်လ်နီညိုနှစ်ဖြစ် တာကြောင့် အပူစံချိန်တင်မည်ဟု ဆိုသည်။ သင်္ကြန်အပြီးကာလ ကဆုန်၊ နယုန်နှင့် တော်သလင်း လတွေ ဖျပ်ဖျပ်လူးကာ ဖြတ်သန်း ရဦးမည်မှာ သေချာလှသည်။ သို့သော် သူတို့ပုံစံတွေက အညာကိုစွန့်ခွာမည့်ဟန် တစ်စက် ကလေးမှမပြ။ လူတွေ၊ ကားတွေ ဖြင့် ပြည့်သိပ်ကျပ်နေသည့် မြို့ပြလမ်းမတွေပေါ် ဖြတ်သန်းချင်ပုံ မရကြပါ။ မြင့်မားလှသည့် တိုက်တာတွေကြား၊ ပူးကပ်နေသည့် လူနေအိမ်ခြေ တိုက်တာတွေ အကြား ဝေ့တိုက်လာသည့် လေပူတွေကို ခံစားချင်ပုံမရကြပါ။ ဖန်တီးထားသည့် လေအေးစက် တွေကြားထဲလည်း နေချင်ပုံ မရ ကြပါ။
လယ်ကွင်းတွေထဲက ဖြတ် သန်းတိုက်ခတ်လာသည့် လေနု အေးလေးတွေကိုသာ အေးအေး သက်သာ ခံစားလိုကြသည်။ အရိပ်အာဝါသကောင်းလှသည့် အပင်ကြီးတွေအောက်မှာ လေ ကလေးတဖြူးဖြူးဖြင့် အပူအပင် ကင်းမဲ့ကာ အိပ်စက်လိုကြသည်။ သဘာဝသဲအိုးထဲက ရေအေး အေးကိုသာ ခေါင်းမဖော်တမ်း သောက်လိုကြသည်။ သဘာဝ တရားကြီးကတော့ သူအချိန်နှင့် သူ အေးလိုက်၊ စိုစွတ်လိုက်၊ ခြောက်သွေ့လိုက်ဖြင့် ရာသီတွေ အလီလီ အလှည့်ကျ ပြောင်းလဲ ပေးနေခဲ့သည်။
ကျေးလက်နေ တောသူ တောင်သားများကတော့ သဘာဝ ကပေးသည့် သံသရာစက်ဝန်း အတိုင်း အလှည့်ကျနေထိုင်ဖို့ အသားကျနေခဲ့ပါပြီ။ အစွန်း ရောက်ရာသီဥတုများအကြား ကြံ့ကြံ့ခံ နေထိုင်ခဲ့ရသည့် ကာလတွေက များလှပြီမဟုတ်ပါလား.

သရက်သီးကင်းပေါ်ချိန်


ဓာတ်ပုံ-ညီညီဇော်
တပေါင်းလဆန်းသည်နှင့် နွေရာသီသရုပ်သကန်တွေက နေ့ခင်းပိုင်းတွေမှာ သိသိသာသာပြလာသည်။
နေ့ခင်းဘက် လမ်းပေါ်ထွက်ရမှာ အတော်ကြောက်မိသည်။ ပူလွန်း၍ဖြစ်သည်။ မဖြစ်မနေ လမ်းပေါ်အလုပ်ထွက် လုပ်နေရသူတွေ ဘယ်လိုနေမည်မသိ။
ရာသီဥတုပူတော့ အစားအသောက်ပါ ပျက်လာသည်။ ပူပူလောင်လောင် ရာသီဥတုထဲ ထမင်းပူ၊ ဟင်းပူတွေ မစားချင်။ စားလည်း နည်းနည်း။ လူကြီးသူမတွေဆို ပိုပြီးတောင် အစားအသောက်ပျက်ရှာမည်။
သို့သော် ရာသီဥတုပူ၍ အစားအသောက်ပျက်နိုင်သော် လည်း ရာသီစာလေးတစ်မျိုး ကြောင့်တော့ ခံတွင်းလိုက်နိုင်ပါ သေးသည်။ အခြားမဟုတ်။ သရက်သီးကင်းလေးတွေဖြစ်သည်။ ကျွန်တော်တို့ ခပ်ငယ်ငယ်တုန်းက တော့ အိမ်နားမှာ သရက်ပင်တွေ ရှိသည်မို့ ယခုလို နွေဦးလေရူးတစ် ချက်တစ်ချက် သုတ်လိုက်ချိန် ကြွေကျလာသည့် သရက်သီး ကင်းလေးတွေ အပြေးသွားသွား ကောက်ကြသည်။
သရက်ပင်ပိုင်ရှင်တွေက လည်း အပင်ပြတ်ရောင်းပြီးသား မို့ အပင်ပေါ်က သရက်သီးသာ မျက်စောင်းမထိုးနှင့် ကြွေကျလာ သည့် သရက်ကင်းတော့ ရှောရှောရှူရှူကောက်ခွင့်ပြုပါသည်။ ကောက်၍ရလာသည့် သရက် ကင်းလေးတွေကို အိမ်သောက် ရေအိုးစင်အောက်က ရေခံထား သည့် စဥ့်ထည်ခွက်အင်တုံလေး ထဲ စိမ်ထားလိုက်သည်။ ထမင်း စားခါနီးမှ ရေစိမ်ထားသည့် သရက်ကင်းလေးတွေကိုယူ ဓား ဖြင့်လေးခြမ်းစိတ်ကာ ဇလုံလေး ထဲရေစိမ်ပြီး ထမင်းစားပွဲဝိုင်းပေါ် တင်သည်။ ခရမ်းချဉ်သီးကလည်း ပေါပေါများများ ရနေသေးသည်မို့ ခရမ်းချဉ်သီးငါးပိချက်တို့၊ ငံပြာ ရည်ဖျော်တို့နှင့်ဆို သရက်ကင်း လေးတွေက လိုက်မှလိုက်။
ကျွန်တော်တို့ အမရပူရမြို့ နယ်ထဲပါသည့် ကျေးရွာတချို့ တွေမှာလည်း သရက်ခြံတွေ အ မြောက်အမြားရှိပါသည်။ ဒုဋ္ဌဝတီ မြစ်မြောက်ဘက်ကပ်လျက်က ကျေးရွာတွေမှာ သရက်ခြံတွေက အပြည့်။ ထိုမှတောင်ဘက်ဆက် မည်ဆိုလျှင် စဥ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ ဟန့်မြင့်မိုရ် အစရှိသည့်နေရာတွေမှာလည်း သရက် ခြံတွေက အုံ့အုံ့ဆိုင်းဆိုင်း။
