Wednesday, June 1, 2016

လွမ်းမောခဲ့ဖူးသည့် နွေကြိုရက်များ



သည်လိုအချိန်မျိုးရောက်သည်နှင့် ကျောင်းဝင်းများအတွင်း သစ်ရွက်ခြောက်များ ကြွေကျနေလေ့ရှိသည် (ဓာတ်ပုံ-ညီညီဇော်)
သည်နှစ်မန္တလေးဆောင်းတွင်းကတော့ ဆောင်းတာရှည်လွန်းအား ကြီးသည်ဟုပင်ထင်မိသည်။ ဇန်နဝါရီလလယ် ရောက်နေတာတောင် ချမ်းလို့အေးလို့ အားမရသေး။ အချို့နေရာမှာ သစ်ရွက်ခြောက်တွေကြွေစပြုပြီ။ သစ်ပင်တွေလည်း အရိုးပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းဖြစ်စပြုပြီ။ နွေရဲ့အကြို လက်ပံတွေတောင်ဖူးချင်ချင်ဖြစ်နေသည့်အချိန်မှာ ဆောင်းကထွက်ဖို့တောင် တာမစူသေး။ အခုထိကို ခိုက်ခိုက်တုန်အောင် ချမ်းအေးနေဆဲ။
ဆောင်းမကျွတ်တကျွတ်အချိန် ဖေဖော်ဝါရီလဆန်းရက်များမှာဆို အခြေခံပညာကျောင်းတွေမှာအတန်းတင်စာမေးပွဲကြီး ကျင်းပနေကျဖြစ်သည်။ ခပ်ငယ်ငယ် အခြေခံပညာကျောင်းသားဘဝကတော့ယခုလို ဆောင်းအကုန် နွေအကူးကာလသည် အမျိုးအမည်မသိသော ဝေဒနာတစ်ခု ခပ်ပြင်းပြင်းလေးခံစားရသည့် အချိန်အခါမျိုးဖြစ်သည်။ ဟိုမရောက် သည်မရောက် စကောစကအရွယ် ရှစ်တန်း ကျောင်းသားအရွယ်ကဆို သာ၍ဆိုးလေသည်။
ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းလောက်ဆိုလျှင် ကျောင်းသင်ခန်းစာတွေက သင်ရိုးကုန် သလောက်ဖြစ်နေပြီ။ သည်အချိန်မှာ မကြာခင်ရောက်လာတော့မည့် စာမေးပွဲကြီးအတွက် အရေး ကြီးမည်ထင်သည့်စာတွေ ပြန်သင်ကြသည့်အချိန်။ သို့သော် ကျွန်တော်တို့တွေ စာကို စိတ်မဝင်စားတော့။ သင်ပြီးထားတဲ့စာတွေလည်း ဖြစ်ပြန်၊ နောက်ပြီး ရာသီဥတုကလည်း ဆောင်း အကုန်နွေအကူး ခပ်ရူးရူးကာလ လည်းဖြစ်ပြန်ဆိုတော့ ဘာကို လွမ်းလို့ လွမ်းရမည်မသိ။
လွမ်းလည်းလွမ်းချင်စရာ။ အရပ်ရှစ်မျက်နှာကြည့်လေရာ သစ်ပင်တွေမှာ ရွက်ဟောင်းတွေကြွေကျပြီ။ တစ်ခါတစ်ရံ နွေကြိုဥသြကလည်း ထထတွန်တတ်သေးသည်။ ဒီလိုအချိန်မျိုးမှာ စိတ်တွေကလည်း လေမှာဝဲသည့် သစ်ရွက်ခြောက်တွေလို တိုက်လာသည့် လေတွေထဲ ဝေ့ကာဝဲကာ ပါပါသွားတတ်သည်။ စာသင်နေသည့် ဆရာ၊ ဆရာမကိုကျော်လွန်ကာ ဖွင့်ထားသည့်ပြတင်းပေါက်မှတစ်ဆင့်သစ်ရွက်တွေကြွေကျလာသည်ကို လှမ်းငေးချင်ငေးနေတတ်သည်။
ကျောင်းဝင်းထဲရှိ တမာတို့၊ ကုက္ကိုပင်တို့မှ ဝေ့ကာဝဲကာ မြေ ပေါ်သို့ကျလာသည့် ဝါကြန့်ကြန့်ရွက်ခြောက်လေးတွေကြား ကျောင်းစိမ်းပုဆိုး တရွတ်တိုက် ကာ သွားချင်သွားနေတတ်သည်။ အငယ်တန်း ကျောင်းသားလေး တွေကတော့ လေပေါ်မှာ ဝဲကျ လာနေသည့် သစ်ရွက်ခြောက် ကလေးတွေကို လိုက်ဖမ်းတတ် ကြသည်။ ထိုသစ်ရွက်ခြောက် ကလေးတွေကို မြေပေါ်မကျဘဲ ဖမ်းပြီး စာအုပ်ထဲမှာ ညှပ်ထား လျှင် စာမေးပွဲအောင်သည်ဆိုကာ အပြေးအလွှား လိုက်ဖမ်းလေ့ရှိ ကြသည်။
အချို့ကျောင်းသား၊ ကျောင်း သူတွေကတော့ လက်တစ်ဝါး လောက်အရွယ် စာအုပ်တိုလေး တွေ ကိုယ်စီဖြင့် ချစ်ခင်ရသည့် သူငယ်ချင်းတွေကို အမှတ်တရ စာလေးတွေ ရေးသားပေးဖို့ တောင်းဆိုကြသည်။ မင်းသား၊ မင်းသမီးတွေ အော်တိုရေးပေး သည့်ပုံစံမျိုးလေးဖြစ်သည်။ ထို စာအုပ်လေးထဲမှာ လက်ရေးကို အလှဆုံးရေးပြီး သူငယ်ချင်း အတွက် ကိုယ်ဖတ်ထား သိထား သည့် ဒဿနလေးတွေ၊ သူငယ် ချင်းအတွက် အားပေးစကားတွေ၊ ဘဝမှာအောင်မြင်ဖို့ ဆုတောင်း စကားလေးတွေ ရေးသားပေး တတ်ကြသည်။ ကျောင်းက ဆရာ၊ဆရာမများနှင့် သူငယ်ချင်းများ ကို ထာဝရသတိရနေမည့်အကြောင်း အလွမ်းစကားလေးတွေ ဝေမျှတတ်ကြသည်။
တကယ်တော့ ကျောင်းဆို သည်က ကျွန်တော်တို့ရဲ့ ဒုတိယ အိမ်ပင် မဟုတ်ပါလား။ မနက်မိုး လင်း မျက်စိဖွင့်ကတည်းက တွေ့နေမြင်နေရသည့် ဆရာ၊ ဆရာမများနှင့် သူငယ်ချင်းများကို ရက်ရှည်ခေတ္တ ခွဲခွာရဦးမည်မို့ လွမ်းမည်ဆိုလည်း လွမ်းလောက်ပါ လေသည်။
ကျွန်တော်တို့ ရှစ်တန်းစာ မေးပွဲဖြေခါနီးတုန်းကတော့ ကျောင်းပိတ်ပြီး ပြန်ဖွင့်လျှင် အထက်တန်းကျောင်းကြီးဆီ ပြောင်းရွှေ့ရတော့မည်ဆိုသည့် စိတ်က ဖိစီးနှိပ်စက်နေသည်။ လေးနှစ်တာ တက်ရောက်ခဲ့သည့် အလယ်တန်းကျောင်းကလေးမှာ ဆက်တက်ခွင့်မရတော့ဘူးဆို သည့်အသိက ဝမ်းနည်းစေခဲ့ သည်။ အပြောင်းအလဲများနှင့် အသားမကျသေးသည့် မရင့် ကျက်သော အရွယ်တွေမို့ အထက်တန်းကျောင်းကြီးတွင် ဒီကျောင်း လောက် ပျော်ပါ့မလားဟု ကြိုတွေးစိတ်ပူကြသည်။ကလေးအတွေး ဖြင့် ကျောင်းမှာ မြေကွက်အပိုတွေ အများကြီးရှိ နေတာပဲ။ ကိုးတန်း ဆယ်တန်း အဆောင်တွေ  ထပ်ဆောက်လိုက်ပြီးရောဟု တွေး တတ်ကြသည်။
စာမေးပွဲကြီးဖြေပြီးလျှင် ကျောင်းသုံးလ ပိတ်တော့မည်ဖြစ် ၍ ထိုနွေကျောင်း ပိတ်ရက် ကာလအတွင်း ဘယ်လိုဖြတ်သန်းကြ မည်ဆိုတာတွေလည်း ပြောဖြစ် ကြသည်။ ငွေရေး ကြေးရေး တတ်နိုင်သည့် မိသားစုမှကျောင်းသား တွေကတော့ ကျောင်းပိတ်ရက် အတွင်း ရေကူးသင်တန်းတို့၊ အင်္ဂလိပ်စာသင်တန်းတို့ တက်မည့်အကြောင်း သူငယ်ချင်းတွေ ကို ကြွားလုံးထုတ်ကြသည်။ အချို့ကတော့ ဘဝအတွက်အရေးကြီး လာတော့မည့် အထက်တန်းစာ တွေကို ကြိုတင်သင်ယူကြဖို့ ပြင် သည်။
အချို့ အခြေခံလူတန်းစား လက်လုပ်လက်စား သားသမီး တွေကတော့ နွေရာသီကျောင်း ပိတ်ရက်အတွင်းမှာ မိဘလုပ်ငန်း ကူဖို့ လုံးပန်းကြရသည်။ နွမ်းပါး လွန်းသည့် သူငယ်ချင်းအချို့က တော့ နွေကျောင်းပိတ်ရက်များ အတွင်း မိဘတွေ တတ်နိုင်သ လောက် အမောကလေးပြေစေဖို့ ရေခဲချောင်း ပြေးရောင်းသူက ရောင်းရသည်။ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်လုပ်သူကလုပ်ကြ သည်။ ကျောင်းသင်ခန်းစာ ခေတ္တနားချိန် ဘဝသင်ခန်းစာတွေ ရွှေ့ပြောင်းသင်ယူရသည့် အချိန် ဖြစ်သည်။
အခုတော့ အခြေခံပညာ ကျောင်းသားဘဝတွေ ကျော်လွန် ကာ ဘဝတက္ကသိုလ်ကြီးတွင် နေ့စဉ်နှင့်အမျှ သင်ခန်းစာပေါင်း မြောက်မြားစွာ သင်ယူနေရပါပြီ။ ကြည်နူးလွမ်းဆွတ်ဖွယ် ကောင်း လှသည့် ဆောင်းအကုန် နွေအကူးကာလတွေကလည်း တစ်နှစ် လည်လို့ ရောက်လာပြန်လေပြီ။ သို့သော် ငယ်ရွယ်စဉ် အခြေခံ ပညာကျောင်းသား ဘဝတွေတုန်း ကလိုတော့ ရွက်ခြောက်တွေကြား ခံစားမှုအပြည့်ဖြင့် စိမ်ပြေနပြေ လမ်းလျှောက်နေချိန် မရတော့။ ခေတ်ကြီးက ဒုန်းစိုင်းပြေးနေ သည်မို့ တစ်ယောက်တည်း ပြတ် မကျန်ခဲ့ဖို့ မနည်းပြေးလိုက်နေ သည့်အချိန်။ နေ့စဉ်နှင့်အမျှ ရောက်ရောက်လာတတ်သည့် ဘဝစာမေးပွဲတွေကို အောင်မြင် အောင် ကိုယ်စီကိုယ်စီ ကြံ့ကြံ့ခံ ရုန်းကန်နေကြရသည်မို့ သစ်ရွက် ကြွေတာကိုလည်း ထိုင်ကြည့် မနေနိုင်အား၊ ဥသြတွန်သံကိုလည်း တခုတ်တရ နားမစွင့်နေနိုင်တော့ပါ။ ပြန်လည်ရနိုင်ဖို့ မဖြစ်နိုင်တော့သည့် အပူအပင်သောကမရှိဖြတ်သန်းခဲ့ရသည့် နွေကြိုရက် တွေက ဟိုခပ်ဝေးဝေးမှာ ကျန်ရစ် ခဲ့လေပြီ မဟုတ်ပါလား။