စိန်တလုံး၊ ဟင်္သာ၊ ငမောက်၊ရင်ကွဲ အစရှိသည့် သရက်သီး အမျိုးအစုံရှိသည့်အနက် ရင်ကွဲ၊ငမောက်နှင့် အကြမ်းသီးမျိုးတွေ ၏ သရက်ကင်းလေးတွေက ပိုစား၍ကောင်းသည်ဟု အမရပူရမြို့ နယ်ထဲရှိ မိကျောင်းတက်ကျေး ရွာမှ သရက်သီးစိုက်တောင်သူ ဦးတင်အေးက ပြောပြပါသည်။ ရင်ကွဲသီးဆိုလျှင် သခင်ချစ်မျိုး။ သူ့ကိုဆေးတစ်ခါလောက် ဖျန်း ပေးရုံဖြင့် တအားသီးသည်။ သီး လွန်း၍ သူ့အပင်သူမနိုင်တော့။ ယခုလို အပူရှိန်ပြင်းထန်ချိန် အ ပေါ်ကပူ၊ အောက်က ရေဖျန်း ပေး၍ အငွေ့တက်ချိန်ပေါင်းကာ အကင်းတွေတဖြုတ်ဖြုတ် ကြွေကျသည်။
မသိလျှင်တော့ အကင်းဘဝ မှာတင် ကြွေကျကုန်၍ နှမြောချင် စရာ။ သရက်သီးစိုက်သူတွေက သရက်ကင်းကြွေသည်ကို သားခွဲ သည်ဟု ခေါ်သည်။ အပင်ပေါ်မှာ အသီးတွေ ကျပ်နေလျှင် အသီး တွေမလှတတ်။ ခပ်ကျဲကျဲလေး သီးမှသာ သရက်သီးလှလှလေး တွေ ထွက်တတ်သည်။ ယခုအခါ သဘာဝအတိုင်း ကြွေကျတာအ ပြင် လူကလည်း သားခွဲပေးလာရ သည်။ ပြွတ်ခဲနေသည့်အထဲက သရက်ကင်းလေးတွေကို ခွဲထုတ် ချရသည်။ နောက်ပြီး သရက်ကင်း က လေကြွေသီးထက် ခူးချသည့် အသီးက ပို၍လတ်ဆတ်ကာ သာ ၍စားကောင်းသည်။ ထို့ကြောင့် ဈေးကွက်မှာကျ ဈေးကောင်းရ သည်။ ပေါ်ခါစ တပို့တွဲလတုန်း လောက်ကဆိုလျှင် သရက်ကင်း တစ်ပိဿာ နှစ်ထောင်၊ သုံး ထောင်ခန့်အထိ ဈေးရသည်ဟု သရက်သီးစိုက်တောင်သူ ဦးတင် အေးက ပြောပြသည်။
သရက်ကင်းလေးတွေက ဆိမ့်သည်။ ချိုသည်။ အချဉ်ဓာတ် ကလေးပါသည်။ သရက်ကင်းကို သုံးနာရီလောက်တော့ ရေစိမ်ပေး ရသည်။ အစေးဓာတ်တွေ ထွက် သွားအောင်ဖြစ်သည်။ သိပ်ကို စားချင်လွန်း၍ ကောက်ပြီးပြီးချင်း စားမည်ဆိုလျှင်တော့ ချောင်းဆိုး တာတွေ၊ အသံကပ်တာတွေဖြစ် နိုင်သည်။ သရက်ကင်းက ဆီးချို တို့ ဘာတို့ ရောဂါတွေလည်း ကာ ကွယ်နိုင်သည်။ ရာသီဥတုဒဏ် လည်း ခံနိုင်သည်။ အားလည်းဖြစ် စေသည်ဟု ဦးတင်အေးက ပြော ပြသည်။
သရက်ကင်းကို တချို့က လှီးကာ ခရမ်းချဉ်သီးလေး၊ ပုစွန် ခြောက်လေးဖြင့် ချက်စားသည်။ သိပ်များလာပြီဆိုလျှင်တော့ အ မြှောင်းလေးတွေခြစ်ပြီး ဆားရည် လေးစိမ်ကာ ထားတတ်သည်။ သရက်သီးဆားပေါက်ဟု ခေါ် သည်။ အလှူအတန်းတွေရှိလျှင် ထိုသရက်သီးပေါက်လေးတွေက အသုံးဝင်သည်။
ပြာသို ကြက်ချေးဥ၊ တပို့တွဲ ပန်းပွင့် အကင်းဝင်၊ အကင်းသီး၊ တပေါင်းမှာ ထောင်းစားဟု သရက်သီးနှင့်ပတ်သက်၍ စာချိုး ထားကြသည်။ သရက်ပင်တွေက ပြာသိုလမှာ ကြက်ချေးနှင့် သဏ္ဌာန်တူသည့် ပွင့်တော့မည့် အဖူးလေးတွေ ပေါ်ထွက်လာတာ ကို ဆိုလိုခြင်းဖြစ်သည်။ တပို့တွဲ လမှာတော့ သရက်ပန်းမှတစ်ဆင့် သရက်ကင်းလေးတွေ ထွက်ပေါ် လာပြီး တပေါင်းလမှာတော့ သရက်သီးတွေ လှိုင်လှိုင်ပေါ် ထွက်လာကာ ထောင်းစား၍ရပြီ ဖြစ်သည်။ သရက်သီးထောင်းက လည်း စားလို့ကောင်းပါသည်။ ငါးပိလေး၊ ကြက်သွန်လေးဖြင့် ထောင်းစားကြတာဖြစ်သည်။
ဖြတ်ထိုးဉာဏ်မရှိ လူပုံအ လယ်မှာ မပြောတတ်၊ မဆိုတတ် သည့် လူငယ်တွေကို လူကြီးတွေ က မင်းကွာ အကင်းအညှာမရှိ လိုက်တာဟု ပုံခိုင်းပြောဆိုတတ် ကြသည်။ သရက်ပင်မှာ သရက် ကင်းလေးတွေ များများရှိလာ အောင် ထားတတ်သိုတတ်ဖို့လို သလို လူပုံအလယ်မှာလည်း သူ့ နေရာနှင့် တန်သည့်စကားပြော တတ်ဆိုတတ်ဖို့လိုသည်ဟု ဆိုလို ခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောပြပါသည်။
အမှည့်တဝင်းဝင်း အကင်း တဖုတ်ဖုတ်ဆိုသည့်စကားလည်း ရှိပါသည်။ အမှည့်ဘဝပင် မရောက်ရှာဘဲ အကင်းဘဝမှာပင် ကြွေကျသွားသည့် သရက်ကင်းလေးတွေကို ရည်ရွယ်ခြင်းဖြစ်ပါ လိမ့်မည်။ သဘာဝအတိုင်း ကြွေကျခဲ့ရသည့် သရက်ကင်းလေး တွေထက် သရက်တစ်ပင်လုံး အ သီးတွေအောင်ဖို့ ခြွေချခံရသည့် သရက်ကင်းလေးတွေက ပို၍စား ကောင်းသည်မို့ လူတွေက မက် မက်စက်စက်ရှိလွန်းလှပါသည်။ ဈေးလည်းကြီးလွန်းလှပါသည်။ တကယ်တော့ သရက်ကင်းဘဝ မှာတင် ကြွေရကြွေရ သရက်သီး ဘဝထိ နေရနေရ တန်ဖိုးရှိအောင် ထားတတ်ဖို့က အဓိကပင် မဟုတ်ပါလား။

ကာလပေါ်မန်းသင်္ကြန်

ဓာတ်ပုံ-7Day