ဧရာဝတီမြစ်ဘေးက လူမှုဘဝများဆီ

ဧရာဝတီမြစ်ဘေးက လူမှုဘဝများဆီ

ဓာတ်ပုံ-ညီညီဇော်
ဆောင်းတွင်းကာလမို့ နံနက် ၅ နာရီခန့်ရှိပြီဖြစ်သော်လည်း ဂေါဝိန်ဆိပ်မှာ အလင်းရောင် ကောင်းစွာမရသေး။ နံနက် ၅ နာရီခွဲတွင် ထွက်မည်ဟုဆိုသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၏ မန္တလေး-ညောင်ဦး  လူစီးသင်္ဘောတစ်စီးပေါ်တွင်လည်း ခရီးသည်တွေ ကောင်းစွာမရောက်ကြသေး။ ဝါကျင့်ကျင့် မီးရောင်သေးသေးလေးတစ်လုံးသာ ခပ်ဝါးဝါးလေးလင်းနေပြီး သင်္ဘောပေါ်မှ ဈေးဆိုင်လေးတစ်ဆိုင်သာ ရောင်းချဖို့ပြင်ဆင်နေတာ တွေ့ရသည်။
လက်မှတ်အရောင်းကောင် တာဆီသွားပြီး မန္တလေး-ညောင် ဦး လက်မှတ်ဈေးနှုန်းမေးလိုက် သည်။ ရိုးရိုးတန်းက ၂,၄၀၀ ကျပ်၊သင်္ဘောဦးခန်းက ၃,၈၀၀ ကျပ်တဲ့။ ဦးခန်း ကျပ် ၃,၈၀၀ တန်းတွင်ရေချိုးခန်း၊ အိမ်သာ၊ အိပ်စင်ပါရှိ သည်ဟု လက်မှတ်ရောင်းဝန် ထမ်းက ပြောပြသည်။ ‘‘ဦးခန်းယူ လိုက်၊ ဧည့်သည်နည်းတယ်။ ဓာတ်ပုံလည်း ရိုက်လို့ကောင်း တယ်။ အေးအေးဆေးဆေးလှဲ ချင်ရင်လည်း အဆင်ပြေတယ်’’ ဟု ထိုဝန်ထမ်းက ရှင်းပြသည်။သို့ဖြင့် ဦးခန်းလက်မှတ်တစ်စောင် ဝယ်ကာ သင်္ဘောပေါ်တက်ခဲ့လေ သည်။
ကျွန်တော်က မန္တလေးကနေ ပုဂံညောင်ဦးကို ကား၊ ရထား၊ ဆိုင်ကယ်တို့ဖြင့် သွားခဲ့ဖူးသော် လည်း ရေကြောင်းခရီးမှ တစ်ခါမျှ မသွားဖူးတာကြောင့် အတွေ့အ ကြုံအသစ်အဆန်းလေးရအောင်  ပြည်တွင်းရေကြောင်း၏ သင်္ဘော ဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။ မန္တလေး ဂေါဝိန်ဆိပ်မှ ပုဂံကို ရေ ကြောင်းဖြင့် သွားမည်ဆိုလျှင် ပုဂံ ထိမရောက်ဘဲ ညောင်ဦးဆိပ် ကမ်းအထိသာ ရောက်ပါသည်။ ညောင်ဦးမှတစ်ဆင့် ပုဂံကို ပြန်ဝင်ရမည်ဖြစ်သည်။ ပုဂံတွင်ဆိပ် ကမ်းလုပ်ဖို့ သင့်တော်သည့် နေရာမရှိသည့်အတွက်ဟု ရေကြောင်း ပို့ဆောင်ရေးဝန်ထမ်းများက ပြောပြသည်။
ဂေါဝိန်မှ ညောင်ဦးသို့ရေကြောင်းဖြင့် သွားမည်ဆိုလျှင်ပုဂ္ဂလိကရေယာဉ်လုပ်ငန်းတွေကတော့ နေ့စဉ်နံနက်တိုင်းထွက်သည်။ အဆင့်မြင့် ဇိမ်ခံသင်္ဘောများဖြစ်သဖြင့် နိုင်ငံခြားသားဧည့်သည်များအတွက် ရည်ရွယ်ပြေး ဆွဲနေခြင်းဖြစ်သည်။ ပြည်တွင်း ရေကြောင်းလုပ်ငန်းကတော့ နေ့ စဉ်မထွက်။ မန္တလေး-ညောင်ဦးကို တစ်ပတ်လျှင် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနှစ်ရက်သာထွက်သည်။ နံနက် ၅ နာရီခွဲလောက်ထွက်ပြီး ညတွင် ရေကြောင်းအခြေအနေပေါ်မူတည်ကာ ဆိုက်ရောက်ချိန်ကွာခြားသည်။  အခုလို ရေကြောင်းကျပ်သည့်ကာလ တွေကတော့ ထိန်းမောင်းနေရသည့်အတွက် ကြန့်ကြာသည်။ မိုးအခါဆိုလျှင်တော့ ညနေ၄ နာရီလောက် ရောက်လေ့ရှိသည်ဟု ရေယာဉ် ဝန်ထမ်းတွေက ပြောပြသည်။
သင်္ဘောပေါ်တက်ပြီး နံနက် စာ ထမင်းဆီဆမ်းနှင့် ကြက်ဥ ကြော်စားနေစဉ် သင်္ဘောက ထွက်ခွာတော့မည့်အကြောင်း “ဘူးဘော်”ဟု အသံပေးသည်။ နာရီကြည့်လိုက်မိတော့ ၅ နာရီ ၂၈ မိနစ်။ သိပ်မကြာမီ မိနစ်ပိုင်းအတွင်း သင်္ဘောသည် ဂေါဝိန်ဆိပ်ကမ်းမှ ခွာပါသည်။ သင်္ဘောပေါ်တွင် နိုင်ငံခြားသားဧည့်သည် ၁၀ ဦးခန့်၊ ပြည်တွင်းဧည့်သည် ၃၀ ခန့်လောက်သာပါသည်။ နိုင်ငံခြား သားတွေကတော့ သင်္ဘောလက် ရန်းတွေနား ပလတ်စတစ်ထိုင်ခုံ လေးတွေပေါ်ထိုင်ကာ ကောင်း ကောင်းမမြင်ရသေးသည့် မြစ်ပြင် ရှုခင်းကို ခံစားနေကြသည်။ ပြည် တွင်းဧည့်သည်တွေကတော့ သင်္ဘောအလယ်က သံဆန်ခါ ဘေးနှစ်ဖက်စီမှာ ကိုယ့်အဖွဲ့နှင့် ကိုယ် စောင်တွေကိုယ်စီခြုံကာ အိပ်စက်နေကြသည်။ ဆောင်း တွင်းကလည်းဖြစ်ပြန် မြစ်အတွင်းလည်းဖြစ်ပြန်ဆိုတော့ ချမ်းအေး လွန်းလှသည်။
ရေနည်းချိန်ဖြစ်သည့်အ တွက် သောင်မတင်စေရန် ကွေ့ ပတ်မောင်းနှင်နေရသည့်အတွက် စစ်ကိုင်းတံတားနှစ်စင်းနားကို မိနစ် ၄၀ ကျော်လောက်ကြာမှ ရောက်သည်။ နံနက်အလင်း ရောင် ခပ်ဝါးဝါးလေးအောက်တွင် ထုံးဖြုစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများဖြင့် တည်ငြိမ်စွာ တည်ရှိနေသည့် စစ်ကိုင်းတောင် ရိုးကြီးကို လှမ်းမြင်ရသည်။
စစ်ကိုင်းတံတားကြီးကို ကျော်တော့ နေမင်းက ထွက်စပြု လာပါပြီ။ မြစ်အရှေ့ဘက်မှာ ရေ လုပ်သားတွေ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတာတွေ့ရသည်။ ထို မြင်ကွင်းများကိုကြည့်ရင်း မြစ်ထဲ သို့ သင်္ဘောပေါ်မှ အရာဝတ္ထုတစ်ခု ပလုံခနဲနေအောင် ပြုတ်ကျသွားတာ တွေ့လိုက်ရသည်။ ထိုပစ္စည်းလာရာလမ်းကို ဝေ့ကြည့်လိုက်မိ တော့ သင်္ဘောပေါ်မှာ ဈေးရောင်း ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတစ် ဦးကို မြင်ရသည်။ သူမက ပန်းသီး တွေကို အဝတ်တစ်ခုဖြင့် သုတ် ရင်း အနာပါနေသည့် ပန်းသီးတစ်လုံးအား ရေထဲလွှင့်ပစ်လိုက်တာ ဖြစ်သည်။ ထိုသို့ ပြင်ဆင်နေတုန်း သူမဆီဖုန်းလာသည်။ သူမဖုန်းကို ကောက်ကိုင်ကာ စကားတွေပြော သည်။ ‘‘အဆင်မပြေပါဘူးအေ။ လေးငါးယောက်ပါတာ။ စိတ်ညစ် တယ်’’ဟု ပြောသံကြားလိုက်ရ သည်။ သူမပြောသည့် လေးငါး ယောက်ဆိုတာက နိုင်ငံခြားသား ဧည့်သည်ကို ဆိုလိုတာဖြစ် လောက်သည်။ လမ်းပန်းဆက် သွယ်ရေးပြောင်းလဲလာသည်နှင့် အမျှ ရေကြောင်းကို ပြည်တွင်းက လူတွေ စီးနင်းသူနည်းပါးသွား သည်။ အခုလိုက်လာသည့် ပြည် တွင်းဧည့်သည်တွေကလည်း ကျွန်းထဲက ရွာကို ကားဖြင့်သွား လျှင် အဆင့်ဆင့်သွားရမည့်ရွာ တွေက ဖြစ်သည်။ ဒါကြောင့် ဈေးသည်တွေအနေဖြင့် နိုင်ငံခြားဧည့် သည်သာ အဓိကမျှော်ရသည်။ ဒီ တစ်ခေါက်ကတော့ သူ့အတွက် တွက်ခြေကိုက်ဖို့မလွယ်တော့။
ဟိုအရင်ကတော့ အခုလို သင်္ဘောကြီးပေါ်မှာ ခြေချစရာနေ ရာမရှိအောင် လူရောကုန်ပါ ပြည့်သိပ်နေလေ့ရှိကြောင်း သင်္ဘော ဝန်ထမ်း ကိုကျော်ဇင်က ပြောပြ သည်။ ကိုကျော်ဇင်က အရင်က လူတွေအပြည့်ပါခဲ့သည့် သူတို့ သင်္ဘောကြီးကို လွမ်းနေပုံရ သည်။ ဈေးနှုန်းသက်သာလွန်း သည့် သူတို့သင်္ဘောကြီးမှာ ပြည် တွင်းခရီးသွားတွေလည်း လိုက်ပါ ကြဖို့ ဆန္ဒရှိနေကြောင်း ပြောပြ သည်။ သည်လိုဈေးနှုန်းဖြင့် ဧရာ ဝတီမြစ်ရှုခင်း၊ မြစ်တစ်လျှောက် လူမှုဘဝများ လေ့လာခွင့်ရသည် မှာ တန်ပါသည်ဟု ဆိုပါသည်။ အခုတော့ ကိုကျော်ဇင်တို့ သင်္ဘောပေါ်မှာ လူတွေက ကျဲတောက် လျက်။
လူနည်းနည်းသာပါသည့် ကျွန်တော်တို့ သင်္ဘောက ရေ ကြောင်းကောင်းမည့်နေရာတွေ ကနေ ခုတ်မောင်းနေရသည်။ အရှေ့ဘက်ကမ်းနှင့်နီးလိုက်၊ အနောက်ဘက်ကမ်းနှင့် နီးလိုက်ဖြင့် နိုင်ငံခြားသားဧည့်သည်တွေ ကတော့ နေစာလှုံရင်း စာအုပ် ကလေးတွေ ကောက်ဖတ်နေကြ သည်။ ဧရာဝတီမြစ်ကမ်းပါးတွေ ကတော့ တချို့နေရာတွေမှာ တော်တော်ပြိုနေတာ တွေ့ရသည်။ အိမ်တချို့ဆိုလျှင် ကမ်းပါးနှင့် ကပ်ကပ်ကလေးတွေ၊ သစ်ပင် တွေဆို အမြစ်တွေတောင်ပေါ်ကာ တချို့သစ်ပင်များ လဲပြိုနေသည်။ ကလေးငယ်လေးတွေက သင်္ဘောဆီလက်ဝှေ့ယမ်းပြကြသည်။ ကမ်းပါးတွေထက်ကနေ စက်ဘီး လေးတွေကိုယ်စီဖြင့် အဖြူ၊ အစိမ်းဝတ် ကျောင်းသား၊ ကျောင်းသူ လေးများ ကျောင်းသွားကြသည် ကိုလည်း တွေ့ရသည်။
မြစ်အတွင်းမှာတော့ မော် တော်တွေ သုံး၊ လေးစီးစုဝေးနေ တာတွေလည်း တွေ့ရသည်။ ရွှေ ကျင်နေကြတာဟု သင်္ဘောဝန် ထမ်းက ပြောပြသည်။ မြစ်ရေ လမ်းကြောင်းပြောင်းရသည့် ဖြစ် စဉ်များတွင် မော်တော်များဖြင့် ရွှေကျင်ကြခြင်းကြောင့်လည်း ပါဝင် သည်ဟု ဝန်ထမ်းက ဆိုသည်။ တစ်နေရာရောက်ပြန်တော့လည်း လှေငယ်လေးတွေကို တွေ့ရ သည်။ ဘက်ထရီဖြင့် ရှော့ခ်တိုက်ငါးဖမ်းနေကြတာဟု သင်္ဘောဝန် ထမ်းက ရှင်းပြသည်။
နံနက် ၁၀ နာရီကျော်ကျော် မှာတော့ မြင်းမူဆိပ်ကမ်းရောက် သည်။ ကုန်းပေါင်တောင် မချရ သေး။ ဈေးသည်တွေ သင်္ဘောဆီ အပြေးအလွှားခုန်တက်လာကြ သည်။ ဈေးသည်အမျိုးသမီးတစ် ဦးဆိုလျှင် ကိုယ်ဝန်ဆောင်ကြီး ဖြင့် လွှားခနဲခုန်တက်သည်။ ပြောင်းဖူးပြုတ်၊ အကြော်၊ စမူဆာစတာတွေ ဖြစ်သည်။ ဈေးသည် တွေနှင့်အတူ ခရီးသည်တချို့ လည်း တက်လာကြသည်။ ဈေး သည်အမျိုးသမီးကြီးတစ်ဦးက ကျွန်တော့်အား ပြောင်းဖူးပြုတ် အိတ်ကလေးထိုးပြကာ ‘ဝယ်ပါ ဦး’ဟု ပြောသည်။ ကျွန်တော်က တော်ပြီအစ်မဟု ပြောတော့ သူ က ‘တော်ပြီအစ်မတဲ့ ဟားဟား ဟား’ဟုဆိုကာ ရယ်ပါလေသည်။ ဖြစ်ပုံမှာ ကျွန်တော်က နိုင်ငံခြား သားဧည့်သည်တွေနား ကပ်ထိုင် နေတာရယ်၊ ဘောင်းဘီနှင့် ဘွတ် ဖိနပ်နှင့် ကျောပိုးအိတ်တွေရယ် ကြောင့် ပြည်ပဧည့်ထင်သွားတာ ဖြစ်လောက်သည်။ ကျွန်တော် လည်း သဘောကျစွာရယ်မောမိ ပါသည်။ မြင်းမူမှာ ကုန်ချစရာ လည်း မပါသဖြင့် သင်္ဘောက ပြန် ထွက်ရန်ပြင်သည်။ ဈေးသည် တွေ အပြေးအလွှားပြန်ဆင်းကြ ရသည်။
သင်္ဘောက သတ်မှတ်ထား သည့် ရွာကြီးတွေမှာ ဆိုက်သည်။ သို့သော် အကြာကြီးမဟုတ်။ ပစ္စည်းပါလျှင် ပစ္စည်းချ၊ လူအ တက်အဆင်းလုပ်ပြီးပြီဆိုလျှင် ချက်ချင်းပြန်ထွက်သည်။ ဈေး သည်တွေခမျာ သင်္ဘောပေါ်ပြေး တက်၊ ခပ်မြန်မြန်ရောင်းပြီးသည် နှင့် အောက်ပြန်ပြေးရသည်။ ခရီး သည်က ပါးတာဆိုတော့ သိပ် မရောင်းရကြ။ သင်္ဘောက စစ် ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဘက် ခြမ်းတွေက ရွာတွေဆီ ကူးချည် သည်းချည်ကပ်ပေးသည်။ ရန္တပို၊ နဂါးပေါက်၊ မြေတော်၊ ကျွန်းညို အစရှိသည့်ရွာတွေဖြစ်သည်။
တချို့ရွာတွေမှာ သင်္ဘော ပေါ်က ပါလာမည့် ကုန်တွေ၊ လူ တွေကို လှည်းတွေဖြင့် လာကြိုနေ ကြတာတွေ့ရသည်။ နိုင်ငံခြား သားဧည့်သည်တွေကလည်း ထို မြင်ကွင်းမျိုးတွေကို သဘောကျပုံ ရသည်။ တချို့နိုင်ငံခြားသားတွေ ဆို ပစ္စည်းတွေဝင်ထမ်းတတ်လို့ မနည်းဝင်တားရသည်ဟု သင်္ဘော ဝန်ထမ်းတွေက ပြောပြသည်။ ချ သည့်ကုန်တွေကတော့ စုံပါသည်။ဘိလပ်မြေအိတ်တွေလည်း ပါ သည်။ မုန့်မျိုးစုံတွေလည်း ပါ သည်။ ကျေးရွာအရောက် ခရီး ပေါက်နေသည့် ဘီယာတွေလည်း ချနေသည်ကို တွေ့ရသည်။
သင်္ဘောက ခပ်မှန်မှန်လေး မောင်းနေသည်။ လေတဖြူးဖြူး၊ စက်သံတဒုတ်ဒုတ်ကြောင့် တစ်ခါ တစ်ရံ မျက်လုံးတွေမှေးစင်းကာ အိပ်ပျော်သွားသည်။ အိပ်ရာကနိုး လို့ နည်းနည်းငြီးစီစီနိုင်လာလျှင် သင်္ဘောဆီသွယ်ထားသည့်ပိုက်မှ မြစ်ရေအေးအေးဖြင့် မျက်နှာသစ် လိုက်သည့်အခါ လူကိုချက်ချင်း လန်းဆန်းသွာသည်။ ဧရာဝတီ မြစ်ရေအေးအေးထဲမှာ ရေချိုးနေ ကြတာတွေတွေ့တော့ ရေတောင် ပြေးကူးချင်စိတ်ပေါက်သည်။
ညမှောင်လာတော့ နိုင်ငံခြားဧည့်သည်တချို့ ညောင်ဦး မရောက်သေးဘူးလားဟု လာမေးကြသည်။ ကျွန်တော်လည်း ရေ ယာဉ်မှူးတွေဆီ မေးထားတော့ ည ၉ နာရီ၊ ၁၀ နာရီလောက်မှ ရောက်မည့်အကြောင်း ပြန်ပြော ပြလိုက်သည်။ သူတို့လည်း တစ် နေကုန်သင်္ဘောစီးလာတော့ ပျင်း လာပုံရသည်။ ခပ်မှိန်မှိန်မီးအ လင်းရောင်အောက် ပြန်သွားထိုင် ရင်း စာပြန်ဖတ်ကြသည်။ အပြင် မှာတော့ လက အပြည့်အဝသာ နေသည်။ ဧရာဝတီမြစ်ထဲမှာ လ ရောင်က ဖိတ်ဖိတ်တောက်နေ သည်။
ည ၉ နာရီလောက်မှာတော့ ပခုက္ကူဆိပ်ကမ်းရောက်သည်။ ပခုက္ကူဆိပ်ကမ်းက မှောင်အတိ။ ပခုက္ကူရောက်ပြီး မကြာခင် ညောင်ဦးရောက်တော့မည်မို့  အားနည်းနည်းတက်လာသည်။ သို့ သော် ထုံးစံအတိုင်း ရေကြောင်းမကောင်းတာမို့ ခပ်ဖြည်းဖြည်းပဲမောင်းနေရသည်။ နိုင်ငံခြားဧည့်သည်တွေကတော့ ဆင်းချင်လှပြီထင်သည်။ သင်္ဘောမရပ်သေးခင် ကိုဆင်းဖို့ အိတ်တွေကိုယ်စီဖြင့် မတ်တတ်ရပ်စောင့်နေကြသည်။ ည ၁၀ နာရီခွဲလောက်မှာတော့ ညောင်ဦးဆိပ်ကမ်းကို ရောက်ရှိ လို့လာခဲ့ပါသည်။ နာရီပေါင်း ၁၇နာရီကျော်ကြာအောင် စီးခဲ့ရသည့်မန္တလေး- ညောင်ဦး သင်္ဘောခရီးစဉ်ကတော့ ကုန်ဆုံးလို့သွားခဲ့ပါ သည်။
ရာသီဥတုအေးလွန်းတာနှင့် ရေကြောင်းကျပ်လို့ အချိန်ကြာ တာကလွဲလို့ အဆင်ပြေခဲ့သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ ခရီး တစ်ခု ထွက်မည်ဆိုလျှင် ကျွန် တော်တို့တွေ ပထမဦးဆုံးချိန်ရ သည်က ငွေရေးကြေးရေးဖြစ် သည်။ မန္တလေး-ညောင်ဦး သင်္ဘောခရီးစဉ်ကတော့ ငွေကုန် ကြေးကျနည်းပါးလွန်းသည့်၊ သွား လာကြည့်သင့်သော ခရီးတစ်ခုအ ဖြစ် ထင်မြင်မိသည်။ အဖိုးနည်း လှသော ခရီးစဉ်လေးတစ်ခုဖြင့် ကိုယ်မသိမမြင်ဖူးသည့် ဧရာဝတီ လူမှုဘဝများဆီ တစ်ခေါက် လောက်သွားလည်ကြည့်ဖို့ တိုက် တွန်းရပါသည်။

သာသနာအတွက် ကြိုးပမ်းကြသူများ


သာသနာအတွက် ကြိုးပမ်းကြသူများ

သင်္ကန်းဝတ်နှင့်မလျော်ညီစွာ နေထိုင်နေသူတစ်ဦးအား သ.ထ.ဖအဖွဲ့မှစစ်ဆေးနေစဉ် ဓာတ်ပုံ-သထဖအဖွဲ့
ဗုဒ္ဓသာသနာတွင်သင်္ကန်းကို အရဟတ္တဓဇဟုဖွင့်ဆိုသည်။ အရဟတ္တမဂ်ဖိုလ်ပုဂ္ဂိုလ်တို့၏ တံခွန်ဟု အဓိပ္ပာယ်ရသည်။ မြင့်မြတ်သူတို့သာ ဆင်မြန်းအပ်သော အရာဟု မြတ်နိုးတန်ဖိုးထားကြခြင်း ဖြစ်သည်။ သို့သော် ထိုသင်္ကန်းကိုပင် ကိုယ်ပေါ်တွင် လွှမ်းခြုံကာ သာသနာတော်တွင်း ၀ိနည်းနှင့် လျော်ညီစွာ ကျင့်ကြံနေထိုင်ခြင်း မရှိသော ပုဂ္ဂိုလ်များကို ဘာသာ၊ သာသနာသန့်ရှင်းရေး အတွက် အရေးယူ ဆောင်ရွက်သူများလည်း ရှိပါသည်။

မန္တလေးတွင် မြင့်မြတ်သော သင်္ကန်းကို ဝတ်ဆင်ထားသော် လည်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တို့တွင် ထိုင်ကာ စားသောက်နေသော၊ ကားဂိတ်၊ဘူတာ လူစည်ကားရာများတွင် အလှူခံနေသော၊ လူမြင်ကွင်း သူမြင်ကွင်းတွင် မူးယစ်သောက်စားကာ လဲကျနေသော သာမဏသာရုပ္ပခေါ် ကြည်ညိုဖွယ်ရာ မဖြစ်သော၊ သင်္ကန်းနှင့်မလျော်ညီစွာ ဆောင်ရွက်နေသူများကို လိုက်လံကြီးကြပ် အရေးယူနေသည့် အဖွဲ့တစ်ခုရှိသည်။
ထိုအဖွဲ့၏ အမည်နာမက စုံ လင်လှသည်။ သာသနာတော် သန့်ရှင်းရေးအမှု ဆောင်ရွက်ကြရ သဖြင့် ၀ိသောဓနီအဖွဲ့ဟုလည်း ခေါ်သည်။ သံဃာစည်းကမ်းထိန်း သိမ်းရေးဆောင်ရွက်ရသဖြင့် သံ စည်းအဖွဲ့ဟုလည်း ဆိုသည်။ သို့ သော် ထိုအမည်တွေထက် ၀ိနည်း မလိုက်နာနိုင်သည့် ဒုဿီလသင်္ကန်းဝတ်များက ကင်ပွန်းတပ်ထားသည့် အမည်နာမတွေက ပိုပြီး လူသိများသည်။ လူဆိုးထိန်းအဖွဲ့၊ မြို့နယ်စွမ်းအားရှင်အဖွဲ့စသည့် နာမည်ဆန်းတွေ ပေးထားကြသည်။
တကယ်တော့ ထိုအဖွဲ့ကို ချမ်းအေးသာစံမြို့နယ် သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟု ခေါ်လျှင် ပိုပြီးပြည့်စုံပါ သည်။ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ခေါ် အတို ကောက် သထဖအဖွဲ့များသည် မန္တလေး၏ မြို့နယ်ခွဲတိုင်းတွင် ၂၀၀၁ လောက်ကတည်းက တစ် ဖွဲ့စီရှိကြပါသည်။ သို့သော် ချမ်း အေးသာစံမြို့နယ်က မန္တလေးမြို့  ကြီး၏ မြို့လယ်မြို့နယ်တစ်ခု လည်းဖြစ်၊ ဘုန်းကြီးကျောင်းတွေ များရာ မြို့နယ်တစ်ခုလည်းဖြစ်၍ သည်အဖွဲ့က အခြားနယ်က အဖွဲ့ တွေထက် ပိုအလုပ်လုပ်နေကြရ သည်။ ယင်းအဖွဲ့တွင် ပါဝင်သည့် သံဃာတော်များ၏ စိတ်အား ထက်သန်မှုကြောင့်လည်း သည် အဖွဲ့က  မန္တလေးမှာ ပို၍နာမည် ထွက်နေလေသည်။
မြန်မာနိုင်ငံတွင်၁၉၈၀ ပြည့်နှစ်၌ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ပြုလုပ်ပြီး သာသနာတော်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရာတွင် နာမည်ကြီး ဆရာတော်ကြီးအချို့ အပါအ၀င် ၀ိနည်းနှင့်မအပ်စွာ နေထိုင်ပြုမူသော သင်္ကန်းဝတ်များကိုလူဝတ်လဲစေခဲ့ပါသည်။
ယခုချမ်းအေးသာစံသထဖအဖွဲ့ဆရာတော်များကလည်း သင်္ကန်းဝတ်ဖြင့် မလျော်မကန်ပြုနေသူ မည်သူ့ ကိုမဆို နေ့ညမရွေးဖမ်းဆီး စစ်ဆေးလေ့ရှိသည်။ ကားတစ်စီး၊ မိုက်တစ်လုံးဖြင့် လှည့်လည် အလှူ ခံနေသည် ကိုတွေ့သည်ဆိုလျှင်လည်း တကယ့်သံဃာ အစစ်ဟုတ်၊ မဟုတ်ဝင်ရောက်စစ်ဆေး မေးမြန်းတတ်သည်။ ညဘက် လက်ဖက်ရည်ဆိုင်များတွင် ညစာစားသုံးခြင်း၊ ဘောလုံးပွဲ၊ တီဗီကြည့်ရှုခြင်းများ ပြုလုပ်နေခြင်း၊ တစ်ဝိုင်း ၀င်တစ်ဝိုင်းထွက် အလှူခံခြင်းများ ပြုလုပ်နေသည့် ကိုယ်တော်များကိုလည်း လက်အုပ်ချီဖျောင်းဖျကာ မသင့်လျော်သည့် အပြုအမူ မပြုစေလိုကြောင်း ၀င်လျှောက်တတ်ကြသည်။ မနေနိုင်လျှင်ပါဆယ်ဆွဲ ဘုန်းပေးဖို့တောင်းပန်ရသည်။ ဆိုင်များကိုလည်း ည ၁၂ နာရီကျော်လျှင် ရောင်းမပေးရန် ရာဇသံပေးရသည်။
သို့သော် ပုထုဇဉ်တွေလည်း ဖြစ်ပြန်၊ သင်္ကန်းဝတ်ချင်းဆိုသည့် မာနတရားလေးကလည်း ၀င်စွက် ပြန်ဆိုတော့ အသာတကြည်လက် မခံချင်။ ထို့ကြောင့် သထဖအဖွဲ့ တွေ နည်းနည်းလေးတော့ ကြမ်းပြလိုက်ရတော့သည်။စားနေသည့် ထမင်းကြော် ပန်းကန်ဖြင့် ဦးခေါင်း ပြောင်ပြောင်ကို ရိုက်ချင်ရိုက်ပစ်သည်။ ကျောကုန်းတဗုန်းဗုန်းမြည်အောင် ထုပစ်ရသည်။ နားရင်းသုံးလေးချက် ဆော်ပစ်လိုက်ရသည်ဟု သထဖအဖွဲ့ဆရာတော်များက မိန့်ကြားပါသည်။ ‘‘သူတို့ကမေတ္တာ နဲ့ နူးနူးညံ့ညံ့ပြောရင် မရချင်ဘူး။ နှစ်ချက်သုံးချက် ဗုန်းခနဲရိုက်ပစ် လိုက်ရမှရတာ’’ဟု ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့်ပါသည်။
ထို့ကြောင့် လက်သံပြောင်လွန်းလှသည့် စည်းကမ်းထိန်း ဆရာတော်အဖွဲ့များ ကြွလာပြီဆို လျှင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မပြုသည့် သံဃာအချို့ မထိတ်သာမလန့်သာ ဖြစ်ကြရသည်။ ဆိုင်တွေထဲ အလှူခံနေသည့် ကို ရင်ငယ်လေးတွေကဆို သထဖအဖွဲ့တွေ လာပြီဆိုလျှင် သင်္ကန်းဖိုးရိုးဖားရား ဆွမ်းသပိတ်မနိုင့် တနိုင်ဖြင့် ဆိုင်ထဲကနေ ပတ်ပြေးတတ်သည်။ မိလျှင်တော့ ထိုကိုရင်ငယ်လေးတွေ နားရင်းသုံးလေး ချက်တော့ အသာလေး အဆော်ခံ ရသည်။ မမိဘူး လွတ်သွားပြီဆိုလျှင်တော့ သထဖအဖွဲ့ ဆရာတော်တွေကို ထိုကိုရင်ငယ်လေး တွေက လက်သီးဆုပ်ကာ ထောင် ပြသွားတတ်ကြသည်။
အသက်အရွယ်ကြီးသူတွေ ကျတော့ ကိုရင်လေးတွေထက် ပို ဆိုးသည်။ ရဟန်းတုတွေလည်း အဆော်ခံရမည်ဆိုတာ သိတော့ ထွက်ပြေးသည်။ ထိုအခါ သထဖ  ဆရာတော်တွေ အပြေးအလွှား လိုက်ဖမ်းရသည်။ မိလျှင်လည်း အသာတကြည် အဖမ်းမခံသည့် အခါ ထိုးကြိတ်လုံးထွေးကာ နပန်း လုံးဖမ်းရသည်လည်း ရှိသည်ဟု ဆရာတော်က မိန့်သည်။ ထို အခါ ဟိုဘက်ကလည်း နာသလို လိုက် ဖမ်းကြသည့် ဆရာတော်တွေ လည်း ဒဏ်ရာတွေရကြသည်။ မြောင်းတွေထဲ ပြုတ်ကျလို့ ခေါင်း သုံးလေးချက် ချုပ်ရတာလည်းရှိ သည်။ ခြေလက်ကျိုးတဲ့သူ ကျိုး သည်။ မျက်နှာအထိုးခံရသူလည်း ရှိသည်ဟု သထဖဆရာတော် သံဃာတော်များကမိန့်ပါသည်။
သံဃာနှင့်မသင့်လျော်သည့် အပြုအမူများ ပြုမူနေကြသူများကို  ဖမ်းမိပြီဆိုလျှင် မြို့နယ်သံဃ နာယကအဖွဲ့ရုံးခန်းကို ခေါ်ယူကာ စစ်ဆေးသည်။ အလွယ်တကူ မ လိုက်လျှင် လက်ပြန်ကြိုးတုပ်ကာ ခေါ်ယူစစ်ဆေးသည်။ ပြစ်မှုတွေ ကလည်း အမျိုးစုံလှသည်။သင်္ကန်း  ၀တ်ပြီး အလှူငွေပတ်ခံကာ နယ်က အမျိုးသမီးဆီ ငွေလွှဲနေသည့် ရဟန်းအတုတွေလည်း ဖမ်းမိရတတ်သည်။ မျက်စိအကောင်းကို ဂွမ်းဖြင့်ပိတ်ကာ ခါးကြီးကုန်း တောင်ဝှေးတစ်ချောင်းဖြင့် ဟန်လုပ်ကာ အလှူခံနေသည့်ရဟန်း တုများလည်း ပါသည်။
ရုံးခန်းရောက်လျှင် စစ်ဆေး ပြီးနောက် ပြစ်မှုပေါ်မူတည်၍ ဒဏ်ပေးတတ်သည်။ ထိုင်ထအခါ နှစ်ရာပြုလုပ်စေခြင်း၊ သေးသွယ် လှသည့် ကြိမ်လုံးလေးဖြင့် ခပ်စပ် စပ် ရိုက်ခြင်းများ ပြုလုပ်တတ် သည်။ ထိုပြစ်ဒဏ်များ ခံပြီးပြီဆိုမှ သက်ဆိုင်ရာကျောင်းတိုက် ဆရာတော်များထံ ပြန်အပ်သည်။ ပြစ်မှုကြီးလျှင်တော့ ထိုပြစ်ဒဏ်တွေနဲ့ မလုံလောက်တော့သဖြင့် လူချွတ်ကာ မြို့နယ်ရဲစခန်းသို့ပို့ လိုက်ရတော့သည်။ လူချွတ်ဖို့အတွက်လည်း အ၀တ်အစားနှစ်စုံသုံးစုံအရန်သင့်ဝယ်ဆောင်ထားသည်ဟု ဆရာတော်များက မိန့်ကြားပါသည်။
‘‘ဖမ်းတဲ့အခါ ဆရာတူတပည့်ချင်း သူငယ်ချင်းအချင်းချင်းတွေလည်း လုပ်ခဲ့ရတာပဲ။ မျက်နှာမလိုက်ဘူး။’’ဟု အဖွဲ့ဝင်ဆရာတော်ဦးကဝိန္တက မိန့်ကြားသည်။ ‘‘ခြေထောက်ကျိုးတယ်ဆိုလို့ သံဃာ့ဆေးရုံလိုက်ပို့ပေးတယ်။ ရှိသေးလားပြန်သွားကြည့်တော့ ထွက်ပြေးသွားတာတွေလည်း ကြုံရတယ်။’’ဟု အဖွဲ့အတွင်းရေးမှူး ဦးဇာဂရကမိန့်ကြားသည်။
တချို့အမှန်တကယ် ဒုက္ခ ရောက်သည့် သံဃာတော်များကို တော့ အကူအညီပေးလေ့ရှိသည် ကို သထဖ ဆရာတော်များက ဆိုပါသည်။ ခရီးထွက်ရင်း လမ်းစ ရိတ်ပြတ်လာလို့ တောင်းနေတာ မျိုးဆိုလျှင်လည်း ကားလက်မှတ် ၀ယ်ကာ ဒေသအရောက်ပြန်ပို့ပေး တတ်သည်။ အမှန်တကယ် မမာ မကျန်းဖြစ်နေ၍ ငွေကြေးအလှူခံ နေသည့် သံဃာများဆိုလျှင်လည်း သံဃဆေးရုံသို့ ပို့ပေးတတ်သည်။
လက်သံပြောင်လှသည့် သ ထဖအဖွဲ့နား ချဉ်းကပ်လာသူ အ ချို့လည်းရှိသည်။အခြားမဟုတ်။ ဘုန်းကြီးကျောင်းထဲ လောင်း ကစားဝိုင်းဖွင့်သူအချို့ဖြစ်သည်။ မဖမ်းဖို့ ငွေဘယ်လောက်ပေးရ မလဲဆိုတာမျိုး လာကမ်းလှမ်းတာ ကြုံရသည်။ သထဖအဖွဲ့ဝင်တွေ က ငွေမပြောနှင့်၊ ကော်ဖီထုပ်၊မုန့်ထုပ်တောင် လက်မခံ။ လာမဖမ်းဖို့ လာဘ်ထိုးသဖြင့် သွားဖမ်းဖြစ်အောင် ဖမ်းခဲ့တာတွေရှိသည်ဟု သထဖဆရာတော်များက မိန့်သည်။
သထဖ ဆရာတော်တွေအ ကြောင်း မြို့ခံတွေက သိနေသဖြင့် သူတို့မျက်စိရှေ့ အမြင်မတော် သည့် သင်္ကန်းဝတ်သူအချို့ကို တွေ့ပြီဆိုလျှင် ဖုန်းဆက်ကာ လှမ်းအကြောင်းကြားတတ်သည်။ ထိုအခါ သထဖဆရာတော်တွေနေ့ညမရွေး ထပြေးကြတော့သည်။
ထိုသို့ ထပြေးကောင်းသဖြင့် လွဲခဲ့ရသည့်ဖြစ်စဉ်တစ်ခုလည်း ရှိ ဖူးသည်။ တစ်ခါက အောင်မြေသာ စံမြို့နယ်ထဲမှ ဖုန်းလာသည်။ ရပ် ကွက်ထဲတွင် သံဃာတစ်ပါး တစ် နေကုန် ဘယ်မှမသွားဘဲ ယောင် ပေယောင်ပေဖြင့် ဟိုအိမ်ရှေ့နေ လိုက်၊ သည်အိမ်ရှေ့ကူးလိုက် အ လှူခံလိုက်လုပ်နေတာ တွေ့နေရ သည်ဟု ရပ်ကွက်နေပြည်သူတစ် ဦးက လှမ်းအကြောင်းကြားသည်။ ထို့ကြောင့် သထဖ အဖွဲ့ဆရာ တော်တွေ ထိုရပ်ကွက်ဆီ အပြေး သွားကြသည်။
ဟိုရောက်တော့ သက်တော် (၆၀)ကျော်ရှိသည့် သံဃာတစ်ပါး ကို တွေ့ရသည်။ ဘယ်ကျောင်း တိုက်ကလဲမေးမြန်းတော့ ထို သံဃာကမဖြေနိုင်။နောက်ဆုံး ဝေ့ လည်ကြောင်ပတ်လုပ်နေသည်ဟု ထင်လာသဖြင့် ကျောကုန်း သုံး လေးချက်ရိုက်ပစ်သည်။ သို့သော် ဘယ်လိုပဲရိုက်ရိုက်မဖြေ။ သို့ဖြင့် ရဲစခန်းကိုခေါ်လာသည်။ လူချွတ် ကာ အချုပ်ထဲထည့်တော့မည်ဆို ခါမှ ထိုကိုယ်တော်က သူဘယ် ကျောင်းတိုက်ကဆိုတာကို ရုတ် တရက်ထပြောသည်။ သူပြော သည့် ကျောင်းတိုက်ကိုစုံစမ်းပြီး ကျောင်းတိုက်က ဆရာတော် အချို့ကို ပင့်ဖိတ်ခဲ့ရာမှ အဖမ်းခံ ရသည့်ရဟန်းမှာ ထိုကျောင်းတိုက် ၏ ဓမ္မကထိကဆရာတော်ဖြစ်ပြီး အတိတ်မေ့ဝေဒနာကို မကြာခဏ ခံစားနေရသူဖြစ်ကြောင်း ပြောပြ ကြတော့ သထဖအဖွဲ့ ဆရာတော် တွေ ချက်ချင်းကန်တော့တောင်း ပန်ကြရသည်။ ဆရာတော်ကြီးက တော့ သုံးလေးချက်လောက် အ ဆော်ခံခဲ့ရသော်လည်း သာသနာ တော်သန့်ရှင်းရေးအတွက် လုပ် နေသည်ကို အသိအမှတ်ပြုသည့် အနေဖြင့် စိတ်ဆိုးခဲ့ခြင်းမရှိဘဲ ခွင့် လွှတ်ခဲ့ရသည်ဟု သထဖဆရာ တော်များက မိန့်ပါသည်။
‘‘ကိုယ့်ဘာသာကိုယ် အထင် သေးမခံရအောင် အများရဲ့ ကြည် ညိုလေးစားမှုရှိအောင် လုပ်နေ တာပါ’’ဟု ချမ်းအေးသာစံမြို့နယ် သထဖ အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရက မိန့်ကြားပါသည်။

စိုးတထိတ်ထိတ် အယ်လ်နီညို

စိုးတထိတ်ထိတ် အယ်လ်နီညို

ယခုနှစ် အယ်လ်နီညိုရာသီဥတုတွင် ရေရှားပါးမှုက အကြီးမားဆုံးပြဿနာဖြစ်လာမည်။ ဓာတ်ပုံ - ညီညီဇော်
ပုံမှန်ရာသီဥတုအတိုင်းဆို လျှင်ပင် နှစ်စဉ် ရေရှားပါးနေကျ ကျေးရွာများမှာ မကြာမီ ရောက်လာတော့မည့် အယ်လ်နီညိုရာသီဥတု ကြောင့် ရေရှားပါးနိုင်သည်ဆို၍ ကျေးရွာသူ ကျေးရွာသားအချို့ စိတ်ပူပန်နေကြရပြီ ဖြစ်သည်။
လွန်ခဲ့သောနှစ်များစွာက ရေရှားပါးမှုဒဏ် တွေ့ကြုံခဲ့ရသဖြင့် လာမည့် အယ်လ်နီညိုရာသီဥတုအပေါ် စိုးရိမ်ကြီးနေသူတွေ ရှိကြပါ၏။ ထိုသူတွေထဲ တံတားဦးမြို့နယ် ကြိုးကြာဥကျေးရွာမှ အသက်(၇၇)နှစ်အရွယ် အဘွားဒေါ်ဥလည်း ပါဝင်၏။

အဘွားဒေါ်ဥတို့ ကြိုးကြာဥကျေးရွာက ရေချိုမရ၊ ရေငန်တောင် မနည်းရအောင် လုပ်ထားရသည့်ရွာ။ အဘွားဒေါ်ဥတို့ ငယ်စဉ်ကတော့ ရေတစ်အိုးလေးရဖို့ အရေး ရွာနှင့်အသွားအပြန် တစ်နာရီကျော်လောက် ကြာသည့်နေ ရာသို့ ရေသွားခပ်ရ၏။ နေ့ခင်းတွင် ရေခပ်သူများ၍ ညရေး ညဘက်တွေပါ ဓာတ်မီးတစ်လက်ဖြင့် သွားခပ်ရသည့် ညတွေလည်း အများကြီး။ မြွေကြောက်၊ ကင်းကြောက်၊ သရဲတစ္ဆ ကြောက်လှသော်လည်း ကိုယ့်အိမ် ရေရဖို့အရေး အရဲစွန့်ကာ သွားခပ်ခဲ့ရသည် ဟု အဘွားဒေါ်ဥက ပြောပြသည်။
ယခုအချိန်တွင်တော့ အဘွား ဒေါ်ဥတို့ ကြိုးကြာဥကျေးရွာမှာ ယခင်တုန်းကလောက် ရေမရှား တော့သော်လည်း ပေါများလှသည် တော့ မဟုတ်သေး။ သာ၍ဆိုးသည်က ဒီနှစ် အယ်လ်နီညိုလာ ကာ ရေရှားပါးမည့် သတင်းတွေ ကြားထား၍ စိတ်ပူမိသည်ဟု အဘွားဒေါ်ဥက ဆိုပါသည်။ သို့သော် စိတ်ပူသည်ဆိုသော်လည်း ဘာကဘယ်လိုစပြီး ပြင်ဆင်ထားရမည်မှန်းလည်းမသိ။ အသက်လည်းကြီးနေပြီဖြစ်၍ ရေများရှားလာခဲ့လျှင် ဒုက္ခတွေ့မှာစိုးရိမ်မိသည်ဟု အဘွားဒေါ်ဥကဆိုပါသည်။ ကြိုးကြာဥရွာမှ အသက်(၆၂)နှစ်အရွယ်ရှိ ဦးငွေညွန့်ကလည်း ဒေါ်ဥကဲ့သို့ပင်။ ‘‘အိမ်မှာက လူလွတ် မရှိတော့ ရေတစ်ပုံးရှိရင် ပေးရကမ်းရတာပေါ့။ သောက်ရေရှား မှာကိုတော့ စိုးရိမ်မိတယ်’’ဟု ဦးငွေညွန့်က ဆိုပါသည်။
 မိုးခေါင်ရေရှားလွန်းသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေကလည်း အယ်လ်နီ ညိုကို စိုးရိမ်နေကြပါ၏။ ဧရာဝတီမြစ်နှင့် နှစ်မိုင်ခန့်သာ ကွာဝေးသော်လည်း မြစ်နှင့် ရွာတွေအကြား မင်းဝံတောင်ရိုးကြီး ခြားနေသည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာလည်း နှစ်စဉ်ရေရှားပါးမှုပြဿနာ ကြုံနေရသည့်အထဲ အယ်လ်နီညို ၀င်ရောက်မည်ဟု သတင်းကြားထားသည့်အတွက် စိုးရိမ်ပူပန်နေကြရပြီဖြစ်သည်။
ထိုကျေးရွာတွေကလည်း မိုးရေလှောင်ကန်ကိုသာ အားထားရ သည့်ကျေးရွာတွေ။ ရွာမှာ ရေဘုံပိုင်တူးသော်လည်း ရေချိုမထွက် ရေငန်ခါးတွေသာ ထွက်သည့်ရွာတွေဖြစ်သည်။ ထွက်လာသည့် ရေငန်တွေကလည်း သောက်ဖို့
မပြောနှင့်။ သုံးဖို့တောင် ကောင်းကောင်းအဆင်မပြေ။ ချိုးပြီဆိုလည်း ဆပ်ပြာက တွန်းမရ။  ချောကျိချောကျိနှင့်။ ‘‘နည်းနည်းခေတ်မီတဲ့သူတွေကတော့ စိုးရိမ်မှုရှိကြတယ်။ အခုက အပူဒဏ်ကလည်း ပြင်းလာပြီ။ အခုတောင် ရွာရှိလူဦးရေနဲ့ ကန်ကရေက သိပ်တောင်မမျှသလောက် တောင် ဖြစ်လာပြီ’’ဟု စစ်ကိုင်းမြို့ နယ် တလိုင်းရွာမှ ဦးကျော်ရှိန်က ပြောပြသည်။ ဦးကျော်ရှိန်တို့ ငယ် စဉ်က တလိုင်းရွာတွင် ရေရှားပါးမှု တွေ အပြင်းအထန် ကြုံတွေ့ဖူး သဖြင့်
နဂိုရေခံ၊ မြေခံမကောင်း သည့် သူတို့ရွာ ရေရှားပါးမှုတွေ ကြုံရမှာ စိုးရိမ်နေကြရသည်။
ထို့ကြောင့် စစ်ကိုင်းမြို့နယ်ထဲက မင်းဝံတောင်ရိုး အနောက်ဘက် ရေရှားသည့် ကျေးရွာတွင် အယ်လ်နီညို ရာသီဥတုအတွက် ပြင်ဆင်မှုတွေ လုပ်နေကြရသည်။ ထိုပြင်ဆင်မှု ပြုလုပ်နေသည့် ကျေးရွာတွေထဲ ရေအရှားပါးဆုံး ကျေးရွာတစ်ခုဖြစ်သည့် တောင်ရင်းကျေးရွာ၌ ယခုမတ်လဆန်းပိုင်း အတွင်းကပင် အစည်းအဝေး ခေါ်ယူကာ အယ်လ်နီညိုအတွက် စတင် ပြင်ဆင်နေကြပြီဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၄ လောက်က တည်းက စီစဉ်နေသည့် မြစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော်ရန် တိုင်ပင်ကြတာဖြစ်သည်။

အချို့နေရာများတွင် ရေတွင်းများ ရေခန်းခြောက်စပြုလာနေသည်။

ဓာတ်ပုံ - ညီညီဇော်
ဧရာဝတီမြစ်ရေကို စက် ဖြင့်မောင်း၊ ပိုက်ဖြင့်သွယ်ပြီး မင်းဝံတောင်ရိုးကြီးပေါ်မှတစ်ဆင့် ရေသွယ်ယူရန် စီစဉ်ကြတာဖြစ်သည်။
 သို့သော် ထိုအတွက် ရေကော်မတီလေးဖွဲ့ကာ သောက်သုံးရေ လွယ်ကူအောင် စီမံကြသည်။
သို့သော် တောင်ရင်းရွာနှင့် ဧရာဝတီမြစ်က နှစ်မိုင်လောက်ဝေးကွာသည့်အပြင် ကြားထဲတွင် မင်းဝံတောင်ရိုးကြီးက ခံနေသည်။
 မင်းဝံတောင်ရိုးကြီးရဲ့ တောင်တက် တောင်ဆင်းလမ်း တွေကိုက ပေလေးထာင်ကျော် ရှည်လျားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ထိုစီမံကိန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည်များကိုလည်း
ရပ်ရွာအတွင်း ငွေကြေး တောင့်တင်းသူအချို့က လှူဒါန်းရန် စီစဉ်နေကြသည်။
ထိုစီမံကိန်းက ရွာတိုင်းတော့ မရနိုင်။ စီမံကိန်းနှင့်ဝေးသည့် ကျေး ရွာတွေက အနည်းငယ်တော့ စောင့်ရလေဦးမည်။
ဌာနဆိုင်ရာကတော့ မြစ်ရေတင်စီမံကိန်းအတွက် ကျေးရွာလေးရွာခန့်ကို လျာထားသည်။ ထိုရွာတွေမှာ ရေလှောင်ကန်ကြီးတွေ တည်ဆောက်ကာ ထိုရေလှောင်ကန်တွေကတစ်ဆင့် တစ်အိမ်ချင်းစီ ပိုက်ဖြင့် သွယ်ယူကာ မီတာစနစ်ဖြင့် သုံးစွဲရန် စီစဉ်ထားသည်။
သို့သော် ရွာသူရွာသားတွေကတော့ ရေလှောင်ကန်တွေ၊ ရေမီတာတွေ၊ တစ်အိမ်ချင်းစီ ရေကန်တည်ဆောက်တာတွေက အချိန်က ကြာနိုင်သည်။ အယ်လ်နီညိုက လာတော့မည်။ အယ်လ်နီညိုမလာခင်လေး ရွာထဲက မြေသားကန်တွေဆီ မြစ်ရေကိုသွယ်ယူပြီး ရေအပြည့်ဖြည့်ထားချင်ကြသည်။ ထို့ကြောင့် ဌာနကို စာတင်မည် ဟု တောင်ရင်းရွာအုပ်ချုပ်ရေးမှူး ဦးတူးက ပြောပြသည်။
‘‘ရွာကရေရှားမှာကို စိုးရိမ် ကြတယ်။ ရေတကယ်ရှားပြီဆိုရင် ကိုယ့်လုပ်ငန်းကို မလုပ်ရတော့ဘူး။ သည်ရေလေးရဖို့အရေး နေကုန်၊ နေခန်း အားစိုက်ကြရတာ’’ဟု ဦးတူးက ပြောပြသည်။
 မြစ်ရေတင်စီမံကိန်းက လည်း အယ်လ်နီညိုကြောင့် လတ်တလော ရေရှားမည့်ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း ရေပြဿနာ ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုတော့ မဟုတ်သေးပေ။
အဘယ်ကြောင့်ဆိုသော် ဧရာဝတီမြစ်ရေ ရေကြောင်းပြောင်းလဲသွားပါက ရေစုပ်တင်ဖို့ ဘယ်လိုမှမရတော့။ သို့သော်လည်း လာမည့် အယ်လ်နီညိုအရေး မြစ်ရေတင်စီမံကိန်းလေးဖြင့် ဖြေရှင်းနိုင် လောက်မည်ဟုတော့ တောင်ရင်းရွာသူရွာသားတွေ မျှော်လင့်ထားကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ လေ့လာတွေ့ ရှိချက်များအရ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မြို့နယ်ပေါင်း ၁၇၆ မှ ကျေးရွာပေါင်း ၁၇၆၁ ရွာသည် မတ်လ၊ ဧပြီလနှင့် မေလများတွင် သောက်သုံးရေပြတ်လပ်နိုင်သည့် အခြေအနေရှိသည်ဟု ခန့်မှန်းထားသည်။ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က အယ်လ်နီညိုဖြစ်စဉ်ကို ဇွန်လအ ထိ ရင်ဆိုင်ရနိုင်ပြီး အပူချိန်ကြောင့် သောက်သုံးရေရှားပါးမှု ပြဿနာကလည်း မြန်မာနိုင်ငံအနှံ့ ခြိမ်းခြောက်
နေကြောင်း သတိပေး ထားသည်။
ထို့ကြောင့် ကျေးရွာများအတွက် စက်သုံးဆီစရိတ် ကျပ် ၇၈ သန်းကျော်ဖိုး သုံးစွဲကာ သောက် သုံးရေ သယ်ယူပို့ဆောင်ဖြန့်ဝေပေးရန် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနက စီစဉ်နေပြီဖြစ်သည်။
 သို့သော် မတ်လအထိပင် မရောက်သေးမီ ဖေဖော်ဝါရီလကုန်ပိုင်းအထိပင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှ တစ်ရွာ၊ ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ တစ်ရွာ၊ မကွေးတိုင်း ချောက်နှင့် ပခုက္ကူမြို့နယ် တို့မှ ငါးရွာ၊ မန္တလေးတိုင်းမှ မြစ်သား၊ တံတားဦး၊ ရမည်းသင်း၊ တောင်သာ၊ ပျော်ဘွယ်၊ ပုသိမ်ကြီးနှင့် ညောင်ဦးမြို့နယ်တို့မှ ၂၁ ရွာ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ တစ်ရွာနှင့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှ လေးရွာ စုစုပေါင်းကျေးရွာ ၃၃ ရွာက ရေအကူအညီတောင်း ခံနေပြီဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဆိုထားသည်။
ကျေးရွာတွေမှာ ရာသီဥတုနှင့် ပတ်သက်၍ ဗဟုသုတရှိသူ၊ နဂိုရေရှားရသည့်အထဲ ရာသီဥတု ဖောက်ပြန်၍ ရေပိုမိုရှားပါးမှုဒဏ် ကိုယ်တွေ့ ဒုက္ခခံဖူးသူတွေက တော့ အယ်လ်နီညိုအတွက် စိုးထိတ်လို့ နေရပါပြီ။
သို့သော် ယမန်နှစ်က မိုး ကောင်းခဲ့၍ ရွာကကန်ထဲ ရေတွေ မြင်တွေ့နေရသေးသဖြင့် တချို့က တော့ စိတ်အေးလက်အေးပင်။
အယ်လ်နီညိုအတွက် ကြိုတွေးကာ စိုးရိမ်နေသူ တလိုင်းရွာသားကြီး ဦးကျော်ရှိန်က ‘‘အခုခေတ်လူတွေက ရေကလေး တစ်ပုံးရဖို့အရေး ခဲရာခဲဆစ်မဖြစ်ဖူးတော့ မကြောက်တတ်ဘူးပေါ့’’ ဟု ဆိုလိုက်ပါတော့သည်။  