‘‘သင်္ကြန်ခါတော်ပေ ရက် မြတ်မှာလေ××× လှပျိုဖော်တစ်သင်းနဲ့ တေးသံလွင်လွင်ရင့်ကျူးပေ××× ဆီးလို့သာလေ ပက်ဖျန်းမယ် သင်္ကြန်ရေ×××အေးအေးချမ်း လန်းဆန်းကြစေ မိတ်အပေါင်းကျန်းမာကြောင်း     ဝေ ဟောင်းခြွေနှစ်သစ်ပေ×××’’
မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်သူပြည်သားများ မျှော် လင့်နေသော မြန်မာတို့၏ အကြီး အကျယ်အခမ်းအနားဆုံးပွဲတော် ကြီးဖြစ်သည့် သင်္ကြန်ကာလတစ် ခုရောက်လာပေတော့မည်။ နှစ် ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြို ဆိုသည့် ကာလ၊ တစ်နှစ်လုံးပင် ပန်းခဲ့သမျှ အတိုးချအနားယူ ပျော် ရွှင်ကြည်နူးကြသည့် သင်္ကြန်နှစ်ဦး အထူးကာလ။
 အသက်ကြီးငယ်မရွေး သင်္ကြန်ကို   ရင်ခုန်သံကိုယ်စီဖြင့် ကြိုဆိုကြသည်။ ငယ်သူလည်း ငယ်သူအလျောက်၊   ရွယ်သူလည်း ရွယ်သူအလျောက်၊ တချို့ က ကိုယ်တိုင်ကိုယ်ကျပွဲတော်မှာ အားရပါးရ၀င်နွှဲသည်။ တချို့က ခပ်လှမ်းလှမ်းကနေ တစ်ပါးသူပျော်နေတာတွေကိုကြည့်ရင်း ပျော်ရွှင်ကြည်နူးကြသည်။ သင်္ကြန်..လူတွေရဲ့ စိတ်နှလုံးကြည်နူးရွှင်မြူးစေသည့် သင်္ကြန်...။
သင်္ကြန်ရက်မဆိုပါနှင့်ဦး။ သင်္ကြန်မရောက်မီရက်တွေက တည်းကပင် သင်္ကြန်ရောက်တော့ မှာပါလားဆိုသည့် အတွေးကပင် လူတွေရဲ့ စိတ်နှလုံးကို ကြည်လင် စေရသည်။ တောင်လေခပ်မြူး မြူးတွင် ဟိုမှသည်မှ ရိုက်ခတ်လာ သည့် သင်္ကြန်သီချင်းသံတွေက နားမှသည် နှလုံးသားထိတိုင် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ငယ်စဉ်ကလေးဘ၀ကတော့ သင်္ကြန်သည် ကိုယ့်အိမ်ရှေ့တွင် ပင် ဖြစ်သည်။ လာသမျှ လူတွေ၊ ကားတွေကို ပလတ်စတစ်ဖလား တစ်လုံးဖြင့် ပက်သည်။ သိပ်တော့ မဟန်။ အတော်အတန်နက်သည့် ရေတွင်းကနေ ကိုယ်တိုင်ငင်ယူရ သည်။ ကိုယ်တိုင်ဆွဲကာ ပက်ရ တာကြောင့် ဖြစ်သည်။ အိမ်မှာ သောက်ရေလေးတစ်အိုးခပ်ပေးဖို့ ပါးစပ်အမြှုပ်ထွက်အောင်ပြော ဆိုမှ မခပ်ချင်ခပ်ချင်ခပ်ပေးတတ် ကြသည့် ကျွန်တော်တို့လို ကလေး တွေ သင်္ကြန်ရက်ရောက်ပြီဆိုလျှင် တော့ ရေပက်ဖို့အရေး နေကုန်နေ ခန်းငင်လိုက်ခပ်လိုက်ကြသည် များ လက်မောင်းတွေတောင် အောင့်သည်။
လူပျိုပေါက်အရွယ်ရောက် လာတော့ သင်္ကြန်ရေပက်ခံထွက်သည့်ကားတွေကို ကြည့်ပြီး အားကျလာသည်။ လူငယ်တွေ တပျော်တပါးကြီး ကားတစ်စီးဖြင့် ရေပက်ခံထွက်ရသည့်အရသာ ခံစားချင်လာသည်။ သို့သော် ကလေးသာသာမို့ အကြီးတွေက သိပ်မခေါ်ချင်။ ရေပက်ခံထွက်သည့် အစ်ကိုတစ်ယောက် ဂျစ်ကားပေါ် မတက်မီ    သစ်သားတုတ်တစ်ချောင်းကောက်ယူသွား၍ သင်္ကြန်လည်တာတုတ်က ဘာလို့ယူတာတုံး မေးမိသည်။ ရန်တွေဘာတွေဖြစ်ရင် ဆော်ဖို့ပေါ့ဟဟုပြောတော့ ကိုယ့်ဟာကိုယ် ရေလေးပက်နေတာ အန္တရာယ်ကင်းပါတယ်လေဟု ဖြေတွေးတွေးရသည်။
အသက်(၂၀) ကျော်လာချိန် ပထမဆုံးသင်္ကြန်ကို ကားဖြင့် တစ်နေကုန်စလည်ခဲ့ဖူးသည်။ မှတ်မှတ်ရရ ၂၀၀၇ သင်္ကြန်။ တစ်နှစ်လောက်တော့ လည်ဖူးချင်သည်မို့ သူငယ်ချင်းတွေထွက်သည့် သင်္ကြန်ကားဖြင့် တစ်ယောက် ငါးထောင်ပေးကာ သင်္ကြန်တစ်ရက်လိုက်လည်ခဲ့သည်။ သင်္ကြန်လည်ရန် လာခေါ်သည့် ကားရောက်ပြီဆိုလို့ ကြည့်လိုက်မိတော့ ကားပေါ်မှာ လူတွေက ပန်းမုန်လာထုပ်ကြီး တစ်ထုပ်တင်လာသလို ပြည့်လျှံ နေပြီ။ ကားပေါ်အတင်းဝင်ခေါင်း ထိုးရင်း တက်ရသည်။
လူအပြည့်တင်ဆောင်သည့် ကျွန်တော်တို့ သင်္ကြန်ရေပက်ခံ ကားလေးက သိပ္ပံလမ်းမကြီးရဲ့ အနောက်ဘက်ကို ဦးတည်သွားနေသည်။ ဘယ်အရင်သွားမှာလဲဟု မေးကြည့်တော့ ဘုရားကြီး ဦးတိုက်တဲ့။ သင်္ကြန်မှာ အန္တရာယ် ကင်းကင်းလည်နိုင်အောင် ဘုရား ကို အလုပ်သွားပေးခြင်း ဖြစ်သည်။ဘုရားကြီးအရှေ့မုခ်ရောက် တော့ သင်္ကြန်ကားလေးကို ရှေ့ တိုးနောက်ဆုတ်ပြုလုပ်သည်။ ကားကျတော့ လူလိုစောင့်ကြည့် ထိုင် လက်အုပ်ချီမိုးကန်တော့လို့ မရသဖြင့် ကားကို ရှေ့တိုးနောက် ဆုတ်ပြုလုပ်ကာ ဦးတိုက်ခြင်း