ဓားပြပူ၍ အိပ်မပျော်နိုင်ကြသူများ


ဓါးပြအ၀ိုင်းခံရသည့် ကိုမှတ်ကြီးတို့နေအိမ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)
ရာဇ၀င် သမိုင်းအစဉ်အလာ ကြီး မားခဲ့သည့် သမိုင်းဝင် အင်းဝမြို့ ဟောင်း၏ ဧရာဝတီမြစ်ကမ်း နားတွင် နေထိုင်ကြသော ကျေး လက်နေ တောသူတောင်သား များ ယခုရက်ပိုင်းအတွင်း စိုးရိမ် ပူပန်မှုများစွာဖြင့် ရင်ဆိုင်နေရ ပါသည်။
အင်းဝမြို့ဟောင်းဆင်ကျုံးခံတပ်အနောက်ဘက်ရှိ ငါးရာပြားကျေးရွာအပါအ၀င် ဧရာဝတီ မြစ်ကမ်းနားတစ်လျှောက် ကျေးရွာများဖြစ်သည့် လက်ဆောင်ယူ၊ ပုဏ္ဏားခြံ၊ပေါက်တော်ပေါက်မြိုင်၊ လက်ပံစင်၊ ထောက်ရစ်၊ ဥယျာဉ်၊ ကျီးပင်၊ မြေငူအစရှိသည့်ကျေးရွာများတွင်နေထိုင်ကြသည့် တောသူ တောင်သားများမှာ ယခုရက်ပိုင်း အတွင်း ညပိုင်းကာလများတွင် ကောင်းကောင်းအိပ်စက်ခွင့်မရ ကြပေ။ အဘယ်ကြောင့်ဆိုသော် ညပိုင်းအချိန်ကာလများတွင် မြစ် အတွင်းမှ စက်လှေများဖြင့် ရောက်လာကာ ရွာကို ဓားပြ၀င် တိုက်ကြသူအဖွဲ့တစ်ဖွဲ့ကို ထိတ် လန့်နေကြ၍ ဖြစ်သည်။
ယခင်က ထိုကျေးရွာအနီး တစ်ဝိုက်တွင် ပစ္စည်းခိုးသူများ သောင်းကျန်းခဲ့သည်။ နောက်ပိုင်း တွင် တစ်နှစ်လျှင်တစ်ကြိမ်ခန့် လုယက်မှုတွေ ကြားလာရသည်။ ယခုတော့ ထိုအဆင့်တွေထက် ကျော်လွန်လာခဲ့သည်။ ၂၀၁၆ ဇန်န၀ါရီအတွင်းက မြစ်အတွင်း ဆိုက်ကပ်ထားသော သင်္ဘော တစ်စီးကို လူတစ်စုက ဓားပြတိုက် ခဲ့ရာမှ ဇာတ်လမ်းပြန်စခဲ့သည်။ ဓားပြတိုက်မှုအဆင့်အထိ ဖြစ် ပေါ်လာ၍ ရေကြောင်း ရဲတပ်ဖွဲ့ ကလည်း အမြန်သွားရေယာဉ် ငယ်ဖြင့် ထိုကျေးရွာများတစ်ဝိုက် လှည့်ကင်း ဆောင်ရွက်ပေးခဲ့ သည်။သို့သော်ပြီးခဲ့သည့် ဖေဖော် ၀ါရီလကုန်ပိုင်းတွင်မူ ထိုဓားပြ အဖွဲ့က ကုန်းပေါ်အထိ တက်ရောက်ခဲ့ပါတော့သည်။
ဧရာဝတီမြစ်ကမ်းဘေး ငါး ရာပြားကျေးရွာအရှေ့ဘက် ဘုရား တစ်ဆူဘေးတွင် နမ့်ခမ်းမှ ဖရဲ လာစိုက်သည့် ကိုစိုင်းအောင်ဘ တို့ အဖွဲ့နေထိုင်သော ဖရဲကွင်းထဲသို့ဓားပြအဖွဲ့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီမြစ်အတွင်း စက်လှေသံများကြားကတည်းက ဓားပြအဖွဲ့လာနေပြီဆိုသည်ကို ကိုစိုင်းအောင်ဘနှင့် သူ့အမျိုးသမီး တို့ သိခဲ့သည်။ ထို့ကြောင့် ရွာထဲမှ ရင်းနှီးနေသည့် ကိုမှတ်ကြီးအပါ အ၀င် နီးစပ်ရာတွေကို ဖုန်းခေါ် သည်။ သို့သော် မမီတော့။ ဓားပြ အဖွဲ့တွင် လှံများ၊ ငှက်ကြီးတောင် ဓားများ၊ လေးခွများပါလာသည် ဟုဆိုသည်။ ရွာထဲက အဖွဲ့တွေ လာတော့ ဓားပြအဖွဲ့တွေပြန်သွား ပြီဖြစ်ပြီး ငွေသားနှင့်လက်ဝက် လက်စားတွေပါသွားသည်။ ကိုစိုင်းအောင်ဘ၊ သူ့အမျိုးသမီး နှင့် ဖရဲကွင်းထဲနေသည့် အလုပ်သမားနှစ်ဦးမှာလည်း ဒဏ်ရာတွေ ရရှိခဲ့သည်။ ကိုစိုင်းအောင်ဘမှာ မျက်လုံးနှစ်ဖက်လုံး ထိခိုက်မိသွား ခဲ့ပြီး ယခုအချိန်အထိ ဆေးကုသ နေရဆဲဖြစ်သည်ဟု ငါးရာပြား ကျေးရွာသူရွာသားများက ပြော သည်။

ဓားပြ၀င်သည့် တံတားဦးမြို့နယ် အင်းဝမြှို့ဟောင်းရှိငါးရာပြားကျေးရွာအ၀င် (ဓာတ်ပုံ - ညီညီဇော်)
ဇာတ်လမ်းက ထိုတင်မပြီး သေးပါ။ ကိုစိုင်းအောင်ဘနှင့်ရင်းနှီးသည့် ငါးရာပြားကျေးရွာနေ ကိုမှတ်ကြီးတို့အိမ်လည်း ဓားပြ အ၀ိုင်းခံခဲ့ရပါသေးသည်။ ပြီးခဲ့ သည့် မတ်လ ၁၅ ရက် ညဥ့်သန်းခေါင် ၁ နာရီ ကျော်တွင်ကိုမှတ်ကြီးတို့ တစ်ထပ်တိုက်ကလေး ပတ်ပတ်လည်သို့ ဓားပြများဝိုင်းလာခဲ့ သည်။ ကိုမှတ်ကြီးတို့အိမ်က အ နည်းငယ် ချောင်လည်ရုံရယ်၊ နောက်ပြီး ဓားပြရန်ကြောက်၍ ကိုမှတ်ကြီးတို့အိမ် လာတည်းခို နေသည့်ဖရဲစိုက် ရှမ်းတောင်သူ များကလည်း ရှိနေတာရယ် ကြောင့်ထင်သည်။ ဓားပြတွေ စိတ်ထဲ ရှမ်းတောင်သူတွေ လုပ် ငန်းသိမ်း ပိုက်ဆံရှိမည်ထင်၍ ကိုမှတ်ကြီးအိမ် ၀ိုင်းကြသည်။ ဓားပြအချို့ဝိုင်းနေချိန် ကိုမှတ်ကြီး ဆီဖုန်းတစ်ခုဝင်လာသည်။ ကိုမှတ်ကြီးဖုန်းအား သူ့ဖုန်းဟုဆို ကာ စကားမရှိစကားရှာပြီး လျှောက်ပြောနေသည်။ ကိုမှတ် ကြီးကတော့ သူတို့အိပ်၊ မအိပ် ဖုန်းမှားချင်ယောင်ဆောင်ကာ ခေါ်သည်ဟုထင်သည်။ ကိုမှတ် ကြီးကလည်း ရွာထဲကလူတွေဆီ ဖုန်းဆက်ခေါ်တော့ လူတွေဝိုင်း လာချိန် ဓားပြတွေပြန်ပြေးသွားခဲ့ သည်။
ဓားပြတွေပြန်သွားတော့ ည က ခေါ်သည့်ဖုန်းဆီ ကိုမှတ်ကြီး ပြန်ခေါ်သည်။ ကိုမှတ်ကြီးက ဓား ပြဟုစွပ်စွဲလိုက်တော့ ဟိုဘက်က ဒီနေ့ညတော့ မရသွားဘူး။နောက် ညတော့ ပြန်လာမည်ဟု ခြိမ်း ခြောက်သွားခဲ့သည်။ ဖုန်းထဲမှ လည်း စက်လှေမောင်းသံများ ကြားခဲ့ရသည်ဟုဆိုသည်။
ကိုမှတ်ကြီးအိမ်အ၀ိုင်းခံရ ပြီးနောက် ငါးရာပြားရွာသူရွာသား တွေ အေးအေးမနေရဲတော့ပါ။ လူငယ်အင်အားစုများဖြင့် လုံခြုံ ရေးအင်အားအဖွဲ့ဖွဲ့ကာ လူ ၃၀ ကျော်ဖြင့် ကင်းစောင့်၊ကင်းလှည့် ကြသည်။ လက်ထဲတွင်လည်း ဘက်ခွများ၊ အရပ်လုပ် ဒိုင်းအ ကာများဆောင်ကာ လှည့်လည် ကြသည်။ ရွာထဲမှ မိန်းမသားများ ကလည်း ကင်းသမားများ စား သောက်ကြရန် ထမင်းဟင်းများစီ စဉ်ပေးကြသည်ဟု ငါးရာပြား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်း တင့်က ဆိုပါသည်။ ယောကျာ်း သားများကင်းလှည့်ပေးနေသော် လည်း မိန်းမသားနှင့် ကလေးငယ် များ ရဲရဲမအိပ်ရဲ။ ဧရာဝတီမြစ်အ တွင်း စက်လှေသံများ ကြားလာရ လျှင် ထိတ်လန့်ကြရသည်ဟု ငါးရာပြားရွာမှ အမျိုးသမီးများက ဆိုသည်။
ငါးရာပြားရွာတွင် ရွာအ တွင်းထိ ဓားပြများဝင်လာခဲ့တော့ အနီးအနားရွာတွေလည်း လန့်လာကြတော့သည်။ ညဘက် မြစ်အတွင်း ထူးခြားဖြစ်စဉ်များရှိလာ လျှင် တစ်အိမ်နှင့်တစ်အိမ်ဖုန်း ဆက်ပြီး သတင်းပို့ကြရန် တိုင်ပင် ထားသည်ဟု ပုဏ္ဏားခြံရွာသား တစ်ဦးက ဆိုသည်။
ယခင်နှစ်ပိုင်းကလည်း မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း ဆိုက်ကပ်ထားသော သင်္ဘောနှင့် မော်တော်များပေါ်မှ ပစ္စည်းများ အား လုယက်သောအဖွဲ့များ သောင်းကျန်းခဲ့သည်။ ထိုအဖွဲ့ များထဲမှ ဆယ်ဦးကို ၂၀၁၆ ဇန်န၀ါရီအတွင်းက မတ္တရာမြို့နယ် ဧရာဝတီမြစ်အတွင်း ရောက်မဆုတ်ကျွန်း၌ ဖမ်းမိခဲ့သည်။ ယခု အင်းဝတွင်ဖြစ်ပေါ်နေသော ဓားပြ တိုက်ဖြစ်စဉ်များမှာ ထိုအဖွဲ့သား များမဟုတ်နိုင်သော်လည်း ခေါင်း ဆောင်ပိုင်းဆိုင်ရာ ဆက်စပ်မှုများ ရှိနိုင်သည်ဟု အမည်မဖော်လို သည့် မန္တလေးမြို့ ရေကြောင်းရဲ တပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာ ကျေးရွာ တစ်လျှောက်တွင် ရေကြောင်းရဲ တပ်ဖွဲ့အပြင် တံတားဦး၊ အမရပူ ရ၊ စစ်ကိုင်းမြို့နယ်များမှ ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးတာဝန် ယူပေးထားသည်ဟု တာဝန်ရှိသူက ဆိုသည်။ ကျေးရွာလုံခြုံရေး အဖွဲ့ရော ရဲတပ်ဖွဲ့ဝင်များပါ ကင်းလှည့်နေပါလျက်ရွာထဲအထိ ၀င်လာခဲ့ခြင်းနှင့်ပတ်သက်၍ ဓားပြအဖွဲ့မှာ ရဲတင်းလွန်းသည်ဟု ရွာသူရွာသားများက မှတ်ချက်ပေးကြသည်။ ရေကြောင်းရဲတပ်ဖွဲ့က တော့ ၎င်းတို့အနေဖြင့် ညအချိန်ဖြစ်၍ ခရီးမတွင်ခြင်း၊ မြစ်အတွင်းရေကြောင်းကျယ်ခြင်း၊ ရွာစဉ်အလိုက် လှည့်လည်နေရခြင်းတို့ကြောင့် ၎င်းတို့အဖွဲ့အခြားရွာနားရောက်နေချိန် အလစ်ဝင်သွားခြင်းဖြစ်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။ ‘‘ဒေသခံတွေအနေနဲ့ ပူး ပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်။ ရပ်ရွာ လုံခြုံရေးအသိအပြည့်အ၀ နဲ့ ကာကွယ်စောင့်ရှောက်ပြီး ရွာ ချင်းဆက်တိုက်ကလည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စမ အောင်မြင်စရာမရှိပါဘူး’’ ဟု ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
‘‘အိပ်မပျော်တဲ့ ညတွေများ နေပြီ။ ယောက်ျားသားတွေလည်း ညကင်းစောင့်၊ နေ့အလုပ်လုပ် တော့ တော်တော်ပင်ပန်းနေကြ ပါပြီ’’ဟု ငါးရာပြားကျေးရွာမှ အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
ရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက်ပေးနေသော်လည်း ကျေးရွာဒေသခံများကတော့ အားမရကြပေ။ သံသယရှိသူဟု ယူဆရသူများသည် မြစ်အတွင်း ကျွန်းများပေါ်တွင် နေထိုင်နေကြ သည်ဟု ပြောကြားကြပြီး ခေါင်း ဆောင်အပါအ၀င် တစ်ဖွဲ့လုံး အား အမြန်ဖမ်းဆီးပေးရန် ဆန္ဒ ရှိနေကြသည်။ ထိရောက်သည့် လုံခြုံရေးအစီအမံများ ဆောင် ရွက်ပေးရန် လိုလားနေကြပါ သည်။ အင်းဝမှ ဓားပြဇာတ်လမ်း က လတ်တလောပြီးဆုံးရန် မ လွယ်သေးပေ။ အိမ်အ၀ိုင်းခံရပြီး ဖုန်းဖြင့်ပါ ပြန်လာမည်ဟု ခြိမ်း ခြောက်ခံလိုက်ရသည့် ကိုမှတ် ကြီးအပါအ၀င် ရွာသူရွာသားများ ကတော့ ဓားပြများပြန်လာမည့် ရက်ကို ရင်တထိတ်ထိတ်ဖြင့် ည စဉ်ညတိုင်း အိပ်ရေးတွေပျက်ကာ စောင့်နေရဦးမည်ဖြစ်သည်။

စာအုပ်အငှားဆိုင် ကွယ်လွန်ခြင်း

ပိတ်သိမ်းလိုက်သည့် မေပုလဲစာအုပ်အငှားဆိုင်သို့ စာအုပ်အဟောင်း လာဝယ်သော ကလေးငယ်တစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်
မန္တလေးမြို့ ၁၉ လမ်းနံဘေး အထည်ဆိုင်တစ်ခု၏ နောက်ကျောဘက်တွင် ‘မေပုလဲ’ဟု အမည်ရသည့် စာအုပ်အငှားဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ထိုစာအုပ်အငှားဆိုင်လေးအတွင်း ခန်းလုံးပြည့်တည်ရှိနေသော မြင့်မားလှသည့် စာအုပ်စင်ကြီးများ ပေါ်မှ သပ်ရပ်စွာစီထားသည့် စာအုပ်များကို ဆိုင်ကြမ်းပြင်ပေါ်သို့ ဆွဲချနေကြသည်။ စာအုပ်တွေက ဆိုင်ကြမ်းပြင်ပေါ်မှာ ဟိုနေရာတစ်စု သည်နေရာတစ်စုဖြင့် ပြန့်ကျဲလျက်။ ကိုယ်ကြိုက်နှစ်သက်သည့် စာအုပ်တွေကို ရွေးယူရင်း စာအုပ်အငှားဆိုင်ပိုင်ရှင် အမျိုးသမီးကြီးအား ဈေးနှုန်းမေးမြန်းကာ ငွေချေကြသည်။ ငွေချေပြီးနောက် တချို့က စာအုပ်တွေကို ပီနန်ကြိုးဖြင့် စည်းနှောင်နေကြသည်။ တချို့ကတော့ ပီနန်အိတ်တွေထဲ ထည့်နေကြသည်။

နှစ်ပေါင်း ၂၅ နှစ်နီးပါး သက် တမ်းရှိပြီဖြစ်သည့် မေပုလဲစာအုပ်အငှားဆိုင်လေး ဖြုတ်သိမ်းတော့မည်ဖြစ်၍ စာအုပ်ဝါသနာအိုးများက လာရောက်ဝယ်ယူနေကြခြင်း ဖြစ်သည်။ စာအုပ်ဝယ်နေသူတွေက သည်လောက် များသည့် စာအုပ်တွေ၊ ဖြတ်သန်းလာခဲ့သည့် နှစ်များစွာကို တွေ့မြင်ကြားသိရင်း စာအုပ်အငှားဆိုင်လေး ဖြုတ်တော့မည်ကို စိတ်မကောင်းဖြစ်ကြသည်။
သူတို့တွေနည်းတူ အသက် (၅၀)ကျော်အရွယ် ဒေါ်မြင့်မြင့်ခိုင်သည်လည်း စိတ်ထဲလွန်စွာထိခိုက်နေရပါသည်။ ‘‘သားသမီးတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစား ရတယ်’’ဟု မေပုလဲစာအုပ်အငှားဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။ တကယ်ဆို ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် သည်စာအုပ်အငှားဆိုင်လေးကို ဖြုတ်ပစ်ဖို့ ဆန္ဒမရှိခဲ့ပေ။
ဖခင်ကိုယ်တိုင်က မန္တလေးမြို့မှာ စာပေဖြန့်ချိရေးလုပ်ငန်း တွေလုပ်ခဲ့သူမို့ ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် ငယ်စဉ်ကတည်းက စာအုပ်များဖြင့် ရင်းနှီးခဲ့သူဖြစ်သည်။ အိမ် ထောင်ကျတော့လည်း စာအုပ်အ ငှားဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့သည်။ မိဘအိမ်တွင် ဆယ်နှစ်၊ ၁၉ လမ်း အမျိုးသားအိမ်ဘက်တွင် ၁၅နှစ်၊ ပေါင်းလျှင် နှစ်ပေါင်း ၂၅ နှစ်ကျော် သည်စာအုပ်ဆိုင်လေးဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့သည်။
အိမ်ထမင်းအိုး တည်နိုင် လောက်အောင်လည်း စာအုပ်ဆိုင်ကလေးက ဖြစ်ထွန်းခဲ့ပါသည်။ တစ်ရက်တစ်ရက် အုပ်ရေနှစ်ရာ ကျော် ငှားရသည်။ နာမည်ကြီးစာ ရေးဆရာတွေရဲ့ ၀တ္ထုတွေ အသစ်ထွက်ပြီဆိုလျှင် အလုအယက်ငှား ကြလွန်း၍ တစ်မျိုးငါးအုပ်အထိတောင် ထားပေးခဲ့ရသည်။ ညနေ ၃ နာရီ ရန်ကုန်ရထား ၀င်ပြီးပြီဆိုလျှင် ဒေါ်မြင့်မြင့်ခိုင် စက်ဘီး ကလေးဖြင့် မြို့ထဲ စာအုပ်အ၀ယ် ထွက်သည်။ ပြန်လာလျှင် စာအုပ် ချုပ်သည်။ စာကြမ်းပိုးတွေက စာအုပ်အသစ်ရချင်လွန်း၍ စာအုပ်ချုပ်နေတာကို ထိုင်စောင့်ကာ ငှားကြသည်။
စာအုပ်အသစ် ထွက်ပြီဆိုတာနဲ့ ငှားချင်သူတွေ ၀ိုင်းဝိုင်းလည်ကာ အလုအယက်ဖြစ်ကြသည်မို့ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်အသစ်ဆို တစ်နေရာမှာ သွားဝှက်ထားရသည်။ ‘‘စာအုပ်အသစ်ထွက်ပြီဆို လိုချင်တဲ့သူက များလွန်းလို့ ၀ှက်တောင် ငှားရတယ်။ မအပ်သေးလို့ ဘာလို့ ညာပြောရ တယ်။ ငါးပါးသီလထဲက တစ်ပါး တော့ ကျူးလွန်ရတာပဲ’’ဟု ဒေါ် မြင့်မြင့်ခိုင်က လွမ်းဆွေးစွာ ဆို သည်။
 ထိုစာအုပ်အငှားဆိုင်လေး က အိမ်ထမင်းတည် အိမ်စရိတ်ထိန်းရုံသာမက သုံးလလောက်နေ လျှင် ရွှေတစ်ကျပ်သားလောက်ကို ၀ယ်နိုင်သည်ဟု ဒေါ်မြင့်မြင့်ခိုင်က စာအုပ်အငှားဆိုင်လေး၏ ရွှေရောင်ကာလကို
ပြန်ပြောင်းပြောပြခဲ့သည်။
တစ်နေ့တစ်နေ့ ရာချီငှားရသော ဒေါ်မြင့်မြင့်ခိုင်၏ ဆိုင်လေးသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှာတော့ စာအုပ်ငှားအားတွေ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ထိုအချိန်က မှတ်မှတ်ရရ နိုင်ငံခြားဖုန်းလိုင်း ကုမ္ပဏီတွေ အသီးသီး ၀င်ရောက်လာပြီးနောက် ဖုန်းတွေ ပေါပေါများများ စတင်သုံးနေကြချိန် ဖြစ်သည်။ နှစ်ရာမှ တစ်ရာ၊ တစ်ရာမှ သုံးဆယ်လောက်အထိ စာအုပ်ငှားအား ကျဆင်းလာသောအခါ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်ဆိုင်လုပ်ငန်းဖြင့် ဆက်လက်ရပ်တည်နိုင်ရန် သင့်၊ မသင့် စဉ်းစားရတော့သည်။ ဆိုင်လာငှားနေကျ ဖောက်သည်တွေကတော့ မ ပိတ်စေချင်။ နောက်ဆုံး မိသားစုနှင့် တိုင်ပင်ကာ စာအုပ်ဆိုင်နေရာကို အထည်ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချရတော့သည်။
 စာအုပ်အငှားဆိုင်လေးများ တဖြုတ်ဖြုတ် ပျောက်ကွယ်သွားရခြင်း အကြောင်းရင်းများတွင် ခေတ်မီနည်းပညာများ တိုးတက်လာသဖြင့် အခြားဖျော်ဖြေရေးများ အပေါ် အာရုံရောက်သွားခြင်း၊ စာအုပ်တစ်အုပ် ဖတ်ရခြင်းထက် ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့ခြင်း၊ အင်တာနက် ချက်တင်ထိုင်ခြင်းများကိုသာ ပျော်မွေ့လာကြခြင်း၊ စာအုပ်ဖြန့်ချိရေးစနစ်များ အားနည်းခြင်း၊ စာအုပ်ဈေးနှုန်းများကြီးမြင့်ခြင်း အစရှိသည့် အချက်များလည်း ပါဝင်ကြောင်း  စာအုပ် အငှားဆိုင်ရှင် အချို့က ဆိုပါသည်။
အမရပူရမြို့တွင် ၁၉၉၃ ကတည်းက စာအုပ်အငှားဆိုင် တည်ထောင်ခဲ့ပြီး ယခုအချိန်အထိ  ဆက်လက်လုပ်ကိုင်နေဆဲ အင်ပါယာစာပေမှ မစန်းစန်းအေးကတော့ စာအုပ်ငှားဖတ်သူအချို့ ရှိနေဆဲ ဖြစ်သော်လည်း စာအုပ်
ဈေးနှုန်းများ ကြီးမြင့်လာ၍ ငှားခဈေး တက်ရသောကြောင့် ယခင်က လောက် ငှားရမ်းဖတ်ရှုနိုင်မှု မရှိ တော့ခြင်း၊ စာစတင်ဖတ်သူများ  အား စာဖတ်ဝါသနာပါလာအောင် ဆွဲဆောင်စေသည့် အပျော်ဖတ်လိုင်းစာအုပ်များ အထွက်ကျဲသွားခြင်း အစရှိသည့် အချက်များက လည်း စာအုပ်ဆိုင်များ ပြိုဆင်း သွားရခြင်းဖြစ်ကြောင်း ပြောပြသည်။
‘‘ကာတွန်းဆို အရင်က တစ်ရက်ခြားတစ်ခါ လေးငါးဆယ်အုပ် ထွက်တာ။ အခုဆို တစ်ပတ် တစ်အုပ်လောက်ပဲ ထွက်တော့တယ်။ ၀တ္ထုလိုင်းဆိုရင်လည်း နာမည်ရ စာရေးဆရာတွေ မထွက်ကြတော့ဘူး။ စုံထောက်လိုင်းလည်း မင်းမြတ်သူရ တို့လောက်ပဲ ရှိတော့တယ်။ သိုင်းဆိုလည်း ပျောက်သွားပြီ’’ဟု မစန်းစန်းအေးက ဆိုသည်။
 စာအုပ်အငှားဆိုင်လေးများ တစ်ဆိုင်ပြီးတစ်ဆိုင် ပျောက်ဆုံး သွားရခြင်း အတွက် ၀မ်းနည်းမိကြောင်း ကိုယ်တိုင်လည်း စာအုပ်အငှားဆိုင် ဖွင့်ခဲ့ဖူးသူ မန္တလေးမြို့မှ စာရေးဆရာ ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘စာအုပ်အငှားဆိုင် ကွယ် လွန်ခြင်းလို့ ခံစားရတယ်။ အငှားဆိုင်ယဉ်ကျေးမှုက စာကောင်းပေကောင်းတွေ ဖတ်ခွင့်ရဖို့အတွက် လူတွေကို နေရာထိုင်ခင်းပေးခဲ့ တာ။ နိဗ္ဗာန်ဘုံတစ်ခု ပျောက်ဆုံးသွားတယ်လို့ ခံစားရတယ်။ ၀မ်းအနည်းဆုံးကတော့ တို့မြန်မာလူမျိုးတွေ စာမဖတ်တော့ဘူးဆိုတဲ့ သက်သေတစ်ခု ၀မ်းနည်းစွာနဲ့ ပြလိုက်ရတယ်လို့ မြင်တယ်’’ဟု ၎င်းကပြောသည်။
‘‘စာအုပ်အငှားဆိုင်တစ်ဆိုင် ကွယ်လွန်သွားတာက ဗြုန်းဆိုဘာ မှ မဖြစ်လောက်ဘူးထင်စရာရှိပေ မယ့် ဒါအင်မတန်ကြီးကျယ်တဲ့ တာဝန်ကြီးတစ်ခုပဲ’’ဟုဆိုကာ ခေတ် ပေါ် နည်းပညာပစ္စည်းများအား အချိန်ပိုင်းအရသုံးကာ အချိန်ပိုင်း အရ စာဖတ်ခြင်းဘက်လှည့်ပေး ရန် ဆရာဇော်ခိုင်ဦးက မေတ္တာရပ် ခံခဲ့သည်။
စာရေးဆရာများနှင့် အားလုံးဝိုင်းဝန်းကာ စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွင် မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၌ စာဖတ်ဝိုင်းများ ပျိုးထောင်ပေးရန် လိုအပ်နေသည်ဟု ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘ဒါအလုပ်ကြီးတစ်ခု။ အလုပ်သေး မဟုတ်ဘူးနော်။ ဒီအလုပ်ကြီးကို အင်တိုက်အားတိုက်ပြန်လုပ်ပေးနိုင်မှသာ စာဖတ်ခြင်းဘက် ပြန်ရောက်လာနိုင်မယ်လို့ ထင်တယ်။ ဒီအတိုင်းတော့ မလွယ်ဘူး။ ဒီတိုင်းဆို ရေစုန်မျောလိမ့် မယ်’’ဟု ၎င်းကဆိုသည်။
မေပုလဲ စာအုပ်အငှားဆိုင် ၏ ဖောက်သည်များထဲမှ ပင်တိုင်အားပေးခဲ့သူဖြစ်သည့် မန္တလေးမြို့မှ စာရေးဆရာ ဆရာသန်းနိုင်ဦးကတော့ ထိုစာအုပ်အငှားဆိုင်လေး ပိတ်ခဲ့သည့်အတွက် 7Day Daily သတင်းစာတွင် ‘‘အသိဉာဏ် ပညာများ သရောကြီးခိုင်းခြင်း’’ဟု အမည်ရသည့် ဆောင်းပါးတစ်ပုဒ်ရေးကာ လွမ်းဆွတ်ခဲ့ပါသည်။ ထိုဆောင်းပါး၏ အဖွင့်တွင် ‘‘စာအုပ်အငှားဆိုင်တွေက ဉာဏ်အလင်းဖွင့်လှစ်ပေးတဲ့ တံခါးပေါက်တွေဆိုရင် စာအုပ် အငှားဆိုင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားရတာဟာ ဉာဏ်တံခါးတွေ ပိတ်သွားတာပါပဲ’’ဟု ရေးသားကာ ထင်မြင်ချက်ပေးခဲ့သည်။
မန္တလေးမြို့မှ မေပုလဲ စာအုပ်အငှားဆိုင်လေး ထဲမှာတော့ တဖြည်းဖြည်းနှင့် စာအုပ်တွေ ကုန်စပြုနေပြီ။ မကြာမီ မေပုလဲစာအုပ်အငှားဆိုင်လေးသည် အထည်ဆိုင်တစ်ဆိုင် အဖြစ် အသွင်ပြောင်း ရတော့မည် ဖြစ်သည်။ စာအုပ်မရှိ တော့သည့် စာအုပ်စင်တွေက လူ သေကောင် အရိုးငေါငေါ ထွက်သလို အကျည်းတန်လျက် ရှိနေပါတော့သည်။

ဖြုတ်သိမ်းနေသော စာအုပ်အငှားဆိုင်
ဓာတ်ပုံ - ညီညီဇော်
ပိတ်သိမ်းလိုက်သည့် မေပုလဲစာအုပ်အငှားဆိုင်သို့ စာအုပ်အဟောင်း လာဝယ်သော ကလေးငယ်တစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်
မန္တလေးမြို့ ၁၉ လမ်းနံဘေး အထည်ဆိုင်တစ်ခု၏ နောက်ကျောဘက်တွင် ‘မေပုလဲ’ဟု အမည်ရသည့် စာအုပ်အငှားဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ထိုစာအုပ်အငှားဆိုင်လေးအတွင်း ခန်းလုံးပြည့်တည်ရှိနေသော မြင့်မားလှသည့် စာအုပ်စင်ကြီးများ ပေါ်မှ သပ်ရပ်စွာစီထားသည့် စာအုပ်များကို ဆိုင်ကြမ်းပြင်ပေါ်သို့ ဆွဲချနေကြသည်။ စာအုပ်တွေက ဆိုင်ကြမ်းပြင်ပေါ်မှာ ဟိုနေရာတစ်စု သည်နေရာတစ်စုဖြင့် ပြန့်ကျဲလျက်။ ကိုယ်ကြိုက်နှစ်သက်သည့် စာအုပ်တွေကို ရွေးယူရင်း စာအုပ်အငှားဆိုင်ပိုင်ရှင် အမျိုးသမီးကြီးအား ဈေးနှုန်းမေးမြန်းကာ ငွေချေကြသည်။ ငွေချေပြီးနောက် တချို့က စာအုပ်တွေကို ပီနန်ကြိုးဖြင့် စည်းနှောင်နေကြသည်။ တချို့ကတော့ ပီနန်အိတ်တွေထဲ ထည့်နေကြသည်။

နှစ်ပေါင်း ၂၅ နှစ်နီးပါး သက် တမ်းရှိပြီဖြစ်သည့် မေပုလဲစာအုပ်အငှားဆိုင်လေး ဖြုတ်သိမ်းတော့မည်ဖြစ်၍ စာအုပ်ဝါသနာအိုးများက လာရောက်ဝယ်ယူနေကြခြင်း ဖြစ်သည်။ စာအုပ်ဝယ်နေသူတွေက သည်လောက် များသည့် စာအုပ်တွေ၊ ဖြတ်သန်းလာခဲ့သည့် နှစ်များစွာကို တွေ့မြင်ကြားသိရင်း စာအုပ်အငှားဆိုင်လေး ဖြုတ်တော့မည်ကို စိတ်မကောင်းဖြစ်ကြသည်။
သူတို့တွေနည်းတူ အသက် (၅၀)ကျော်အရွယ် ဒေါ်မြင့်မြင့်ခိုင်သည်လည်း စိတ်ထဲလွန်စွာထိခိုက်နေရပါသည်။ ‘‘သားသမီးတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစား ရတယ်’’ဟု မေပုလဲစာအုပ်အငှားဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။ တကယ်ဆို ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် သည်စာအုပ်အငှားဆိုင်လေးကို ဖြုတ်ပစ်ဖို့ ဆန္ဒမရှိခဲ့ပေ။
ဖခင်ကိုယ်တိုင်က မန္တလေးမြို့မှာ စာပေဖြန့်ချိရေးလုပ်ငန်း တွေလုပ်ခဲ့သူမို့ ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် ငယ်စဉ်ကတည်းက စာအုပ်များဖြင့် ရင်းနှီးခဲ့သူဖြစ်သည်။ အိမ် ထောင်ကျတော့လည်း စာအုပ်အ ငှားဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့သည်။ မိဘအိမ်တွင် ဆယ်နှစ်၊ ၁၉ လမ်း အမျိုးသားအိမ်ဘက်တွင် ၁၅နှစ်၊ ပေါင်းလျှင် နှစ်ပေါင်း ၂၅ နှစ်ကျော် သည်စာအုပ်ဆိုင်လေးဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့သည်။
အိမ်ထမင်းအိုး တည်နိုင် လောက်အောင်လည်း စာအုပ်ဆိုင်ကလေးက ဖြစ်ထွန်းခဲ့ပါသည်။ တစ်ရက်တစ်ရက် အုပ်ရေနှစ်ရာ ကျော် ငှားရသည်။ နာမည်ကြီးစာ ရေးဆရာတွေရဲ့ ၀တ္ထုတွေ အသစ်ထွက်ပြီဆိုလျှင် အလုအယက်ငှား ကြလွန်း၍ တစ်မျိုးငါးအုပ်အထိတောင် ထားပေးခဲ့ရသည်။ ညနေ ၃ နာရီ ရန်ကုန်ရထား ၀င်ပြီးပြီဆိုလျှင် ဒေါ်မြင့်မြင့်ခိုင် စက်ဘီး ကလေးဖြင့် မြို့ထဲ စာအုပ်အ၀ယ် ထွက်သည်။ ပြန်လာလျှင် စာအုပ် ချုပ်သည်။ စာကြမ်းပိုးတွေက စာအုပ်အသစ်ရချင်လွန်း၍ စာအုပ်ချုပ်နေတာကို ထိုင်စောင့်ကာ ငှားကြသည်။
စာအုပ်အသစ် ထွက်ပြီဆိုတာနဲ့ ငှားချင်သူတွေ ၀ိုင်းဝိုင်းလည်ကာ အလုအယက်ဖြစ်ကြသည်မို့ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်အသစ်ဆို တစ်နေရာမှာ သွားဝှက်ထားရသည်။ ‘‘စာအုပ်အသစ်ထွက်ပြီဆို လိုချင်တဲ့သူက များလွန်းလို့ ၀ှက်တောင် ငှားရတယ်။ မအပ်သေးလို့ ဘာလို့ ညာပြောရ တယ်။ ငါးပါးသီလထဲက တစ်ပါး တော့ ကျူးလွန်ရတာပဲ’’ဟု ဒေါ် မြင့်မြင့်ခိုင်က လွမ်းဆွေးစွာ ဆို သည်။
 ထိုစာအုပ်အငှားဆိုင်လေး က အိမ်ထမင်းတည် အိမ်စရိတ်ထိန်းရုံသာမက သုံးလလောက်နေ လျှင် ရွှေတစ်ကျပ်သားလောက်ကို ၀ယ်နိုင်သည်ဟု ဒေါ်မြင့်မြင့်ခိုင်က စာအုပ်အငှားဆိုင်လေး၏ ရွှေရောင်ကာလကို
ပြန်ပြောင်းပြောပြခဲ့သည်။
တစ်နေ့တစ်နေ့ ရာချီငှားရသော ဒေါ်မြင့်မြင့်ခိုင်၏ ဆိုင်လေးသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှာတော့ စာအုပ်ငှားအားတွေ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ထိုအချိန်က မှတ်မှတ်ရရ နိုင်ငံခြားဖုန်းလိုင်း ကုမ္ပဏီတွေ အသီးသီး ၀င်ရောက်လာပြီးနောက် ဖုန်းတွေ ပေါပေါများများ စတင်သုံးနေကြချိန် ဖြစ်သည်။ နှစ်ရာမှ တစ်ရာ၊ တစ်ရာမှ သုံးဆယ်လောက်အထိ စာအုပ်ငှားအား ကျဆင်းလာသောအခါ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်ဆိုင်လုပ်ငန်းဖြင့် ဆက်လက်ရပ်တည်နိုင်ရန် သင့်၊ မသင့် စဉ်းစားရတော့သည်။ ဆိုင်လာငှားနေကျ ဖောက်သည်တွေကတော့ မ ပိတ်စေချင်။ နောက်ဆုံး မိသားစုနှင့် တိုင်ပင်ကာ စာအုပ်ဆိုင်နေရာကို အထည်ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချရတော့သည်။
 စာအုပ်အငှားဆိုင်လေးများ တဖြုတ်ဖြုတ် ပျောက်ကွယ်သွားရခြင်း အကြောင်းရင်းများတွင် ခေတ်မီနည်းပညာများ တိုးတက်လာသဖြင့် အခြားဖျော်ဖြေရေးများ အပေါ် အာရုံရောက်သွားခြင်း၊ စာအုပ်တစ်အုပ် ဖတ်ရခြင်းထက် ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့ခြင်း၊ အင်တာနက် ချက်တင်ထိုင်ခြင်းများကိုသာ ပျော်မွေ့လာကြခြင်း၊ စာအုပ်ဖြန့်ချိရေးစနစ်များ အားနည်းခြင်း၊ စာအုပ်ဈေးနှုန်းများကြီးမြင့်ခြင်း အစရှိသည့် အချက်များလည်း ပါဝင်ကြောင်း  စာအုပ် အငှားဆိုင်ရှင် အချို့က ဆိုပါသည်။
အမရပူရမြို့တွင် ၁၉၉၃ ကတည်းက စာအုပ်အငှားဆိုင် တည်ထောင်ခဲ့ပြီး ယခုအချိန်အထိ  ဆက်လက်လုပ်ကိုင်နေဆဲ အင်ပါယာစာပေမှ မစန်းစန်းအေးကတော့ စာအုပ်ငှားဖတ်သူအချို့ ရှိနေဆဲ ဖြစ်သော်လည်း စာအုပ်
ဈေးနှုန်းများ ကြီးမြင့်လာ၍ ငှားခဈေး တက်ရသောကြောင့် ယခင်က လောက် ငှားရမ်းဖတ်ရှုနိုင်မှု မရှိ တော့ခြင်း၊ စာစတင်ဖတ်သူများ  အား စာဖတ်ဝါသနာပါလာအောင် ဆွဲဆောင်စေသည့် အပျော်ဖတ်လိုင်းစာအုပ်များ အထွက်ကျဲသွားခြင်း အစရှိသည့် အချက်များက လည်း စာအုပ်ဆိုင်များ ပြိုဆင်း သွားရခြင်းဖြစ်ကြောင်း ပြောပြသည်။
‘‘ကာတွန်းဆို အရင်က တစ်ရက်ခြားတစ်ခါ လေးငါးဆယ်အုပ် ထွက်တာ။ အခုဆို တစ်ပတ် တစ်အုပ်လောက်ပဲ ထွက်တော့တယ်။ ၀တ္ထုလိုင်းဆိုရင်လည်း နာမည်ရ စာရေးဆရာတွေ မထွက်ကြတော့ဘူး။ စုံထောက်လိုင်းလည်း မင်းမြတ်သူရ တို့လောက်ပဲ ရှိတော့တယ်။ သိုင်းဆိုလည်း ပျောက်သွားပြီ’’ဟု မစန်းစန်းအေးက ဆိုသည်။
 စာအုပ်အငှားဆိုင်လေးများ တစ်ဆိုင်ပြီးတစ်ဆိုင် ပျောက်ဆုံး သွားရခြင်း အတွက် ၀မ်းနည်းမိကြောင်း ကိုယ်တိုင်လည်း စာအုပ်အငှားဆိုင် ဖွင့်ခဲ့ဖူးသူ မန္တလေးမြို့မှ စာရေးဆရာ ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘စာအုပ်အငှားဆိုင် ကွယ် လွန်ခြင်းလို့ ခံစားရတယ်။ အငှားဆိုင်ယဉ်ကျေးမှုက စာကောင်းပေကောင်းတွေ ဖတ်ခွင့်ရဖို့အတွက် လူတွေကို နေရာထိုင်ခင်းပေးခဲ့ တာ။ နိဗ္ဗာန်ဘုံတစ်ခု ပျောက်ဆုံးသွားတယ်လို့ ခံစားရတယ်။ ၀မ်းအနည်းဆုံးကတော့ တို့မြန်မာလူမျိုးတွေ စာမဖတ်တော့ဘူးဆိုတဲ့ သက်သေတစ်ခု ၀မ်းနည်းစွာနဲ့ ပြလိုက်ရတယ်လို့ မြင်တယ်’’ဟု ၎င်းကပြောသည်။
‘‘စာအုပ်အငှားဆိုင်တစ်ဆိုင် ကွယ်လွန်သွားတာက ဗြုန်းဆိုဘာ မှ မဖြစ်လောက်ဘူးထင်စရာရှိပေ မယ့် ဒါအင်မတန်ကြီးကျယ်တဲ့ တာဝန်ကြီးတစ်ခုပဲ’’ဟုဆိုကာ ခေတ် ပေါ် နည်းပညာပစ္စည်းများအား အချိန်ပိုင်းအရသုံးကာ အချိန်ပိုင်း အရ စာဖတ်ခြင်းဘက်လှည့်ပေး ရန် ဆရာဇော်ခိုင်ဦးက မေတ္တာရပ် ခံခဲ့သည်။
စာရေးဆရာများနှင့် အားလုံးဝိုင်းဝန်းကာ စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွင် မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၌ စာဖတ်ဝိုင်းများ ပျိုးထောင်ပေးရန် လိုအပ်နေသည်ဟု ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘ဒါအလုပ်ကြီးတစ်ခု။ အလုပ်သေး မဟုတ်ဘူးနော်။ ဒီအလုပ်ကြီးကို အင်တိုက်အားတိုက်ပြန်လုပ်ပေးနိုင်မှသာ စာဖတ်ခြင်းဘက် ပြန်ရောက်လာနိုင်မယ်လို့ ထင်တယ်။ ဒီအတိုင်းတော့ မလွယ်ဘူး။ ဒီတိုင်းဆို ရေစုန်မျောလိမ့် မယ်’’ဟု ၎င်းကဆိုသည်။
မေပုလဲ စာအုပ်အငှားဆိုင် ၏ ဖောက်သည်များထဲမှ ပင်တိုင်အားပေးခဲ့သူဖြစ်သည့် မန္တလေးမြို့မှ စာရေးဆရာ ဆရာသန်းနိုင်ဦးကတော့ ထိုစာအုပ်အငှားဆိုင်လေး ပိတ်ခဲ့သည့်အတွက် 7Day Daily သတင်းစာတွင် ‘‘အသိဉာဏ် ပညာများ သရောကြီးခိုင်းခြင်း’’ဟု အမည်ရသည့် ဆောင်းပါးတစ်ပုဒ်ရေးကာ လွမ်းဆွတ်ခဲ့ပါသည်။ ထိုဆောင်းပါး၏ အဖွင့်တွင် ‘‘စာအုပ်အငှားဆိုင်တွေက ဉာဏ်အလင်းဖွင့်လှစ်ပေးတဲ့ တံခါးပေါက်တွေဆိုရင် စာအုပ် အငှားဆိုင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားရတာဟာ ဉာဏ်တံခါးတွေ ပိတ်သွားတာပါပဲ’’ဟု ရေးသားကာ ထင်မြင်ချက်ပေးခဲ့သည်။
မန္တလေးမြို့မှ မေပုလဲ စာအုပ်အငှားဆိုင်လေး ထဲမှာတော့ တဖြည်းဖြည်းနှင့် စာအုပ်တွေ ကုန်စပြုနေပြီ။ မကြာမီ မေပုလဲစာအုပ်အငှားဆိုင်လေးသည် အထည်ဆိုင်တစ်ဆိုင် အဖြစ် အသွင်ပြောင်း ရတော့မည် ဖြစ်သည်။ စာအုပ်မရှိ တော့သည့် စာအုပ်စင်တွေက လူ သေကောင် အရိုးငေါငေါ ထွက်သလို အကျည်းတန်လျက် ရှိနေပါတော့သည်။