ဖြစ်သည်။ ထိုသို့ ဦးတိုက်ချိန် ကားပေါ်မှာ လူတွေက အပြည့်ဆိုတော့ တစ်ယောက်နှင့် တစ်ယောက်တွန်းထိုး မိသည်။ အမလေးတသူကတ သည်။ နောက်ပြီး လူတွေတက် ထိုင်လိုထိုင်၊ မှီလိုမှီထားသည့် ကားပေါင်တန်းတချို့က ကားရှေ့တိုးနောက်ဆုတ်လုပ်ကာ လူတွေ တွန်းထိုးမှုကြောင့် ဗြောင်းခနဲဆို ပြုတ်ထွက်သွားသည်။ ကားမောင်းသူက တစ်ချက်လာကြည့်ပြီး ပြော သည်။ ၀ရိန်ဆော်ရမည်တဲ့။ အား လုံးဟာခနဲဖြစ်သွားသည်။ သို့ ဖြင့် ကားဝရိန်ဆော်ဖို့ ဧရာဝတီ မြစ်ကမ်းနားလမ်းက ဆိုင်တစ် ဆိုင်ကို မောင်းသွားသည်။ နံနက် ၁၀ နာရီကျော်ပြီ။
ဝရိန်ဆော်သည့် ဆိုင်ရောက် တော့ လူတွေအကုန်လုံးကားပေါ် က ဆင်းပေးရသည်။ ပေါင်တန်း ကြီးတစ်ခုလုံးကို ဖြုတ်သည်။ ပါ လာသမျှလူ ဧရာဝတီမြစ်ကမ်းနား လမ်းပေါ်ထိုင်ရင်း သက်ပြင်းချ သည်။ အချိန်က ကြာဦးမည့်ပုံပေါ် သည်။ ရေပက်ခံထွက်လာသည့် ကားတချို့က ကျွန်တော်တို့အဖွဲ့ ကို ဟေးခနဲအော်သွားကြသည်။
နေ့ခင်း ၁၁ နာရီခွဲလောက် မှာတော့ ကားကပြင်လို့ပြီးသွား သည်။ လူတွေကားပေါ်သို့ အားရ ၀မ်းသာစွာ တက်ကြသည်။ ကျုံး ဘေးဆီ မောင်းသည်။ ကျုံးရောက်တော့ ကားတွေက ၀င်မရတော့။ နာမည်ကြီးမဏ္ဍပ်တွေ ရှေ့ရောက် ဖို့အရေးအားလုံးက မနက်စော စောကတည်းက တန်းစီထားကြ တာမို့ သည်ကနေ့အဖို့ ၀င်တိုးဖို့ မလွယ်တော့။ သို့ဖြင့် မဏ္ဍပ်မရှိ သည့် ကျုံးမြောက်ဘက်ကို မောင်းသည်။ ကျုံးမြောက်ဘက်ရောက် တော့ ကားသမားက ပြောသည်။ ထမင်းစားနားမည်တဲ့။ နေ့တစ်ဝက်သာကျိုးသွားသည်။ ခုထိ ရေ ကောင်းကောင်းမစိုသေး။ ကား ပေါ်ဖင်ပူအောင် မထိုင်ရသေး။
ထမင်းစားနားပြီးတော့ ကျုံး  အရှေ့ဘက်က မဏ္ဍပ်တွေရှေ့ သွားဖို့ ကားက ၀င်တန်းစီသည်။ ကားတွေက စက်ပါရပ်ထားကြ သည်။ တချို့ကားသမားတွေဆို မူးကာ အိပ်ပျော်နေကြသည်။ ရှေ့က ကားတွေခြေတစ်လှမ်းသာ သာလေး ရွေ့သွားပြီဆိုလျှင် အိပ် ပျော်နေသည့် ကားသမားလက် မောင်းပုတ်နှိုးကာ ရှေ့တိုးခိုင်းရ သည်။ တချို့စိတ်မရှည်ကြသူ တွေကတော့ မဏ္ဍပ်တွေရှေ့သွား ကာ ကကြသည်။ ကားတွေပေါ်မှာ ကားသမားနှင့် မူးပြီးအိပ်ပျော်နေ သူတချို့သာ ကျန်ရစ်ခဲ့သည်။ နာ မည်ကြီး မဏ္ဍပ်တွေရှေ့ဝင်တိုး ချင်သည့် ကျွန်တော်တို့ သင်္ကြန် ကားလေး နေ၀င်မိုးချုပ်သည့်တိုင် အောင် မဏ္ဍပ်ကြီးတွေရှေ့မ ရောက်ခဲ့ပါ။ ကိုယ့်ကားမရောက် ခင် မဏ္ဍပ်က အစီအစဉ်သိမ်း သွားခဲ့သည်။
အဲသည့်နောက်ပိုင်း မန္တလေးသင်္ကြန်သိပ်မလည်ဖြစ်တော့ပါ။ သင်္ကြန်ရောက်လျှင် တရားစခန်း ၀င်ချင်ဝင်၊ ဘုန်းကြီးဝတ်ချင်ဝတ် သို့မဟုတ်လျှင် အိမ်တွင်းအောင်း စာဖတ်ရင်းသာ ဖြတ်သန်းရတော့ သည်။
မန္တလေးမြို့ခံ စာပေအနု ပညာရှင်များနှင့် ရှေးလူကြီးသူမ တွေကတော့ အစဉ်အလာကြီးမား ခဲ့သည့်၊ ယဉ်ကျေးမှုတွေ ထုံဝေခဲ့ သည့် မန်းသင်္ကြန်စစ်စစ်ကိုပြန်မြင်ချင်ကြသည်။ သူတို့က အထင်ကရ ကျုံးတော်ကြီးကို ကျောပေးကာ ခေတ်ပေါ်မဏ္ဍပ်တွေက တဒုန်း ဒုန်းတဒိုင်းဒိုင်းတွေကို ခံစား၍မရ။မြို့ပေါ်လူထု သောက်သုံးနေသည့် ကျုံးရေထဲ အညစ်အကြေးတွေ စွန့်ပစ်နေတာကို လက်ခံ၍မရ။ အ သားအရေတွေ စုတ်ပြတ်အောင် အငြိုးနဲ့များ ပက်နေသလားထင် ရအောင် သောင်းကျန်းလွန်းလှ သည့် မီးသတ်ပိုက်တွေကို ကြည့် မရ။ အတိုအပြတ်တွေဝတ် ယစ် ရွှေရည်တန်ခိုးဖြင့် မူးကာ ကခုန် နေကြမည့် မန်းသူတွေကို မမြင်လို၊ မတွေလိုကြပါ။
သို့သော် ကျွန်တော်တို့ လူငယ်တွေအဖို့မှာတော့ လူကြီး တွေမြင်လိုတွေ့လိုလှသည့် မန္တ လေးသင်္ကြန်မျိုးကို သင်္ကြန်ရောက်တိုင်း လွှင့်တတ်သည့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာသာ တွေ့ဖူးရသည်။ ကိုယ်တိုင်ခံစားဖို့ ဆိုသည်မှာ ဝေးခဲ့ပါပြီ။ တစ်ချိန်က မန်းသင်္ကြန်မရောက်မီ ကိုယ့်ရပ် ကွက်နှင့် ကိုယ်အကတွေ တိုက် ကြ၊ သီချင်းတွေဆိုကြ၊ အနုပညာ တွေ ဖော်ထုတ်ကြသည့် ပွဲတော် တစ်ခုဖြစ်ခဲ့ဖူးသည်ဟု စာတွေထဲ မှာ ဖတ်ခဲ့ရဖူးသည်။ ထိုဓလေ့က စုဖွဲ့စုဖွဲ့နေလျှင် မကြိုက်တတ် သော စစ်အစိုးရလက်ထက်မှာ တဖြည်းဖြည်းပျောက်ကွယ်သွား ခဲ့ရပါသည်။ စတင်လာခဲ့ပြီဖြစ် သည့် အစိုးရသစ်လက်ထက်မှာ တော့ ကျွန်တော်တို့တွေ မခံစားခဲ့ရဖူးသည့် ယဉ်ကျေးမှုသင်္ကြန်ပွဲ တော်တွင် ပြန်လည်ဖြတ်သန်းခွင့် ရမည်ဟု မျှော်လင့်ရပါတော့ သည်။

ပခုက္ကူက အပူရှောင်စခန်း

အပူရှောင်စခန်းသို့ လာရောက်နားခိုကြသည့် သက်ကြီးရွယ်အိုဘိုးဘွားများအား တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်
ဧပြီရဲ့ နွေလယ်နံနက်ခင်း ခပ်စူးစူး နေရောင်အောက်မှာ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားရဲ့ တောင်ဘက်က စနစ်သစ်ပုထိုးတိုက်ဆိုတဲ့ ကျောင်းတိုက်ဝင်းထဲကို သက်ကြီးရွယ်အို ဘိုးဘွားတွေ တဖွဲဖွဲ ၀င်ရောက်လာနေတယ်။ တချို့က အိမ်ကနေ ဆိုင်ကယ်နဲ့ လိုက်ပို့ တယ်။ တချို့က လူမှုရေးအသင်း တွေရဲ့ ကူညီပေးမှုနဲ့ ကားတွေနဲ့ စုလာကြတယ်။ သူတို့ဝင်သွားကြတဲ့ ကျောင်းတိုက်မုခ်ဦးဘေးမှာတော့ အယ်လ်နီညိုကာကွယ်ရေး အပူရှောင်စခန်းဆိုတဲ့ ဗီနိုင်း ဆိုင်းဘုတ်ကြီး တစ်ခု စိုက်ထူထားတာ တွေ့ရတယ်။

အယ်လ်နီညို ကာကွယ်ရေး အပူရှောင်စခန်းက ဧပြီ ၁၀ ရက် ကမှ စတင်ဖွင့်လှစ်လိုက်တာပါ။ အပူရှောင်စခန်း ဖွင့်လှစ်ထားတဲ့ စနစ်သစ် ပုထိုးတိုက်ကျောင်းဝင်းက ကျယ်ဝန်းပါတယ်။ ကျောင်းထဲ မှာ မန်ကျည်းတို့၊ တမာတို့ စတဲ့ သစ်ပင်ကြီးတွေရှိတယ်။ ဒါ့အပြင် ကျောင်းဝင်းထဲမှာ မဏ္ဍပ်ပုံသဏ္ဌာန် အဆောက်အအုံကြီးတွေ ထိုးထား တယ်။ အမိုးကတော့ ထန်းလက် (ထန်းရွက်)ကို အသုံးပြုထား တယ်။ ထန်းရွက်က အပူဒဏ်ကို ကာကွယ်စေတာကြောင့် ထန်း ရွက်ထန်းလက်ပေါင်း လေးထောင်ကျော် ၀ယ်ယူကာ မိုးထားတယ်လို့ အပူရှောင်စခန်း ဦးဆောင်စီစဉ်သူ ဆရာတော် ဦးကောသလ္လက မိန့် ကြားပါတယ်။
ထန်းလက်အမိုးအောက်မှာ တော့ ခပ်ကျဲကျဲထိုးထားတဲ့ ၀ါးကွပ်ပျစ်တွေ တန်းစီနေတယ်။ ကွပ်ပျစ်တွေပေါ်မှာလည်း ၀ါး ကြမ်းဖျာတွေ ခင်းထားတယ်။ ၀ါး ကွပ်ပျစ်တွေအောက်နဲ့ မဏ္ဍပ်အတွင်းမှာတော့ သဲစိုစိုလေးတွေ ကွင်းလုံးပြည့် ခင်းထားတယ်။ မန်ကျည်းပင်စည် ပတ်ပတ်လည် မှာတော့ ငါ့သရောက်ဘက်က ထွက်တဲ့ ရေတွေ တစိမ့်စိမ့်ထွက် ကျနေတဲ့ သဲအိုးလေးတွေကို တန်းစီတည်ထားတယ်။ ဒါကြောင့် အပူရှောင်စခန်းအတွင်း ရာသီဥတုက စခန်းပြင်ပ ရာသီဥတုနဲ့ ဘာမှ မဆိုင်။ စခန်းတစ်ခုလုံး အေးစိမ့်လို့။
 အပူရှောင်စခန်းစီစဉ်တဲ့ ဆရာတော် ဦးကောသလ္လက မိုးလေ၀သပညာရှင် ဆရာဦးထွန်းလွင်ရဲ့ ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုလာမယ်ဆိုတဲ့ ဟောပြောမှုတွေ နားထောင်ထားတယ်။
နောက်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ နွေရာသီတုန်းက သူ့ဆရာဖြစ်သူ ဆရာတော်တစ်ပါး အပူလွန်ကဲတဲ့ဒဏ်ကြောင့် နှစ်လလောက် ကုလိုက်ရတာတွေ မျက်စိထဲ ပြေးမြင်တယ်။ ဒါကြောင့် သူ့မြို့က သက်ကြီးရွယ်အိုတွေကို ဘယ်လိုနည်းနဲ့ အပူဒဏ် ကာကွယ်အောင် ဆောင်ရွက်ပေးရမလဲ စဉ်းစားတယ်။ ဆရာတော်နဲ့ ပရဟိတလုပ်ငန်းတွေ တွဲလုပ်နေကျ ဆရာတော် သံဃာတော်တွေနဲ့ တိုင်ပင်ပြီး အပူရှောင် စခန်းလေး ဖွင့်ဖို့ စီစဉ်ကြတယ်။
ဆရာတော်တွေ လုပ်တော့ မြို့ခံတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ နောက်ကလိုက်ပါကြတယ်။ ငွေအား၊ လူအား ၀ိုင်းကြတယ်။ နောက်ပြီး ပခုက္ကူက အာဏာပိုင် အဖွဲ့အစည်းတွေလည်း ၀ိုင်းဝန်းကူညီကြတယ်။ မီးသတ်ဦးစီးဌာန ကဆို တစ်ရက်ခြားတစ်ခါ အပူရှောင် စခန်းလေးကို ရေလာဖျန်း ပေးပြီး မိုးတုရွာပေးတယ်။ ပရဟိတအဖွဲ့တွေက သက်ကြီး ဘိုးဘွားတွေကို အကြိုအပို့လုပ်ပေး ကြပါတယ်။