ဖြုတ်သိမ်းနေသော စာအုပ်အငှားဆိုင်
ဓာတ်ပုံ - ညီညီဇော်

စာမေးပွဲစစ်နေသော အအေးဆိုင်လေးများ


မန္တလေးမြို့တစ်နေရာတွင် ဖွင့်လှစ်ထားသော ရောင်းသူမဲ့အအေးဆိုင်၌ ဝယ်ယူနေသူတစ်ဦး ဓာတ်ပုံ - ကိုဝမ်း
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေထက်မှာ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ခု ရှိပါတယ်။ ထိုအကြောင်းအရာကတော့ လူစောင့်မထားတဲ့ မန္တလေးမြို့ရဲ့ လမ်းတွေပေါ်က ရောင်းသူမဲ့ အအေးဆိုင်လေးတွေ
ပါပဲ။ ရောင်းသူမဲ့ အအေးဆိုင်လေးတွေမှာ အအေးဘူးတို့၊ ရေသန့်ဘူးတို့ကို ရေခဲစိမ်ပြီး ဖော့ဘူးတစ်ဘူးနဲ့ ထားထားပေးပါတယ်။ ရေသန့်ပဲ ဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် တစ်ဘူးယူရင် ငွေ ၃၀၀ ကျပ်နှုန်းနဲ့ ဖော့ဘူးထဲက ပလတ်စတစ် ပိုက်ဆံဘူးလေးထဲမှာ ထည့်သွားခဲ့ရုံပါ။

အဲဒီရောင်းသူမဲ့ အအေးဆိုင်လေးတွေကို စတင်တည်ထောင်ခဲ့သူကတော့ မန္တလေးမြို့မှာနေ ထိုင်တဲ့ ကိုဝမ်းခေါ် ကိုစိုင်းနေမျိုးမောင်မောင် ဖြစ်ပါတယ်။ ကိုဝမ်းလို့ ဆိုလိုက်တာနဲ့ မန္တလေးမြို့မှာ ပရဟိတ လုပ်ကိုင်နေတဲ့သူ ဆိုတာ မန္တလေးမြို့ကလူတွေ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ ရင်းနှီးနေပြီးသားပါ။ ကိုဝမ်းက One toOne ပြည်သူ့ကူညီရေးအဖွဲ့ဆိုပြီး ပရဟိတအဖွဲ့လေးလည်း ဖွဲ့စည်း ထားပါတယ်။
ကိုဝမ်းက ပရဟိတမျိုးစုံကို ဆောင်ရွက်နေတဲ့သူတစ်ယောက်မို့ ဒီတစ်ခါတော့ သူ့စာတွေထဲမှာ ဖတ်ဖူးမြင်ဖူးတဲ့ ပြည်ပနိုင်ငံတွေက ဆိုင်မျိုးလေးတစ်ခု အကောင် အထည်ဖော် ချင်ခဲ့ပါတယ်။ အဲဒါကတော့ ရောင်းသူမဲ့ဆိုင်
လေးတွေပါ။ ဈေးဝယ်သူတွေက ကိုယ်ကြိုက်တဲ့ပစ္စည်းယူပြီး ကျသင့်တဲ့ တန်ဖိုးငွေကို ပေးထားခဲ့တဲ့ ဆိုင်မျိုးလေးကို ကိုဝမ်းတော်တော်သဘော ကျနေခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ကျောင်းဆရာမကြီးတစ်ဦးက စာရေးကိရိယာ
တွေကို သူ့ကျောင်းလေးမှာ ရောင်းသူမဲ့ဆိုင် အဖြစ် အကောင်အထည် ဖော်ဖူးတာတွေ၊ ရန်ကုန်က မီးသွေးဆိုင်တစ်ဆိုင် ရောင်းသူမဲ့ ရောင်းချထားတာမျိုးတွေ တွေ့ဖူးတော့ မန္တလေးမှာလည်း သူ အကောင်အထည်ဖော်
ချင်လာခဲ့တယ်။
နောက်ပြီး အစိုးရကလည်း ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရတစ်ခု ပြောင်းလဲလို့သွားခဲ့ပြီ။ အစိုးရကလည်း နိုင်ငံဖွံ့ဖြိုးဖို့ တတ်နိုင်သလောက် လုပ်တော့မယ်။ ပြည်သူတွေအနေနဲ့လည်း လိုက်ပါပြောင်းလဲဖို့ လိုအပ်လာပြီ။ ဒါကြောင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ လှုံ့ဆော်တဲ့အနေနဲ့ ရောင်းသူမဲ့ဆိုင်လေးတစ်ခု ဖွင့်ကြည့်ဖို့ သူ့ခေါင်းထဲ အာရုံရလာခဲ့ပါတယ်။

ရောင်းသူမဲ့အအေးဆိုင်တွင် လာရောက်ဝယ်ယူနေသည့် သားအဖနှစ်ဦးကို တွေ့ရစဉ်
ဓာတ်ပုံ - ညီညီဇော်
ရောင်းသူမဲ့ဆိုင် ဖွင့်တာကတော့ ဟုတ်ပါပြီ။ ဘာရောင်းရမလဲ သူစဉ်းစားတယ်။ နောက်ဆုံးတော့ ရာသီဥတုနဲ့လည်း လိုက်ဖက်တဲ့ အအေးပုလင်းနဲ့ ရေသန့် ရောင်းဖို့ သူဆုံးဖြတ်လိုက်တယ်။
ပထမဆုံးဆိုင်ကိုတော့ သူအလုပ်လုပ်ရာ ကုမ္ပဏီရှေ့ ၃၅ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားမှာ ဖွင့်ခဲ့ပါတယ်။ ဆိုင်လေးမှာ ဗီ နိုင်းတစ်ချပ်လည်း ထောင်ထားတယ်။ အဲဒီဗီနိုင်းပေါ်မှာ ‘‘မိတ်ဆွေနေပူပူမှာ မောပန်းသမျှ
ပြေစေဖို့ ရေသန့်ဘူးနှင့် အအေးဘူးများ ရောင်းချပေးနေပါသည်။ ရေသန့်ဘူးတစ်ဘူး ၃၀၀ ကျပ်၊ အအေး တစ်ပုလင်း ၃၀၀ ကျပ်၊ မိတ်ဆွေ ယုံကြည်လို့ လူစောင့်မထားပါခင်ဗျာ။ ပိုက်ဆံဘူးထဲမှာ ပိုက်ဆံထည့်ပေး
သွားပါ။ ပြန်အမ်းငွေလည်း ဒီကပဲ ယူသွားပေးပါ ခင်ဗျာ’’လို့ ရေးထားတယ်။
စဖွင့်တဲ့ မေလ ၂ ရက်မှာ ဆိုင်လေးစဖွင့်တဲ့အကြောင်း ကိုဝမ်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စတင်လိုက်တယ်။ လူတွေတော်တော်အံ့သြကြတယ်။ စိတ်ဝင်စားကြတယ်။ တချို့တွေက အားပေးတယ်။ ကိုယ်တိုင်လည်း လာဝယ်မယ် ပြောကြတယ်။ တချို့တွေကတော့ ကိုယ့်နိုင်ငံအခြေအနေအရ နည်းနည်းစောနေသေးတယ်။ လူထုအနေနဲ့ အဆင်သင့် မဖြစ်သေးဘူး။ ရေခဲပုံးပါ မသွားလိမ့်မယ် စသဖြင့် မှတ်ချက်ပေးဝေဖန်ကြပါတယ်။
ကိုဝမ်းက တစ်နေ့တာရောင်းရသမျှ စာရင်းချုပ်ကို ညနေဘက် ဆိုရင် ဖေ့စ်ဘွတ်ခ်မှာ တင်ပေးခဲ့တယ်။ စိုးရိမ်ခဲ့ကြသလိုပါပဲ။ စရောင်းတဲ့နေ့မှာပဲ ပိုက်ဆံမပေးဘဲ ယူသောက်သွားသူတွေ ရှိပါတယ်။ ဒါကလည်း အလှူလုပ်တာ ထင်ပြီး ယူသောက်သွားတာ  ဖြစ်နိုင်တယ် လို့ ကိုဝမ်းက ယူဆတယ်။ ရှိတဲ့ ပိုက်ဆံနဲ့ ကုန်သွားတဲ့ အအေးဘူး၊ ရေသန့်ဘူး အချိုးချကြည့်တော့ ပိုက်ဆံပေးသောက်တာ ၆၅ ရာခိုင်နှုန်း၊ ပိုက်ဆံမပေးဘဲ ယူသွားတာ ၃၅ ရာခိုင်နှုန်းလို့ အဖြေထွက်တယ်။ လမ်းဘေး ဒီအတိုင်း ထားထားတဲ့ ရောင်းသူမဲ့ဆိုင်မှာ ပိုက်ဆံပေးတာ ၆၅ ရာခိုင်နှုန်းရှိတယ် ဆိုတော့ မဆိုးဘူးလို့ ကိုဝမ်းက တွက်တယ်။
ကိုဝမ်းဖေ့စ်ဘွတ်ခ်မှာ တင်လိုက်ကတည်းက ရောင်းသူမဲ့ဆိုင်ကို လူတွေစိတ်ဝင်စားမှု မြင့်တက်နေပြီ။ အခုလို ပိုက်ဆံပေးသောက်တဲ့ သူများတယ်ဆိုလည်း တင်လိုက်ရော လူတွေအားရ၀မ်းသာ ဖြစ်ကြတယ်။ ဒါမှ တို့မန္တလေးကွ လို့ လက်မထောင်သူတွေလည်း ရှိ တယ်။ ပိုက်ဆံမပေးဘဲ ယူသောက်သွားသူတွေကို မေတ္တာပို့တဲ့သူကလည်း ပို့ပါတယ်။
ကိုဝမ်းက နောက်ရက်ရောင်းရတဲ့ အနေအထားလေးတွေပါ တင်ပေးဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ပိုက်ဆံပေး ၀ယ်သောက်တာတွေ များလာခဲ့ပြီ။ ကုန်တဲ့အအေးဘူး နဲ့ ငွေနဲ့ ကွက်တိဖြစ်တဲ့ရက်တွေ ရှိလာခဲ့ပြီ။ လူတွေလည်း ၀မ်းသာနေတုန်း ဗြုန်းဆို ငါးရက်မြောက်တဲ့နေ့မှာတော့ ပိုက်ဆံ ၁၁,၉၀၀ ကျပ်တိတိ ပျောက်သွားတယ်။ ပျောက်သွားတာမှ ရိုးရိုးမဟုတ်ဘူး။ ပိုက်ဆံထည့်တဲ့ ပလတ်စတစ်ဘူးလိုက်ပါ ‘‘မ’’ သွားခဲ့တာပါ။
ထုံးစံအတိုင်း ဆဲဆိုသံတွေ သောသောညံ သွားခဲ့တယ်။ တချို့က ဆိုင်လေးကို မျက်စိဒေါက် ထောက်ကြည့်နေကြတော့ ငွေတွေ ဘယ်သူတွေ ယူသွားတယ်ဆိုတာ သိတယ်လို့ ဆိုတယ်။ နောက်ဆုံးပေါ် ဆိုင်ကယ်တွေနဲ့ လူငယ် သုံးယောက် ယူသွားတာမြင်တယ် လို့လည်း ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့ကတော့ မန္တလေးက လူတွေ စိတ်ထဲ စနိုးစနောင့်ဖြစ် ခဲ့ရတဲ့နေ့တစ်နေ့ ပါပဲ။  နောက်ရက်တွေမှာလည်း ပိုက်ဆံ ၅,၈၀၀ ပါသွားပါသေးတယ်။ ကိုဝမ်းတို့အနေနဲ့ကလည်း ပိုက်ဆံတစ်သိန်းအထိ အဆုံးခံပြီး စမ်းကြည့်ဖို့ စိတ်ကူးထားတာကြောင့် ဆက်လက် ရပ်တည်လို့ ရနေပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံ ပျောက်တဲ့ကိစ္စ ကလွဲလို့ ငွေသိမ်းချိန် အအေးတစ်ဘူးဖိုး၊ နှစ်ဘူးဖိုး လိုတာကလွဲလို့ တန်ရာတန်ကြေး ပေးပြီး ၀ယ်သောက်သူတွေ များလာခဲ့ပါတယ်။ တချို့ကတော့ ရောင်းသူမဲ့အအေးဆိုင်က ရတဲ့ ပိုက်ဆံကို ဆေးရုံမှာ ဆေးကုဖို့ အခက်အခဲဖြစ်နေတဲ့သူတွေကို လှူ မှာဆိုတာ သိတဲ့အတွက် အမ်းတာတောင်မယူဘဲ ထားသွားကြသူ တွေလည်း ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ခါ ငွေရာဂဏန်းလောက်လေး ပိုပိုနေတတ်
ပြန်တယ်။
ကိုဝမ်းရဲ့ ရောင်းသူမဲ့အအေးဆိုင်ကလေးကို သဘောကျလို့ ဖွင့်ချင်လို့ ဆက်သွယ်လာကြသူတွေလည်း ရှိပါတယ်။ ကိုဝမ်းကလည်း ၂,၀၀၀ တန် ဗီနိုင်းနဲ့ ၅,၀၀၀ တန်ရေခဲဘူးတစ်ဘူး လက်ဆောင်ပေး ပါတယ်။ အခုဆို ရက်သတ္တတစ်ပတ်အတွင်း မန္တလေးမြို့မှာ တင်ရောင်းသူမဲ့အအေးဆိုင် ၁၂ ဆိုင်အထိ ရှိလာခဲ့ပါပြီ။ လူစည်ကားရာ ၃၅ လမ်း၊ ၈၄ လမ်း၊ လမ်း ၃၀ ၊တိုင်းရင်းဆေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြောက်ပြင်၊ ပုသိမ်ကြီး၊ အမရပူရ၊ မြို့သစ်စတဲ့နေရာတွေ မှာပါ။
မန္တလေးမြို့တင် မကပါဘူး။ မန္တလေး အနီးတစ်ဝိုက်က စစ်ကိုင်း၊ တံတားဦး၊ ပြင်ဦးလွင်မြို့တွေမှာ လည်း ဖွင့်နေပါပြီ။ ရန်ကုန်မြို့မှာလည်း နှစ်ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီး မုံရွာ၊ ကသာ၊ မိုးမိတ်၊ ပြည်၊ သထုံ၊ကလေး၊ ၀က်လက် စတဲ့မြို့တွေ မှာလည်း ဖွင့်ဖို့ပြင်ဆင်သူက ပြင် ဆင်၊ ဖွင့်သူကဖွင့် လုပ်နေကြပါပြီ။ ‘‘ကောင်းတဲ့ စိတ်ဓာတ်လေးတွေ ပြောင်းဖို့ လှုံ့ဆော်ပေးတဲ့သဘော ပါ။ နိုင်ငံခြားသားတွေ မြင်ရင် တို့ မြန်မာနိုင်ငံမှာ ဒီလိုမျိုးရောင်းလို့ ရတယ်ဆိုတာ ဂုဏ်ယူချင်တာပါ’’ လို့ ကိုဝမ်းကဆိုပါတယ်။
ရသဆောင်းပါးနှင့် အက်ဆေးများ၊ အတွေးအမြင်များ ရေးသား နေတဲ့ စာရေးဆရာ ဆရာမောင် သာချိုကတော့ ရောင်းသူမဲ့ အအေးဆိုင်လေးတွေကို ကြည့်ပြီး သူများပစ္စည်းဆို မယူတတ်တဲ့ ဂျပန်နိုင်ငံကို သွားသတိရတယ်လို့ ဆိုပါတယ်။
‘‘လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားကို စာမေးပွဲစစ်ကြည့်တဲ့ သဘောလို့ပဲ ခံစားရပါတယ်။ တကယ်လို့များ မပျောက်ဘူး ဆိုရင်တော့ အံ့အားသင့်စရာပဲပေါ့။ ဗမာတွေဟာ ဘယ်လောက် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ငတ်ငတ် ရှာစားမယ်၊ တောင်းစားမယ်၊ ဒါ မျိုးတော့ မယူဘူးကွဆိုတဲ့ စိတ်မျိုး နဲ့ဆိုရင် ကျွန်တော်တို့လူမျိုးတွေ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့သဘောပေါ့ဗျာ’’လို့ ဆရာမောင်သာချိုက ပြောပြတယ်။ တစ်လတစ်ခါ၊
နှစ်လတစ်ခါလောက် ပိုက်ဆံပျောက်ရင်တော့ အခြေအနေ မဆိုးသေးဘူးလို့ မှတ်ယူရမှာဖြစ်ပြီး နေ့စဉ်ပျောက်လာပြီဆိုရင်တော့ ကျွန်တော်တို့လူမျိုးတွေ စာမေးပွဲကျ သွားပြီလို့ သတ်မှတ်ကာ ကြေကွဲစရာကောင်းမယ်လို့ ဆရာမောင်သာချိုကတော့ ဆိုပါတယ်။
ဆရာမောင်သာချိုရဲ့ စကားအတိုင်း စာမေးပွဲစစ်နေတဲ့ ရောင်း သူမဲ့ အအေးဆိုင်ကလေးတွေဆီ ကို မိဘတွေကလည်း သူတို့သားသမီးလေးတွေကို ခေါ်လာကြတယ်။ ရောင်းသူမရှိပေမယ့်လည်း သူများပစ္စည်းကို အလကား မယူဖို့ တန်ရာတန်ကြေးပေးပြီး ၀ယ်ဖို့၊ သင်ပြပေးကြပါတယ်။ တစ်ပတ် လောက်ပဲ စမ်းဖွင့်ဖို့ စီစဉ်ထားတဲ့ ရောင်းသူမဲ့ အအေးဆိုင်လေးတွေက အခုဆို ရက်သတ္တတစ်ပတ် ကျော်လာရုံမက တစ်နိုင်ငံလုံးက မြို့အသီးသီးကိုပါ ကူးစက်လို့ ရောက်ရှိနေပါပြီ။ ညနေရောက်တိုင်း ကိုဝမ်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တက်လာမယ့် ရောင်းသူမဲ့ အအေးဆိုင်ကလေးရဲ့ စာရင်းရှင်းတမ်းကနေ ပြောပြပေးမယ့် ကိုယ်ကျင့်တရားစာမေးပွဲ အောင်စာရင်းကို ထိုင်စောင့်ကြည့်ဖို့ စိတ်ဝင်စားနေကြဦးမှာ အမှန်ပါပဲ။

မြန်မာပြည်တောင်ဖျားစွန်းက မြိတ်ကျွန်းစုများဆီသို့...