 အပူရှောင်စခန်းလာတဲ့ သက်ကြီးရွယ်အိုတွေကို နေ့လယ်စာကျွေးပါတယ်။ နေ့လယ်ခင်းမှာလည်း သဘာဝ ဆီးဖျော်ရည်တိုက်ပါတယ်။ တရားခွေတွေဖွင့်ပေးပြီး ထိုင်နာချင်နာ လဲလျောင်းနာယူချင်ယူ ကြိုက်သလိုနေနိုင်ပါတယ်။ တစ်ရေးတစ်မော အိပ်လိုက အိပ်နိုင်ဖို့ ခေါင်းအုံး တစ်ယောက်တစ်လုံး ပေးထားပြီး သက်သက်သာသာ နေနိုင်တယ်လို့ ဆရာတော်ဦးကောသလ္လက မိန့်ပါတယ်။
နောက်ပြီး အပူရှောင်စခန်း လာတဲ့ သက်ကြီးရွယ်အိုတွေ မူး တာမော်တာ၊ တခြားကျန်းမာရေး လိုအပ်တာတွေ လုပ်ပေးခိုင်းဖို့ မြို့ နယ်ဆရာဝန်ကြီးက သူနာပြုနှစ် ယောက်နဲ့ လိုအပ်တဲ့ဆေးဝါးတွေ ချထားပေးတယ်။ ဒါကြောင့် အပူရှောင်စခန်းက ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ရေမီးအစုံပါ။

ပခုက္ကူမြို့ အပူရှောင်စခန်း
ဓာတ်ပုံ - ညီညီဇော်
 အပူရှောင်စခန်းလာကြတဲ့ သက်ကြီးရွယ်အိုတွေကလည်း ဒီ စခန်းလေးမှာနေရတာ အေးချမ်းတယ်လို့ ဆိုကြပါတယ်။ အိမ်မှာဆို သွပ်မိုးအပူ၊ ဖျာတွေကလည်းပူ။ အိမ်တွေ ပြွတ်သိပ်နေလို့ လေကမရ၊ ရတဲ့လေတွေ ကလည်း လေပူတွေဖြစ်နေတာကြောင့် နွေဆို အိမ်မှာနေရတာ ကြောက်နေကြသူ တွေပါ။ နောက်ပြီး ပူရတဲ့အထဲ ဘေးအိမ်က ဆောင်းဘောက်စ်နဲ့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ဖွင့်သံတွေကြောင့် နားပါပူကြပါတယ်။ ဒါကြောင့် နွေရောက်မှာ သေမလောက် ကြောက်ရတယ်လို့ အပူရှောင်စခန်းရောက်  ဘိုးဘွားများက ဆိုပါတယ်။
အပူရှောင်စခန်း ရောက်လာတဲ့ အဘွားတစ်ဦးကတော့ အပူဒဏ်ကြောင့် သူတို့လို သက်ကြီးရွယ်အိုတွေ ဆုံးပါးကုန်ကြတာ ကြားရပြီး ကြောက်မိပေမယ့် ကံတရားအတိုင်းပဲလို့ တွေးထား လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလို အပူရှောင်စခန်းလေး လုပ်ပေးတော့ သက်သာရာရတယ်လို့ ဆိုတယ်။
လူငယ်တွေအဖို့တော့ အပူ ဒဏ်ကို အသက်အရွယ်ကလည်း ငယ်သေးတာမို့ ခံနိုင်ကြပေမယ့် သက်ကြီးတွေအဖို့တော့ အတော်လေး ဒုက္ခတွေ့စေပါတယ်။ ချွေး တွေကပြန် ခေါင်းတွေက နောက် လူတစ်ကိုယ်လုံးပေါင်းထား
သလို နေရခက်တယ်လို့ အပူရှောင်စခန်း ရောက်လာတဲ့ အစိုးရ အငြိမ်းစားဝန်ထမ်း ဦးသန်းနိုင်ကဆိုပါတယ်။ ဒါကြောင့် အပူရှောင်စခန်းမှာ လာနေရတာ စိတ်ချမ်းသာလှတယ်လို့ ဦးသန်းနိုင်က ပြောပြ တယ်။
အမှတ် (၁၁)ရပ်ကွက်ကနေ လာတဲ့ အသက် (၆၅)နှစ်အရွယ် ဒေါ်တင်အေးကတော့ အိမ်မှာနေရင် ပူလွန်းလို့ ရေပဲသောက်တာ၊ အစားအသောက်တွေလည်းပျက်၊ ညဘက်တွေလည်း အိပ်မပျော်ဘူးလို့ ဆိုပါတယ်။ အပူရှောင် စခန်းမှာ အေးအေးချမ်းချမ်း နေရပြီး ညနေအိမ်ပြန်ရမှာတောင် ပူလွန်းလို့ လန့်တယ်လို့ ဆိုပါတယ်။
အခုချိန်ထိ အပူရှောင်စခန်းကို သက်ကြီးဘိုးဘွား ၆၀ ကျော်လာရောက်နေကြပြီး နောက်ထပ် လာချင်သူတွေလည်း ရှိနေတဲ့အတွက် အကြိုအပို့ကိစ္စ စီစဉ်နေရတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ထန်းရွက်တွေလည်း ထပ် မှာထားပြီး ထပ်မံတိုးချဲ့ တည်ဆောက်သွားမယ်လို့ ဆရာတော် ဦးကောသလ္လက မိန့်ပါတယ်။ အပူရှောင်စခန်းကို လာမယ့် ၀ါဆို လောက်ကျမှ ဖျက်သိမ်းမှာဖြစ်ပြီး နှစ်တိုင်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ လာမယ့် ရက်သတ္တပတ်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းမှာ နေ့အပူချိန်တွေ မြင့်တက်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် အပူရှောင်စခန်းကို လာကြမယ့်သူတွေ ထပ်များ ဦးမယ့် သဘောပါ။ နောက်ပြီး သင်္ကြန်တရားစခန်းတွေလည်း ပြီးပြီမို့ တရားစခန်းကနေ အပူရှောင် စခန်းဆီ ကူးလာကြမယ့်လူတွေလည်း များတယ်လို့ စခန်းစီစဉ်သူများက ခန့်မှန်းကြပါတယ်။ အပူရှောင်စခန်း အတွက် လှူဒါန်းချင်သူတွေ အနေနဲ့ ဆရာတော်ဦးကောသလ္လ ဖုန်း ၀၉-၂၃၀၂၀၀၃ ကို ဆက်သွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။