သူဌေးကျွန်းအနီးဝန်းကျင်တွင်တွေ့မြင်ရသည့် သဘာဝအလှရှုခင်းများ/ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မေလလယ်ရက်တစ်ရက်၏ ကပ္ပလီပင်လယ်ပြင် နံနက်ခင်းရာသီဥတုသည် အုံ့အုံ့ဆိုင်းဆိုင်းရှိနေသည်။ နံနက်စောစောမှာပင် နေရောင်ပြိုးပြိုးပြက်ပြက် တောက်ပလေ့ရှိသည်ပင်လယ်သည် သည်ကနေ့မှာတော့ မှိုင်းညို့ညို့ဖြင့်ဣနြေ္ဒရနေသည်။ ပင်လယ်ပြင်မှာတော့ ကျွန်တော်တို့ စပိဘုတ်၏တဗြီးဗြီးအော်မြည်သံမှလွဲ၍ ငြိမ်သက်နေလေသည်။
ညကတော့ ကော့သောင်း မြို့မှ ၁၅ မိနစ်ခန့် ရေယာဉ်စီးလျှင် ရောက်နိုင်သည့် သူဌေးကျွန်းတွင် တည်းခိုခဲ့ကြသည်။ သူဌေးကျွန်း ပေါ်ရှိ တစ်ခုတည်းသော Grand Andaman Hotel တွင်ဖြစ်သည်။ Grand Andaman Hotel က ၁၉၉၅ လောက်ကတည်းက ထိုင်း လူမျိုးတစ်ဦးတည်ဆောက်ခဲ့သည့်ဟိုတယ်ဖြစ်သည်။ ထိုစဉ်ကတော့ သူဌေးကျွန်းသည် မြန်မာတို့အတွက် အပန်းဖြေလာလည်ရန် အဆင်ပြေသည့် ကျွန်းတစ်ခုမဟုတ်ခဲ့။ ဟိုတယ်မှာ ကာစီနိုရုံကြီးတွေရှိသည်။ ထိုင်းသူဌေးများလာရောက်လောင်းကစားပြုလုပ်ကြသည့် ကျွန်းတစ်ခုပင်။
၂၀၁၅ မှာတော့ သူဌေးကျွန်းက ဟိုတယ်ကို မြန်မာနိုင်ငံ သားလုပ်ငန်းရှင်က လွှဲပြောင်းရယူခဲ့သည်ဟု ဆိုသည်။ ဟိုတယ် က သူဌေးကျွန်း၏ မြင့်မားသည့်အပိုင်းတွင် နေရာယူထားသည်။ မတ်စောက်လှသည့် ကတ္တရာလမ်းကို ဖြတ်သန်းပြီး ဟိုတယ်ကြီး ကို ဘွားခနဲတွေ့မြင်ရခြင်းဖြစ်သည်။ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ရှိသည်ဟုဆိုသည်။
မနေ့ညကမှ သူဌေးကျွန်းကို ရောက်သော်လည်း ဟိုတယ် မှာ မိုးလင်းသည်အထိ နေလို့မရ။ မြိတ်ကျွန်းစုများဆီ ပတ်ပို့ မည်ဟု ဆို၍ နံနက် ၇ နာရီအမီထွက်ရန် ပြင်ဆင်ရသည်။ စပိဘုတ်ဖြင့် မထွက်မီ လိုက်ပို့မည့်ဟိုတယ်မှ တာဝန်ရှိသူများက ခရီးစဉ်အတွင်းဆောင်ရန်ရှောင်ရန်များကို မှာသည်။ သန္တာကျောက်တန်းများကို  မထိဖို့၊ မကိုင်ဖို့၊ ရေထဲမှာအ မှိုက်မပစ်ဖို့၊ အဆိပ်ရှိသတ္တဝါများလည်းရှိနေသဖြင့် သတိထားဖို့ စသဖြင့်ဖြစ်သည်။
သူဌေးကျွန်းက ထွက်က တည်းက ပင်လယ်ပြင် ရှုခင်းများ သည် အသွေးအရောင်စုံလှသည့် မြင်ကွင်းကျယ်ရုပ်ရှင်ကားတစ် ကားကို ကြည့်နေရသကဲ့သို့ပင်။ မြင့်မားလှသည့် ကျောက်ဆောင် ကြီးများ၊ ရေအောက်ကိုပင် ထွင်း ဖောက်မြင်နေရသည့် ပြာလဲ့လဲ့ ရေပြင်၊ တစ်ချက်တစ်ချက်ပေါ် လာသည့် ခပ်အုပ်အုပ်ကျွန်းစုများ စတာတွေက တကယ့်ရင်သပ်ရှု မောဖွယ်ရာ မြင်ကွင်းတွေဖြစ် သည်။
တစ်နာရီခွဲခန့်မောင်းအပြီး မှာတော့ နာမည်ကျော် ကြက် မောက်ကျွန်း (ခေါ်) Cock Comb Island ကို ရောက်ရှိလာခဲ့သည်။ ကျောက်ဆောင်တစ်ခုအနီး စပိ ဘုတ်ကို အရှိန်သတ်ကာ စက်ရပ် သည်။ ရေအောက်ကြည့်မျက်မှန်၊ အသက်ရှူပိုက်၊ အသက်ကယ် အင်္ကျီတို့ဝတ်ဆင်ကာ ရေအောက်အလှများကို ကြည့်ရှုသည့် Snor-keling အစီအစဉ်လုပ်တော့မည် ဖြစ်သည်။ စပိဘုတ်ပေါ်ပါလာ သည့် အမျိုးသားဝန်ထမ်းတစ်ဦး ကတော့ လေသံခပ်ဝဲဝဲဖြင့် သတိ ထားဆင်းဖို့၊ မကြောက်ဖို့ပြောဆို ရင်း အသက်ကယ်အင်္ကျီနှင့် ရေ ငုပ်ကိရိယာတွေ တပ်ဆင်နည်း မှန်၊ မမှန်စစ်ဆေးပေးနေသည်။ စပိဘုတ်ပေါ်ပါလာသည့် ထိုင်းလူ မျိုးဝန်ထမ်းတွေကလည်း အင်္ဂ လိပ်လို ဂရုစိုက်ရန် လှမ်းအော် ပြောနေသည်ကို ကြည့်ပြီးပြုံးမိ သည်။ ကျွန်တော်တို့မှာ ကိုယ် နိုင်ငံအတွင်း သွားလာတာကို ပြည်ပဧည့်သည်တစ်ဦးလို ဖြစ်နေ သဖြင့် သဘောကျမိခြင်းဖြစ် သည်။
စပိဘုတ်နောက်မြီးမှတစ် ဆင့် တစ်ယောက်ပြီးတစ်ယောက် ရေထဲခုန်ချကြသည်။ သွယ်တန်း ပေးထားသော ကြိုးကိုကိုင်ကာ ကျောက်ဆောင်များအောက် ခပ် ဖြည်းဖြည်းချင်းကူးဝင်ကြသည်။ အထဲရောက်တော့ ကန်ကြီး သဖွယ်ဖြစ်နေသည်။ ရေအောက် ကြည့်မျက်မှန်ဖြင့် ရေပေါ်ကိုမျက် နှာအပ်ကြည့်တော့ အုပ်လိုက် သွားလာနေကြသည့် ရောင်စုံငါး လေးများ၊ သန္တာကျောက်ခက်၊ ကျောက်ပွင့်များ၊ အခြားရေသတ္တ ဝါများကို ကြည်လင်ပြတ်သားစွာ မြင်နေရသည်။
ထိုကန်ကြီးက ဝေဟင်မှ ကြည့်လျှင် အသည်းပုံသဏ္ဌာန် ဖြစ်နေ၍ အသည်းပုံကျွန်းဟု လည်း ခေါ်ကြသည်။ ဒေသခံတွေ ပြောစကားအရတော့ ထိုအသည်း ပုံကျွန်းလေးသည် ဆလုံလူမျိုး တွေ ချစ်သူဖြစ်သည့်အခါ ရေအတူတူလာကူးကြသည်။ အသည်းပုံကျွန်းကို အတူတူလာလျှင် ရာသက်ပန်ပေါင်းစည်းခွင့်ရသည်ဟု ယုံကြည်ကြသည်ဟု ဆိုသည်။ဟုတ်သည်၊ မဟုတ်သည်အပထား တစ်ချိန်မှာတော့ သည်ကျွန်းမှာ ချစ်သူစုံတွဲတွေ အများအပြား လာရောက်ကြမည်မှာ သေချာ သည်။
နာရီဝက်လောက်နေပြီး နောက် ဆက်လက်ထွက်ခွာခဲ့ကြ သည်။ မကြာမီ ဖြူဆွတ်နေသည့် သဲသောင်များဖြင့် တည်ရှိနေ သော စေတန်ကျွန်းကိုရောက်လေ သည်။ နေရောင်မပွင့်တပွင့်မှာ ပင် စေတန်ကျွန်းက တောက်ပ လွန်းကာ မျက်စိများပင် စူးစေ သည်။
စေတန်ကျွန်းပေါ်မှာလည်း ခရီးသွားလုပ်ငန်းတွေဖော်ဆောင် ဖို့ ပြင်ဆင်နေတာတွေ့ရသည်။ ရွက်ဖျင်တဲအိမ်ကလေးတွေဖြင့် သဘာဝအတိုင်း တည်းခိုနိုင်ရန် တည်ဆောက်နေတာတွေလည်း တွေ့ရသည်။ တည်ဆောက်မှုများ မပြီးစီးသေး၍ မပြည့်စုံသေးသည့် ကာလမှာပင် ခရီးသည်တွေက ကြုံသလိုနေထိုင်ပါမည်ဆိုကာ လာရောက်တည်းခိုမှုများရှိနေပြီ ဟု ဆိုကြသည်။
စေတန်ကျွန်းတွင် ခေတ္တ လှည့်ပတ်ကြည့်ရှုပြီးနောက် ဆက် လက်ထွက်ခွာခဲ့ကြရာ မိနစ်အ နည်းငယ်အကြာတွင် ဇာဒက်ငယ် ကျွန်းသို့ရောက်သည်။ ထိုကျွန်း ပေါ်ကိုတော့ မတက်ရပါ။ စစ်တပ်ရှိသည်ဟု ဆိုသည်။ ကျွန်းနှင့်ခပ် လှမ်းလှမ်းအကွာမှာ စပိဘုတ်ကို ရပ်တန့်ကာ Snorkeling လုပ်ရန် ရေထဲဆင်းကြသည်။ ဇာဒက်ငယ် ကျွန်းအနီး Snorkeling လုပ်ရ သည်ကတော့ အလှဆုံးဟု ဆိုရ မည်ဖြစ်သည်။ ရေအောက်ရှိမြင် ကွင်းများကို ကြက်မောက်ကျွန်း ထက်ပင် ပို၍လှပစွာ မြင်တွေ့ရ သည်။
ဇာဒက်ငယ်ကျွန်းမှာ Snor-keling လုပ်ပြီး ဆက်လက်ထွက်ခွာလာခဲ့ရာ နေ့လယ် ၁၂ နာရီခွဲခန့်မှာတော့ ညောင်ဦးဖီးကျွန်းကို ရောက်ပါသည်။ ညောင်ဦးဖီးကျွန်းမှာတော့ အပန်းဖြေစခန်း တစ်ခုတည်ဆောက်ထားတာ မြင်ရသည်။ ထိုစခန်းမှာ အဆင့်မြင့်တည်းခို ရန်နေရာတွေရှိသလို အစားအသောက်မျိုးစုံလည်းရ သည်။ အင်တာနက်သုံးရန် ဝိုင်ဖိုင်လည်း လွှင့်ပေးထားသည်။ ထိုင်းသီချင်း ခပ်မြူးမြူးလေးဖြင့် ဖူးခက်များ ရောက်နေသလားတောင် ထင်ရသည်။ လာကြသည့် ခရီးသွားတွေကလည်း ထိုင်းလူမျိုး တွေ။
ညောင်ဦးဖီးကျွန်းပေါ်မှာ တစ်နာရီခန့် ထမင်းစားနားပြီး နေ့ ခင်းမှာ ခရီးစဉ်ဆက်ကြသည်။ ထို ကျွန်းအနီးတွင် Snorkeling တစ်ကြိမ်ထပ်လုပ်သော်လည်း ပြီးခဲ့ သည့်အကြိမ်တွေကလောက် ကြည့်ရတာမကောင်း၊ အောက် မှာကြည့်စရာ သိပ်မရှိတာဖြစ် သည်။ နောက်ပြီး ရေကလည်း အ နည်းငယ်ယားလာခဲ့သည်။ သိပ် ကြာကြာမကြည့်ကြတော့ဘဲ ခရီးဆက်ခဲ့သည်။
ပုလဲလုပ်ငန်းလုပ်ကိုင်ရာ ငလုံးလဖယ်ကျွန်းသို့လည်း ဝင် ရောက်ခဲ့သည်။ ထိုကျွန်းမှာ အမျိုးသားဆယ်ဦးခန့်နှင့် အမျိုးသမီး တစ်ဦးစ၊ နှစ်ဦးစ တွေ့ရသည်။ မြန်မာဟုယူဆရသည့် အမျိုးသား တစ်ဦးက ရယ်ပြတော့ ကျွန်တော်လည်း မြန်မာမှန်းသိအောင် မင်္ဂလာပါဟု နှုတ်ဆက်သည်။ သူကထိုင်းက မြန်မာလိုနှုတ်ဆက်တယ် ထင်၍လားမသိ။ ကျွန်တော့်ကို လက်အုပ်လေးချီပြီး ထိုင်းလို စကားတွေပြောသည်။ ကျွန်တော် က မြန်မာလားဟု မေးတော့မှ တဟားဟားရယ်ကာ သူကခေါင်း ညိတ်ပြီး နှစ်ဦးသား မြန်မာအချင်း ချင်း ပြန်ဆုံရမှန်းသိကြသည်။
ပုလဲလုပ်ငန်းဝန်ထမ်းများ က မြန်မာများဖြစ်ပြီး မြိတ်ဘက် က လာရောက်ခြင်းဖြစ်သည်ဟု ပြောပြကြသည်။ တစ်လတစ်ခါ လောက်တော့ ကော့သောင်းဘက်ရောက်ဖြစ်သည်ဟု ဆိုသည်။ လူ မနီးသူမနီးကျွန်းကြီးပေါ်မှာ လုပ် ကိုင်နေကြရပေမယ့် အားလုံးက တော့ ရွှင်ပြုံးလျက်။ ကံကြမ္မာက ပေးသည့်ဘဝမှာပင် ပျော်အောင် နေနိုင်ရမည်ဆိုသည့်သဘောပင်။
ငလုံးလဖယ်ကျွန်းကနေ ပြန် အထွက်ပြီးမှာတော့ ကျွန်တော်တို့ရဲ့ ကျွန်းပတ်လေ့လာရေးခရီးစဉ် ပြီးဆုံးခဲ့ကာ သူဌေးကျွန်းဆီ ပြန် လည်ခုတ်မောင်းလာခဲ့သည်။ ကျွန်တော်တို့ သွားလာခဲ့သည့် ကျွန်းစုများကို နေရှင်နယ် ဂျီအို ဂရက်ဖစ်၏ အကောင်းဆုံးခရီးစဉ် ဒေသများစာရင်းတွင် ၂၀၁၅ က ထည့်သွင်းဖော်ပြခြင်းခံရသည်။ ကမ္ဘာတစ်ဝန်း ဒေသ ၂၁ ခု ရွေး ချယ်ခဲ့ရာ မြိတ်ကျွန်းစုဒေသမှာ နံပါတ် (၁၁)ဖြင့် ပါဝင်ခဲ့ခြင်းဖြစ် သည်။
မြိတ်ကျွန်းစုများတွင် ကျွန်း ပေါင်း ၈၀၀ ကျော်ရှိသည့်အနက် အချို့ကျွန်းများကို ခရီးသွားဒေသ အဖြစ် ဖော်ဆောင်ရန်စီစဉ်နေပြီ ဟု သတင်းကြားရသည်။ သူဌေး ကျွန်းတစ်ဝိုက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်နေ သူ Grand Andaman လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမျိုး ဝင်းသန်းက ‘‘ပြည်ပမှာ သွားလည်တာကတော့ ခရီးဝေးတယ်။ အ လုပ်ပျက်တယ်။ နောက်တစ်ခုက ကိုယ့်ပိုက်ဆံက နိုင်ငံခြားသွားတာဖြစ်တဲ့အတွက် နိုင်ငံခြားကို ထွက် သွားတယ်။ အဲဒီခံစားချက်မျိုး နိုင်ငံခြားနဲ့မခြား တချို့နိုင်ငံထက် တောင် ပိုသာသေးတဲ့ ကိုယ့်ပြည် တွင်းက ခရီးစဉ်လေးကို လာပြီး တော့ ကြည့်ကြည့်ပါ။ မြည်းစမ်း ခံစားကြည့်ပါ။ အပန်းဖြေကြည့် ပါလို့ ဖိတ်ခေါ်ချင်ပါတယ်’’ဟု ဆိုသည်။
မြိတ်ကျွန်းစုခရီးစဉ်များကို ပြည်တွင်းခရီးသွားလုပ်ငန်းများ ကလည်း စိတ်ပါဝင်စားစွာ စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ သို့သော် ခရီးစဉ်ဈေးနှုန်းက ပြည်ပနှင့် သိပ်မကွာခြား၍ ပြည်ပထွက် တာ ပိုတန်တယ်ဟု ယူဆကြ သည့် ခရီးသွားတွေကလည်း ရှိ သည်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝအတိုင်း ရှိနေသေးသော အပျိုစင် မြိတ်ကျွန်းစုအလှတရားများက တော့ လာရောက်သူများကို ကိုယ့် မြန်မာပြည်တွင်းမှ ဟုတ်ပါရဲ့လားဟု အံ့ဩမှင်တက်မှု ဖြစ်စေမည် ကတော့ သေချာလှတော့သည်။