 နေ့လယ် ၁၂ နာရီခန့်မှာတော့ သက်ကြီးဘိုးဘွားတွေကို အပူရှောင်စခန်းက ထမင်းကျွေးပါတယ်။ အပူဒဏ်သက်သာပြီး ရင်အေးစေတဲ့ မန်ကျည်းရွက်ချဉ်ရည် ဟင်းတစ်ခွက်လည်း အပါအ၀င်ပါ။
ထမင်းစားသောက်ပြီးတော့ အလှူရှင်မိသားစုတစ်စုက ဖျော်ရည်ဘူးတွေ လာလှူကြတာလည်း တွေ့ရတယ်။ တချို့ကတော့ ပုတီးလေးစိပ်ပြီး ထိုင်နေကြတယ်။ တချို့ကတော့ ဖွင့်ထားတဲ့တရား နာပြီး လဲလျောင်းနေကြတယ်။ မိုးမကျခင်ထိတော့ သက်ကြီးရွယ်အိုတွေ အပူရှောင်စခန်းလေးဆီ လာခိုကြရဦးမှာ အမှန်ပါ။

ရေချမ်းဒါယကာ ကိုကိုသန်းရဲ့ စေတနာ

ကျောက်ဆည်ခရိုင် မြစ်သားမြို့ကို ရောက်တဲ့အခါ ဘူတာနဲ့မြို့တွင်းလမ်းဘေးဝဲယာနေရာတချို့မှာ ဆေးအပြာရောင်သုတ်ထားတဲ့ရေချမ်းစင်လေးတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီရေချမ်းစင်လေးတွေမှာ သဲအိုးစိုစိုလေးတွေ၊ ပြောင်လက်နေတဲ့ စတီးခွက်၊ စတီးပန်းကန်လေးတွေ သုံးထားပါတယ်။ ရေချမ်းစင်ရဲ့ အထက်နားလေးမှာ တော့ သံပြားနဲ့စာတန်းလေးတစ်ခုထိုးထားတာ မြင်ရပါမယ်။ ထိုစာ တန်းလေးကတော့ ‘‘ကိုကိုသန်းရဲ့စေတနာ’’တဲ့။
ကိုကိုသန်းဆိုတဲ့ နာမည်ကို မြစ်သားတစ်မြို့လုံးကသိကြ တယ်။ ရေချမ်းဒါယကာ ကိုကိုသန်းလို့ဆိုလိုက်ရင် မြို့ထဲကရေချမ်းစင်လေးတွေ ပြေးပြေးမြင်တတ်ကြတယ်။ ဟုတ်ပါတယ်။ အဲ ဒီရေချမ်းစင်တွေအားလုံးကို ကိုကို သန်းက စတင်တည်ထားခဲ့တာပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် ကိုကိုသန်းအသက် (၂၀)နှစ်အရွယ်ကပေါ့။
ကိုကိုသန်းက နွားထိုးကြီး မြို့နယ် ရေသစ်ရွာဇာတိပါ။ ကိုကိုသန်းငယ်စဉ်ကလည်း   နွားထိုးကြီးနယ်မှာ ရေအင်မတန်ရှားပါတယ်။  ရေလေးတစ်ပုံးရဖို့ အိမ်နဲ့ဝေးတဲ့ ရွာပြင်က တွင်းတွေဆီသွားခပ်ရတယ်။ အခုလိုရေရှားပါးတဲ့ နွေရာသီလိုမျိုးဆို တစ်ပေလောက် သာရှိတဲ့ ရေလေးကို အလုအယက်ခပ်ရတာတွေ ရှိတယ်။ နေ့တင်မက ညဘက်ပါ ခက်ခက်ခဲခဲ သွားခပ်ရတာတွေ ကိုကိုသန်းကြုံခဲ့ရ တယ်။
ဒါကြောင့် သောက်ရေအ တွက် ခက်ခဲတာတွေ ကိုကိုသန်း ငယ်ငယ်လေးနဲ့ ကြုံခဲ့ရတော့ အာ ရုံထဲစွဲနေတယ်။ ရေပေါပေါများ များ သုံးချင်တယ်။ သောက်ချင် တယ်။ ဒါကြောင့် ကိုကိုသန်း ရောက်လေရာ အရပ်၊ တွေ့လေ ရာ ရေအိုးစင်တွေမှာ ရေတွေဝင် ၀င်ဖြည့်တယ်။ မူလတန်းကျောင်း သားဘ၀မှာလည်း ကျောင်းမှာ ကိုယ့်အသင်းအလှည့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရေအိုးတွေဖြည့် တယ်။
ကိုကိုသန်း အသက်(၁၀)နှစ် ကျော်တော့ မိသားစုလိုက် မြစ် သားမြို့ကိုပြောင်းတယ်။ မြစ်သား ရောက်တော့လည်း ရေကရှားတာ ပါပဲ။ ထုံးစံအတိုင်း တွေ့ရာမြင်ရာ လမ်းဘေးသောက်ရေအိုးစင် ရေ ၀င်ဖြည့်တာတွေ လုပ်တယ်။ ကိုကိုသန်း ဆယ်တန်းကျလို့အသက် (၂၀)အရွယ်မှာ ကျောင်းဆက်မနေတော့ဘဲ မိဘလုပ်ငန်းဖြစ်တဲ့ ကုန် ခြောက်ရောင်းတာကူတယ်။ မြစ် သားဈေးထဲ ကုန်ခြောက်ရောင်း ရင်း ဈေးထဲမှာ ရေအိုးစင်တွေ လိုက်တည်တယ်။ ဒါပေမဲ့ ဈေးထဲ ဆိုတော့သိတဲ့အတိုင်း လူတွေက သောက်ရေအိုးထဲကရေ မျက်နှာ သစ်လိုသစ်၊ ပန်းကန်ဆေးလိုဆေး လုပ်တာတွေ တွေ့တော့ ကိုကို သန်း စိတ်မချမ်းသာဘူး။
ဒါနဲ့ ကိုကိုသန်းလည်း မြစ် သားက အစိုးရကျောင်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာ ကိုယ့်ဟာ ကိုယ် ရေအိုးရေခွက်တွေဝယ်၊ ရေချမ်းစင်တွေဆောက်ပြီ တည် တယ်။ မနက်လင်းပြီးဆိုတာနဲ့ ကိုကိုသန်း စက်ဘီးလေးတစ်စီးနဲ့ ရေပုံးတွေချိတ်၊ နောက်က လက် သမားကိရိယာတွေတင်ပြီး မြို့အ နှံ့ပတ်ကာ ရေဖြည့်တယ်။ ပန်း ကန်တွေ၊ ခွက်တွေ ဆေးကြော တယ်။ ရေအိုးစင်လေးပျက်နေတာ ရှိရင်ပါလာတဲ့ လက်သမားကိရိ ယာတွေနဲ့ ပြုပြင်တယ်။
တစ်မြို့လုံး ကိုကိုသန်းရေ ချမ်းစင် ၂၅ စင်ရှိတာမို့ မနက် ၈ နာရီလောက်က ပတ်ဖြည့်တာ နေ့ ခင်း ၂ နာရီလောက်ကျမှ ပြီးပါ တယ်။ နေ့ခင်းခဏနားပြီး ညနေ ၅ နာရီလောက်ဆို တစ်ခါရေပတ် ဖြည့်ပြန်တယ်။ ညဥ့်ဦးပိုင်းထည့် ထားတဲ့အတွက် နောက်တစ်နေ့ မနက်မှာဆို ရေတွေကအေးနေတာကြောင့်ပါ။ ည ၇ နာရီလောက် မှာတော့ ကိုကိုသန်း နဲ့ တစ်နေ့တာ ရေချမ်းအလှူကိစ္စ ပြီးပါတယ်။
ဘူတာမှာဆို ရထားရပ်ဆို တာနဲ့ ကိုကိုသန်းရေချမ်းစင်လေး မှာ လူတွေအုံခဲ့ပြီး သောက်ကြ တယ်။ ဒီလိုမြင်ကွင်းမျိုး မြင်ရရင် ကိုကိုသန်းပျော်တယ်။ အပေါ်ရေ အိုးထဲက လျှံကျစိမ့်ကျလာတဲ့ ရေတွေအတွက် ရေချမ်းစင်လေးတွေရဲ့အောက်မှာ ရေအင်တုံလေးတွေ ခံပေးထားတယ်။ အဲဒီအင်တုံလေး ထဲက ရေတွေကို ငှက်တွေ၊ ခွေးတွေကလည်း လာသောက်ကြပြန် တယ်။ ကိုကိုသန်းပီတိဖြစ်ရပြန် ပါတယ်။
မိဘတွေက ကိုကိုသန်း နောင်ရေးအတွက် ကုန်ကား ထောင်ပေးတယ်။ ဒါပေမဲ့ ကိုကို သန်းက ရေချမ်းအလှူကို စိတ် အားထက်သန်နေတယ်။ သူစီးပွား ရှာရင် ရေချမ်းအလှူထိထိရောက် ရောက် မလုပ်နိုင်တော့မှာကို စိုး တယ်။ ဒါကြောင့် ဘာစီးပွားမှ မရှာတော့ဘဲ ရေချမ်းအလှူသက် သက်ကိုသာ လုပ်တော့တယ်။ ကိုကိုသန်းစေတနာကြောင့် ထင်ပါတယ်။ ကိုကိုသန်းကို မြို့ခံတွေက ငွေလေး ကြေးလေး လှူကြ တန်း ကြတယ်။ ကိုကိုသန်းရဲ့ ရေချမ်း အလှူအတွက် ရေအိုးဖိုး၊ ရေအိုး စင်နဲ့ ရေခွက်ဖိုးတွေလည်း တစ်တပ်တစ်အား ပါဝင်ကြတယ်။
အသက်(၂၀)နှစ်အရွယ်က တည်းက ရေချမ်းအလှူလုပ်ဖြစ်တဲ့ ကိုကိုသန်း အခုချိန်မှာတော့ အ သက်(၆၀)နှစ်အရွယ် ဦးကိုကို သန်းဖြစ်လို့နေပါပြီ။ နှစ်ပေါင်း လေးဆယ်ကျော်လာခဲ့ပေမယ့် ဦးကိုကိုသန်းကတော့ ရေချမ်းအ လှူကို တစိုက်မတ်မတ် လုပ်နေဆဲ ပါပဲ။
မနက် ၄ နာရီထိုးပြီဆိုတာနဲ့ ဦးကိုကိုသန်းအိပ်ရာက ထတယ်။ ဗုဒ္ဓဘာသာတစ်ဦးဖြစ်တာမို့ ဘုရားရှိခိုး ပုတီးစိပ်မေတ္တာပို့ ဂုဏ်တော် တွေရွတ်တယ်။ ပုံမှန်အတိုင်း မနက် ၈ နာရီလောက်ဆို စီးတော် ယာဉ် ဟီးရိုးစက်ဘီးကြီးနဲ့ မြို့တစ် ပတ်ပတ်ပြီး ရေချမ်းအလှူဆောင် ရွက်ပါတယ်။ ဦးကိုကိုသန်းက တော့ အသက်(၇၀)နှစ်လောက်အ ထိ လုပ်နိုင်နေဦးမယ်လို့ မျှော်လင့် နေပြီး ဒီထက်နေရဦးမယ်ဆိုရင် လည်း ရေချမ်းအလှူဆက်လုပ် သွားမယ်လို့ ဆိုပါတယ်။
အိမ်ထောင်မရှိတစ်ကိုယ် တည်းနေတဲ့ လူပျိုကြီး ဦးကိုကို သန်းကို တချို့ကနောက်ဘ၀ နတ် သမီးတစ်ဖက်လေးငါးရာနဲ့ နေချင် လို့ ရေအလှူလုပ်တာလားဆိုပြီး ကျီစယ်စနောက်ကြတယ်။ ဦးကို ကိုသန်းကတော့ ရောက်မလာသေးတဲ့ ဘာမှမသေချာတဲ့ နောက်ဘ၀ ဆိုတာကြီးကို မမျှော်မှန်းပါဘူး။ ကိုကိုသန်းရေချမ်းလှူတဲ့အတွက် ဆုတွေဘာတွေလည်း မတောင်း ပါဘူး။ သူတည်ထားတဲ့ ရေချမ်း စင်လေးတွေမှာ လူတွေရေ သောက်နေတာ မြင်ရရင်ကို ကိုကို သန်းပျော်လှပြီ။ ကိုကိုသန်း ပီတိ ဖြစ်ရပြီ။ ကိုကိုသန်းစိတ်ချမ်းသာ လှပါပြီ။
ဒီနှစ်နွေ အယ်လ်နီညိုကြောင့် ကိုကိုသန်း ရေချမ်းစင်တွေ ရေပို ကုန်တယ်။ ရေကုန်လေ ကိုကို သန်းပျော်လေပဲ။ အသက်အရွယ် နဲ့မမျှအောင် စက်ဘီးလေးဂျောက် ဂျက် ဂျောက်ဂျက်စီးရင်း ကိုကို သန်းရေလိုက်ဖြည့်နေဆဲပဲ။ ခန္ဓာ ကိုယ်ပိန်ပိန်ပါးပါးနဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ရွှင်လန်း တက်ကြွနေရင်း ကိုကိုသန်းရေ ချမ်းအလှူဆက်လုပ်နေဦးမှာ အ မှန်ပါ။ စိုစိမ့်စိမ့်သဲအိုးလေးတွေနဲ့ တည်ထားတဲ့ သောက်ချင်စဖွယ် ကိုကိုသန်းရဲ့ စေတနာရေချမ်းစင် လေးတွေကလည်း မြစ်သားမြို့နေ ရာအနှံ့မှာ ရေဆာနေသူတွေအ တွက် တည်ရှိနေဦးမှာ သေချာလှ ပါတယ်။   ။

စိုမှာစိုးသည် မိုးရာသီ

သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့   မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...