Monday, May 9, 2016

တောမှာပဲ ပျော်ပါတယ်

တံတားဦးမြို့အတွင်းရှိ ထနောင်းကိုင်း၊ စကားတဲကျေးရွာဒေသခံများ၏ နေ့စဉ်ဘ၀ လူနေမှုမြင်ကွင်းအချို့ (ဓာတ်ပုံ-ညီညီဇော်)
တစ်ဆောင်းတွင်းလုံး ခိုက်ခိုက်တုန်အောင် ချမ်းခဲ့ရသည့် အညာသည် တပေါင်းလဆန်းသည်နှင့် ပူလောင်အိုက်စပ်မှုတွေနှင့်အတူ နွေကိုကြိုလာခဲ့သည်။ နဂိုကမှ ခြောက်သွေ့လွန်းလှသည့် အညာသည် နွေဦးကာလမှာ ပို၍တောင်ခြောက်ကပ်ကပ်နိုင်လာခဲ့သည်။ သို့သော် ညဥ့်နက်ပိုင်းနှင့် နံနက်ခင်းအချိန်တွေမှာ အေးမြသည့်အငွေ့ အသက်ကလေးတွေ ရနေပေလို့ ခံသာသေးသည်။
ပူအိုက်လွန်းလှသည့် အညာနွေနေ့လယ်ခင်းတစ်ခုဝယ် တံတားဦး-မြို့သာ လမ်းနံဘေးရှိ ထနောင်းကိုင်းရွာအနီး ထန်းတောအတွင်းမှ တဲငယ်လေးတစ်ခုအတွင်းတွင်တော့မီးဖိုခြောက်ဖိုဖြင့် အလုပ်များနေသူ အမျိုးသမီးတစ်ဦးရှိနေသည်။ ထိုအမျိုးသမီးကတော့ ထန်းလျက်ကျိုနေသူ ထန်းသမားမယားမနုဖြစ်သည်။ ဖိုထားသည့် မီးဖိုခြောက်ဖိုနှင့် ပွက်ပွက်ဆူနေသည့် ဒယ်အိုးများ၏ အပူဓာတ်များက မနုခန္ဓာကိုယ်ဆီလာရိုက်ခတ်ကာ ချွေးတွေ တစက်စက်ကျလာစေခဲ့သည်။
သည်လောက်ပူလောင်နေသည့် ရာသီဥတုကြားထဲ မီးအပူတွေကြား စိတ်မညစ်ဘူးလားဟု မေးတော့ ‘‘မီးကပူ နေကပူတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ စိတ်မညစ်ပါဘူး။ တောလုပ်ငန်းသဘာဝဆိုတော့ လုပ်ရတာပဲ’’ဟု ပြောရင်း မနုက ရယ်ပြပါသည်။ မီးအပူ၊ နေအပူသာမကသေးပါ။ ထန်းလျက်လုံးသည့်အခါတွင်လည်း ပူနေတုန်းလုံးရ သဖြင့် လက်တွေအတော်ပူသည်ဟု မနုကပြောပြသည်။ သို့သော် မနုမျက်နှာကတော့ စိတ်ညစ်ပုံတစ်စက်ကလေးမှမပြ။
မနုတို့ ထန်းသမားမိသားစုနေထိုင်သည့် တဲအိမ်လေးအတွင်းမှာ ဝါတာကူလာ(ရေအေးစက်)ရှိမနေပါ။ သို့သော် စိုဖတ်နေသည့် သဲအိုးလေးကတော့ တဲထောင့်လေးတွင် ရှိနေသည်။ ထိုသဲအိုးလေးထဲမှရေက သဘာဝအအေးမို့ ဝါတာကူလာထဲက ရေထက်ပင်သာ၍သောက်လို့ကောင်းသည်။ နောက်ပြီး မနုတို့ တဲအိမ်လေးထဲတွင် ပန်ကာတို့၊ အဲကွန်း(လေအေးပေးစက်)တို့လည်း တပ်မထားပါ။ ထန်းလက်မိုး၊ ထန်းလက်ကာတဲအိမ်လေး။ သို့သော် တစ်ချက်တစ်ချက်ဝေ့တိုက် လာသည့် သဘာဝ လေအေးလေးတွေက ချွေးစက်တို့ကို တိတ်စေလေသည်။
မနုလင်သား ထန်သမားကို မောင်ကျော်သည်လည်း မနု အတိုင်းပင်။ အပူဒဏ်ကြောင့် ထန်းတက်ရသည်မှာ ပိုပင်ပန်း သော်ငြား လုပ်ရိုးလုပ်စဉ်မို့ ပင်ပန်းသည်မထင်တော့။ နံနက် ခင်းနှင့် ညနေပိုင်းတွေမှာထန်း တက်ပြီး နေပြင်းချိန် နေ့လယ် ခင်း လုပ်ငန်းနိုင်လျှင် အရိပ် အာဝါသကောင်းသည့် သစ်ပင် အောက် တစ်ရေးတမောအိပ် မည်။ သို့တည်းမဟုတ် ထန်း လုပ်ငန်းအတွက် လိုအပ်တာတွေ ပြင်ဆင်ချင်ပြင်ဆင်နေမည်ဟု ကိုမောင်ကျော်က အပြုံးချိုချိုဖြင့် ဆိုသည်။
ကိုမောင်ကျော်တို့၊ မနုတို့ ကတော့ ထန်းလုပ်ငန်းလုပ်ကိုင် သူတွေမို့ နွေရာသီကာလ ပိုမို အလုပ်များကြရသည်။ တံတားဦး မြို့နယ် စကားတဲရွာက အဘွား ဒေါ်ကြင်နုတို့ကတော့ နွေရာသီ ဆို အေးအေးဆေးဆေး တကယ့် ဟောလီးဒေး။
အဘွားဒေါ်ကြင်နုတို့ အမျိုး သမီးတစ်သိုက် တံတားဦး- မြို့သာလမ်းနံဘေး လယ်ကွင်း အတွင်းရှိ အရိပ်အာဝါသကောင်း လှသည့် သရက်ပင်ကြီးတစ်ပင်နား တွင် စုဝေးနေကြသည်။ သရက် ပင်ကြီးအနီးတွင် ရေတွင်းတစ် တွင်းလည်းရှိသည်မို့ သာ၍အေး နေပါသည်။ အဘွားဒေါ်ကြင်နုက အသက် (၆၅)နှစ်ရှိပြီ။ တောင်သူ သိမ်းချိန်မို့ အဘွားက ရေသွင်း ထားသည့် လယ်ထဲက ငါးပေါက် စလေးတွေကို နေပူကြီးထဲ သွား ဖမ်းနေတာဖြစ်သည်။ ငါးရသည် က နည်းနည်း၊ ရွှံ့ဗွက်တွေပေလာ သည်က များများ။ ရွှံ့ဗွက်တွေ လူးထားသည့် ငါးများကို ရေတွင်းတွင် လာဆေးနေခြင်းဖြစ်သည်။
အခြားအမျိုးသမီးတွေက တော့ နွားကျောင်းရင်း နေ့ခင်း နေ့လယ်ဘက် အပူရှိန်ပြင်းထန် ချိန် အရိပ်ကောင်းလှသည့် သရက်ပင်အောက် လာစုကြတာဖြစ် သည်။ နွားကျောင်းလာကြသူတွေ မို့ အပူဒဏ်သက်သာအောင် သနပ်ခါးထူထူ လိမ်းလာကြ သည်။ နေပူဒဏ်ခံနိုင်အောင် ပုဆိုးတွေခြုံလာကြသည်။ လက် ထဲမှာလည်း ရေဒီယိုလေးတစ်လုံး ဖြင့် သီချင်းတွေနားထောင်ကြ သည်။
အိမ်မှာကျန်ခဲ့သူတွေက လည်း တောင်သူလုပ်ငန်းမရှိ၍ နံနက်အစောကြီးထရန်မလို။ ထမင်းဟင်းချက်ပြုတ် နေ့ခင်း နေ့လယ်ဘက် တစ်ရေးတမော အိပ်၊ တီဗီကြည့်ဖြင့် နွေရာသီ ကာလရှည်ကို ဖြတ်သန်းကြ သည်။ သို့သော် တောသူတောင် သားများ အလုပ်နဲ့လက် မပြတ် ချင်ကြသူတွေမို့ တောင်သူလုပ် ငန်းသိမ်းချိန်မှာ နွားကျောင်းတာ တို့၊ ရက်ကန်းရက်တာတို့အပြင် နီးစပ်ရာအလုပ်ကြမ်းလေး ဘာ လေးတွေ  ဝင်လုပ်ကြသူတွေလည်းရှိသည်။ နေပူတာတွေဘာတွေ သူတို့ဂရုမစိုက်တတ်ကြ။
သင်္ကြန်အပြီး မိုးဦးကျလာပြီ ဆိုလျှင် နှမ်းကြဲမြေပဲနုတ်တာတွေ လုပ်ရတော့မည်။ မိုးမကျခင်လေးနွေရာသီဟောလီးဒေး ကာလတွေကို တပျော်တပါးကြီး ဖြတ်သန်းခွင့်ရတာဖြစ်သည်။ အဘွား ဒေါ်ကြင်နုကတော့ နွေရာသီဆို ငယ်ငယ်ကတည်းက ပျော်သည်ဟုဆိုသည်။ တစ်လျှောက်လုံး ပင်ပန်းလာခဲ့၍ ပေါ့ပေါ့ပါးပါး နေထိုင်ခွင့်ရသည့် ကာလလေးမို့ ပျော်ဟန်တူသည်။
အပူရှိန်ပြင်းထန်လာပြီဖြစ် ၍ နွေရာသီကာလတွင် ပြုလုပ်ရန် မသင့်သည့် အပြုအမူများကို လည်း တောသူတောင်သားတွေ ပေမယ့် သိကြသည်။ နံနက်၁၀ နာရီနောက်ပိုင်း နေအပူရှိန်ပြင်း သည့်အချိန် ရေချိုးဆင်ခြင်ကြ သည်။ အရိပ်အာဝါသကောင်းလှ သည့် ညောင်ပင်တို့၊ သရက်ပင် တို့အောက်မှာ ခိုကြသည်။ ပူပြင်း စူးရှလွန်းလှသည့် အညာနွေကို အညာသူအညာသားများ ကြောက်လန့်ပုံမရ။ ‘‘ကြောက်နေ လို့လည်း ဖြစ်မှမဖြစ်တာ’’ဟု နွား ကျောင်းနေသည့် အမျိုးသမီးတစ် ဦးက ဆိုသည်။
နွေကတော့ စမည်ကြံခါရှိ သေး ဇာတိက ကောင်းကောင်းပြ နေလေပြီ။ ဒီနှစ်က အပူပေါ် အပူ ဆင့်သလို အယ်လ်နီညိုနှစ်ဖြစ် တာကြောင့် အပူစံချိန်တင်မည်ဟု ဆိုသည်။ သင်္ကြန်အပြီးကာလ ကဆုန်၊ နယုန်နှင့် တော်သလင်း လတွေ ဖျပ်ဖျပ်လူးကာ ဖြတ်သန်း ရဦးမည်မှာ သေချာလှသည်။ သို့သော် သူတို့ပုံစံတွေက အညာကိုစွန့်ခွာမည့်ဟန် တစ်စက် ကလေးမှမပြ။ လူတွေ၊ ကားတွေ ဖြင့် ပြည့်သိပ်ကျပ်နေသည့် မြို့ပြလမ်းမတွေပေါ် ဖြတ်သန်းချင်ပုံ မရကြပါ။ မြင့်မားလှသည့် တိုက်တာတွေကြား၊ ပူးကပ်နေသည့် လူနေအိမ်ခြေ တိုက်တာတွေ အကြား ဝေ့တိုက်လာသည့် လေပူတွေကို ခံစားချင်ပုံမရကြပါ။ ဖန်တီးထားသည့် လေအေးစက် တွေကြားထဲလည်း နေချင်ပုံ မရ ကြပါ။
လယ်ကွင်းတွေထဲက ဖြတ် သန်းတိုက်ခတ်လာသည့် လေနု အေးလေးတွေကိုသာ အေးအေး သက်သာ ခံစားလိုကြသည်။ အရိပ်အာဝါသကောင်းလှသည့် အပင်ကြီးတွေအောက်မှာ လေ ကလေးတဖြူးဖြူးဖြင့် အပူအပင် ကင်းမဲ့ကာ အိပ်စက်လိုကြသည်။ သဘာဝသဲအိုးထဲက ရေအေး အေးကိုသာ ခေါင်းမဖော်တမ်း သောက်လိုကြသည်။ သဘာဝ တရားကြီးကတော့ သူအချိန်နှင့် သူ အေးလိုက်၊ စိုစွတ်လိုက်၊ ခြောက်သွေ့လိုက်ဖြင့် ရာသီတွေ အလီလီ အလှည့်ကျ ပြောင်းလဲ ပေးနေခဲ့သည်။
ကျေးလက်နေ တောသူ တောင်သားများကတော့ သဘာဝ ကပေးသည့် သံသရာစက်ဝန်း အတိုင်း အလှည့်ကျနေထိုင်ဖို့ အသားကျနေခဲ့ပါပြီ။ အစွန်း ရောက်ရာသီဥတုများအကြား ကြံ့ကြံ့ခံ နေထိုင်ခဲ့ရသည့် ကာလတွေက များလှပြီမဟုတ်ပါလား.

သရက်သီးကင်းပေါ်ချိန်


ဓာတ်ပုံ-ညီညီဇော်
တပေါင်းလဆန်းသည်နှင့် နွေရာသီသရုပ်သကန်တွေက နေ့ခင်းပိုင်းတွေမှာ သိသိသာသာပြလာသည်။
နေ့ခင်းဘက် လမ်းပေါ်ထွက်ရမှာ အတော်ကြောက်မိသည်။ ပူလွန်း၍ဖြစ်သည်။ မဖြစ်မနေ လမ်းပေါ်အလုပ်ထွက် လုပ်နေရသူတွေ ဘယ်လိုနေမည်မသိ။
ရာသီဥတုပူတော့ အစားအသောက်ပါ ပျက်လာသည်။ ပူပူလောင်လောင် ရာသီဥတုထဲ ထမင်းပူ၊ ဟင်းပူတွေ မစားချင်။ စားလည်း နည်းနည်း။ လူကြီးသူမတွေဆို ပိုပြီးတောင် အစားအသောက်ပျက်ရှာမည်။
သို့သော် ရာသီဥတုပူ၍ အစားအသောက်ပျက်နိုင်သော် လည်း ရာသီစာလေးတစ်မျိုး ကြောင့်တော့ ခံတွင်းလိုက်နိုင်ပါ သေးသည်။ အခြားမဟုတ်။ သရက်သီးကင်းလေးတွေဖြစ်သည်။ ကျွန်တော်တို့ ခပ်ငယ်ငယ်တုန်းက တော့ အိမ်နားမှာ သရက်ပင်တွေ ရှိသည်မို့ ယခုလို နွေဦးလေရူးတစ် ချက်တစ်ချက် သုတ်လိုက်ချိန် ကြွေကျလာသည့် သရက်သီး ကင်းလေးတွေ အပြေးသွားသွား ကောက်ကြသည်။
သရက်ပင်ပိုင်ရှင်တွေက လည်း အပင်ပြတ်ရောင်းပြီးသား မို့ အပင်ပေါ်က သရက်သီးသာ မျက်စောင်းမထိုးနှင့် ကြွေကျလာ သည့် သရက်ကင်းတော့ ရှောရှောရှူရှူကောက်ခွင့်ပြုပါသည်။ ကောက်၍ရလာသည့် သရက် ကင်းလေးတွေကို အိမ်သောက် ရေအိုးစင်အောက်က ရေခံထား သည့် စဥ့်ထည်ခွက်အင်တုံလေး ထဲ စိမ်ထားလိုက်သည်။ ထမင်း စားခါနီးမှ ရေစိမ်ထားသည့် သရက်ကင်းလေးတွေကိုယူ ဓား ဖြင့်လေးခြမ်းစိတ်ကာ ဇလုံလေး ထဲရေစိမ်ပြီး ထမင်းစားပွဲဝိုင်းပေါ် တင်သည်။ ခရမ်းချဉ်သီးကလည်း ပေါပေါများများ ရနေသေးသည်မို့ ခရမ်းချဉ်သီးငါးပိချက်တို့၊ ငံပြာ ရည်ဖျော်တို့နှင့်ဆို သရက်ကင်း လေးတွေက လိုက်မှလိုက်။
ကျွန်တော်တို့ အမရပူရမြို့ နယ်ထဲပါသည့် ကျေးရွာတချို့ တွေမှာလည်း သရက်ခြံတွေ အ မြောက်အမြားရှိပါသည်။ ဒုဋ္ဌဝတီ မြစ်မြောက်ဘက်ကပ်လျက်က ကျေးရွာတွေမှာ သရက်ခြံတွေက အပြည့်။ ထိုမှတောင်ဘက်ဆက် မည်ဆိုလျှင် စဥ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ ဟန့်မြင့်မိုရ် အစရှိသည့်နေရာတွေမှာလည်း သရက် ခြံတွေက အုံ့အုံ့ဆိုင်းဆိုင်း။
စိန်တလုံး၊ ဟင်္သာ၊ ငမောက်၊ရင်ကွဲ အစရှိသည့် သရက်သီး အမျိုးအစုံရှိသည့်အနက် ရင်ကွဲ၊ငမောက်နှင့် အကြမ်းသီးမျိုးတွေ ၏ သရက်ကင်းလေးတွေက ပိုစား၍ကောင်းသည်ဟု အမရပူရမြို့ နယ်ထဲရှိ မိကျောင်းတက်ကျေး ရွာမှ သရက်သီးစိုက်တောင်သူ ဦးတင်အေးက ပြောပြပါသည်။ ရင်ကွဲသီးဆိုလျှင် သခင်ချစ်မျိုး။ သူ့ကိုဆေးတစ်ခါလောက် ဖျန်း ပေးရုံဖြင့် တအားသီးသည်။ သီး လွန်း၍ သူ့အပင်သူမနိုင်တော့။ ယခုလို အပူရှိန်ပြင်းထန်ချိန် အ ပေါ်ကပူ၊ အောက်က ရေဖျန်း ပေး၍ အငွေ့တက်ချိန်ပေါင်းကာ အကင်းတွေတဖြုတ်ဖြုတ် ကြွေကျသည်။
မသိလျှင်တော့ အကင်းဘဝ မှာတင် ကြွေကျကုန်၍ နှမြောချင် စရာ။ သရက်သီးစိုက်သူတွေက သရက်ကင်းကြွေသည်ကို သားခွဲ သည်ဟု ခေါ်သည်။ အပင်ပေါ်မှာ အသီးတွေ ကျပ်နေလျှင် အသီး တွေမလှတတ်။ ခပ်ကျဲကျဲလေး သီးမှသာ သရက်သီးလှလှလေး တွေ ထွက်တတ်သည်။ ယခုအခါ သဘာဝအတိုင်း ကြွေကျတာအ ပြင် လူကလည်း သားခွဲပေးလာရ သည်။ ပြွတ်ခဲနေသည့်အထဲက သရက်ကင်းလေးတွေကို ခွဲထုတ် ချရသည်။ နောက်ပြီး သရက်ကင်း က လေကြွေသီးထက် ခူးချသည့် အသီးက ပို၍လတ်ဆတ်ကာ သာ ၍စားကောင်းသည်။ ထို့ကြောင့် ဈေးကွက်မှာကျ ဈေးကောင်းရ သည်။ ပေါ်ခါစ တပို့တွဲလတုန်း လောက်ကဆိုလျှင် သရက်ကင်း တစ်ပိဿာ နှစ်ထောင်၊ သုံး ထောင်ခန့်အထိ ဈေးရသည်ဟု သရက်သီးစိုက်တောင်သူ ဦးတင် အေးက ပြောပြသည်။
သရက်ကင်းလေးတွေက ဆိမ့်သည်။ ချိုသည်။ အချဉ်ဓာတ် ကလေးပါသည်။ သရက်ကင်းကို သုံးနာရီလောက်တော့ ရေစိမ်ပေး ရသည်။ အစေးဓာတ်တွေ ထွက် သွားအောင်ဖြစ်သည်။ သိပ်ကို စားချင်လွန်း၍ ကောက်ပြီးပြီးချင်း စားမည်ဆိုလျှင်တော့ ချောင်းဆိုး တာတွေ၊ အသံကပ်တာတွေဖြစ် နိုင်သည်။ သရက်ကင်းက ဆီးချို တို့ ဘာတို့ ရောဂါတွေလည်း ကာ ကွယ်နိုင်သည်။ ရာသီဥတုဒဏ် လည်း ခံနိုင်သည်။ အားလည်းဖြစ် စေသည်ဟု ဦးတင်အေးက ပြော ပြသည်။
သရက်ကင်းကို တချို့က လှီးကာ ခရမ်းချဉ်သီးလေး၊ ပုစွန် ခြောက်လေးဖြင့် ချက်စားသည်။ သိပ်များလာပြီဆိုလျှင်တော့ အ မြှောင်းလေးတွေခြစ်ပြီး ဆားရည် လေးစိမ်ကာ ထားတတ်သည်။ သရက်သီးဆားပေါက်ဟု ခေါ် သည်။ အလှူအတန်းတွေရှိလျှင် ထိုသရက်သီးပေါက်လေးတွေက အသုံးဝင်သည်။
ပြာသို ကြက်ချေးဥ၊ တပို့တွဲ ပန်းပွင့် အကင်းဝင်၊ အကင်းသီး၊ တပေါင်းမှာ ထောင်းစားဟု သရက်သီးနှင့်ပတ်သက်၍ စာချိုး ထားကြသည်။ သရက်ပင်တွေက ပြာသိုလမှာ ကြက်ချေးနှင့် သဏ္ဌာန်တူသည့် ပွင့်တော့မည့် အဖူးလေးတွေ ပေါ်ထွက်လာတာ ကို ဆိုလိုခြင်းဖြစ်သည်။ တပို့တွဲ လမှာတော့ သရက်ပန်းမှတစ်ဆင့် သရက်ကင်းလေးတွေ ထွက်ပေါ် လာပြီး တပေါင်းလမှာတော့ သရက်သီးတွေ လှိုင်လှိုင်ပေါ် ထွက်လာကာ ထောင်းစား၍ရပြီ ဖြစ်သည်။ သရက်သီးထောင်းက လည်း စားလို့ကောင်းပါသည်။ ငါးပိလေး၊ ကြက်သွန်လေးဖြင့် ထောင်းစားကြတာဖြစ်သည်။
ဖြတ်ထိုးဉာဏ်မရှိ လူပုံအ လယ်မှာ မပြောတတ်၊ မဆိုတတ် သည့် လူငယ်တွေကို လူကြီးတွေ က မင်းကွာ အကင်းအညှာမရှိ လိုက်တာဟု ပုံခိုင်းပြောဆိုတတ် ကြသည်။ သရက်ပင်မှာ သရက် ကင်းလေးတွေ များများရှိလာ အောင် ထားတတ်သိုတတ်ဖို့လို သလို လူပုံအလယ်မှာလည်း သူ့ နေရာနှင့် တန်သည့်စကားပြော တတ်ဆိုတတ်ဖို့လိုသည်ဟု ဆိုလို ခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောပြပါသည်။
အမှည့်တဝင်းဝင်း အကင်း တဖုတ်ဖုတ်ဆိုသည့်စကားလည်း ရှိပါသည်။ အမှည့်ဘဝပင် မရောက်ရှာဘဲ အကင်းဘဝမှာပင် ကြွေကျသွားသည့် သရက်ကင်းလေးတွေကို ရည်ရွယ်ခြင်းဖြစ်ပါ လိမ့်မည်။ သဘာဝအတိုင်း ကြွေကျခဲ့ရသည့် သရက်ကင်းလေး တွေထက် သရက်တစ်ပင်လုံး အ သီးတွေအောင်ဖို့ ခြွေချခံရသည့် သရက်ကင်းလေးတွေက ပို၍စား ကောင်းသည်မို့ လူတွေက မက် မက်စက်စက်ရှိလွန်းလှပါသည်။ ဈေးလည်းကြီးလွန်းလှပါသည်။ တကယ်တော့ သရက်ကင်းဘဝ မှာတင် ကြွေရကြွေရ သရက်သီး ဘဝထိ နေရနေရ တန်ဖိုးရှိအောင် ထားတတ်ဖို့က အဓိကပင် မဟုတ်ပါလား။

စိုမှာစိုးသည် မိုးရာသီ

သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့   မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...